ဥက္ကဋ္ဌချန်းက နတ်ဘုရားမလေးအတွက် Lightstick ဝှေ့ယမ်းပေးခဲ့ကြောင်း၊ သာမာန်ပရိသတ်တစ်ဦးလို လက်ခုပ်တီးကာ အားပေးခဲ့ကြောင်း၊ နတ်ဘုရားမလေး နေမကောင်းသည့်အတွက် ရိုက်ကွင်းသို့ပင် တကူးတက လိုက်လာခဲ့ကြောင်း စသည်ဖြင့်၊ စံထားလောက်သည့် ထိုအမျိုးသားက နတ်ဘုရားမလေးနှင့် တကယ့်ကို လိုက်ဖက်ကြောင်း တင်ထားလေသည်။

ထို့နောက်တွင်မူ ‘ရနံ့မမွှေးတော့တဲ့ နှင်းဆီပန်းတွေ’ ဟူသည့် Weibo Acc တစ်ခုမှ တင်ထားသော ပို့စ်သည် ပရိသတ်များစွာကို ဝမ်းနည်းမျက်ရည်ကျစေခဲ့၏။

ရနံ့မမွှေးတော့တဲ့ နှင်းဆီပန်းတွေ : “အမှန်အတိုင်းပြောရရင် နတ်ဘုရားမလေးရဲ့ ချစ်သူကောင်လေးက ချန်းရှီကွေ့ဆိုတာ သိလိုက်ရတုန်းကလေ ငါ အရမ်းကြောက်သွားတာ။ လူချမ်းသာတွေရဲ့ လောက,က ဘယ်လောက်အထိ ရှုပ်ထွေးသလဲဆိုတာ ကိုယ်တိုင် မကြုံတွေ့ဖူးရင် နားလည်မှာမဟုတ်ဘူးလေ။ နတ်ဘုရားမလေးက အခက်အခဲတွေအများကြီး ကြုံတွေ့ခဲ့ရသလို အများကြီး နာကျင်ခံစားခဲ့ရပြီးပြီ။ အဲ့ကိစ္စတွေကို ပြန်တွေးမိတိုင်း ရင်နာလွန်းလို့ မျက်ရည်ကျရတယ်။ ကံကောင်းလို့ ဥက္ကဋ္ဌချန်းက နတ်ဘုရားမလေးအပေါ် အရမ်းကောင်းလို့ပေါ့။ အခုတော့ ငါ့ရဲ့ စိုးရိမ်စိတ်တွေကို ဖြည်းဖြည်းချင်း လျှော့ချလာနိုင်ပါပြီ။ ဥက္ကဋ္ဌချန်း.. ကျေးဇူးပြုပြီး နတ်ဘုရားမလေးအပေါ် ကောင်းပေးပါ။ ထပ်ပြီး မနာကျင်ရအောင်၊ မခံစားရအောင် ကာကွယ်ပေးပါ။ တစ်နေ့ သူမ အိုမင်းသွားရင်၊ ငယ်ရွယ်နုပျိုမှုတွေ မရှိတော့ရင်၊ ဒါမှမဟုတ် သူမရဲ့ ပရိသတ်တွေက တခြားတစ်ယောက်ကို ပြောင်းကြိုက်သွားကြရင်တောင် ကျေးဇူးပြုပြီး သူမကို ဆက်ချစ်ပေးပါ။ သူမကို ဝမ်းနည်းငိုကြွေးအောင် မလုပ်ပါနဲ့။ သူမမှာ နာမည်ကြီးသူငယ်ချင်းတွေကအစ အောင်မြင်ကျော်ကြားမှုအထိ အများကြီးရှိတယ်လို့ ထင်ရပေမယ့် သူငယ်ချင်းတွေမှာလည်း သူတို့ကာကွယ်ပေးရမယ့် တခြားလူတွေ ရှိနေသေးတယ်.. အောင်မြင်ကျော်ကြားမှုဆိုတာလည်း တစ်ချိန်ချိန်မှာ မှေးမှိန်ပျောက်ကွယ်သွားတတ်ပါတယ်။ သူမမှာ တကယ်ရှိတဲ့ တစ်ဦးတည်းသောသူက ရှင်ပါ.. ဥက္ကဋ္ဌချန်း။ ကျွန်မ ရှင့်ကို တောင်းဆိုပါတယ်.. ကျေးဇူးပြုပြီး သူမကို စိတ်ပျက်အောင် မလုပ်ပါနဲ့။ ကျွန်မတို့ ပရိသတ်တွေကိုလည်း စိတ်ပျက်ရအောင် မလုပ်ပါနဲ့။ ဒါက ရှင့်အပေါ် ကျွန်မရဲ့ တောင်းဆိုမှုပါ။”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now