Part 16

2.9K 173 5
                                    

Unicode

"မေမေကလဲ .. အမြဲတမ်း ဒီကိစ္စပဲ ပြောနေရတာပဲ"

"ဟဲ့ .. အဲ့စကား ငါကပြောရမှာပါ၊ နင့်ကို အပြင်ကိုခေါ်တယ်ဆိုတာလည်း တစ်နှစ်နေလို့တစ်ခါတောင် မရှိပါဘူး ကောင်းဆက်ရယ်"

မေမေက မကျေမနပ်ပြောရင်း မျက်စောင်းထိုးသည်။

"သူများသားသမီး နိုင်ငံခြားသွားတာလဲ သားနဲ့ဆိုင်တာပဲလား"

"လူမှုရေးဆိုတာရှိသေးတယ်လေ .. နင်လည်း အချိန်တန်ရင် ဒီအသိုင်းအဝိုင်းထဲမှာပဲ ရှင်သန်ရမှာ"

"မသိဘူးဗျာ၊ သား မလိုက်ချင်ဘူး"

"မလိုက်လို့ ဘယ်ကောင်းမှာလဲ၊ ကောင်းဆက် ... အပိုစကားတွေပြောရအောင် မလုပ်စမ်းနဲ့၊ နင့်အဖေနဲ့နင်နဲ့က အဲ့ဒါတွေကြောင့် အမြဲပြဿနာ တက်နေတာ"

ဟိုရက်က ညီသုတ သစ်သီးသွားပို့ရတဲ့အိမ်က အန်တီထားထားနွယ်ရဲ့သမီး အကြီး အိမ့်သက်က နိုင်ငံခြားသွားမှာမို့ သူ့အတွက် ပွဲလုပ်ပေးတာဟု ပြောသည်။ အဲ့ဒါကိုလည်း မိသားစုလိုက် သွားပြီး ဂုဏ်ပြုပေးရဦးမယ်တဲ့လေ။ စီးပွားရေးလောကဆိုတာ အဲ့လိုပဲ မလိုအပ်တာတွေကို စိတ်ထဲကမပါဘဲ လုပ်နေကြရတာပဲလား မသိပါ။

"ကောင်းဆက် .. မင်းကို ပြောနေရတာလည်း အက်ကြောင်းထပ်နေပြီ၊ အခန်းထဲမှာပဲ တစ်ချိန်လုံးနေပြီး ဘ၀ကိုဖြတ်သန်းလို့မရဘူး၊ မင်း ဒီလို ဟိုလူနဲ့မတွေ့ချင် ဒီလူနဲ့မဆက်ဆံချင် လုပ်နေလို့ရတာ မိဘတွေရှိနေလို့နော်"

အပေါ်ထပ်ကနေ ဆင်းလာတဲ့ ဖေဖေက စကားအချေအတင်ဖြစ်နေတဲ့ မေမေနဲ့ကျွန်တော့် ကိုတချက်ကြည့်ကာ ပြောရင်း  ဆိုဖာမှာ ၀င်ထိုင်သည်။

"ဒါပေမဲ့ .. အခုဟာက မသွားလည်း ဖြစ်တဲ့ကိစ္စပဲကို"

"မင်းကို လူမှုရေးဆိုတာရှိတယ်လို့ပြောတာ နားမလည်ဘူးလား၊ ဘယ်နားလည်မလဲ မိဘရှာသမျှထိုင်သုံးနေလို့ရတဲ့ဘ၀ဆိုတော့ ဘယ်သူနဲ့မှ မပတ်သတ်ဘဲ တစ်ယောက်ထဲနေလည်း ရနေသေးတာပေါ့၊ အေး .. မိဘတွေ မရှိမှ သိမှာ၊ လူတောလည်း မတိုး၊ စီးပွားရေးလဲ ဘာမှ နားမလည်၊ မိဘတွေမရှိရင် ထမင်းတောင် ရှာစားနိုင်မလား ကြည့်ချင်သေးတယ်"

Love & HurtWhere stories live. Discover now