Part 3

6.8K 321 10
                                    

Unicode

မနက်အစောကြီးထဲကနိုးနေပြီး ကော်ဖီတစ်ခွက်တောင်သောက်မထားဘဲ လှေကားမှာ ထိုင်နေမိသည်။ ပြောရရင် ညထဲက ကောင်းကောင်းအိပ်မပျော်တာပါ။ ဘာကို စိုးရိမ်လို့ စိုးရိမ်နေမှန်းမသိတဲ့စိတ်ကြီးနဲ့၊ ကိုယ့်အိမ်က ဧည့်ခန်းထဲထိုင်နေဖို့ ကိစ္စကို ဒီလောက်ထိ ဖြစ်ပျက်နေဖို့မလိုဘူးဆိုတာလည်း သိသည်။ ဒါပေမဲ့လည်း လုပ်ယူထားတာမဟုတ်တဲ့ စိတ်က ကြောက်တာတစ်၀က်၊ စိတ်ရှုပ်တာတစ်၀က်နဲ့ တကယ်ပဲနေရခက်ပါသည်။

ရှစ်နာရီကျော်လောက်မှ မေမေတို့ နိုးလာကြပြီး မနက်စာစားဖို့ပြင်၊ ထမင်းချက်ဖို့ အိမ်ကအဒေါ်ကြီးကို မှာနေသံတွေလည်း ကြားရသည်။ ကျွန်တော်ကတော့ လှေကားမှာပါပဲ။ မနက်စာ ဆင်းစားဖို့ခေါ်တာကိုလည်း ခေါင်းပဲခါပြလိုက်မိသည်။ အဖေနဲ့အမေကတော့ ကျွန်တော့်ကို ဘာတခွန်းမှ မေးမြန်းခြင်းမျိုးမရှိဘဲ လုပ်စရာရှိတာကို တက်တက်ကြွကြွလုပ်နေကြသည်။ မေးလည်း ဖြေစရာမရှိပါဘူး။ ဘာဖြစ်နေလဲ ကိုယ်တိုင်တောင် သိမှ မသိတာ။

"သား အ၀တ်အစားသွားလဲဦးလေ"

ဆယ့်တစ်နာရီလောက်မှာ မေမေက အောက်ကနေလှမ်းအော်ပြောသည်။ ကျွန်တော် ဘာမှ တုံ့ပြန်မနေတော့ဘဲ အခန်းထဲ၀င်ပြီး တွေ့တဲ့ အ၀တ်စားတစ်စုံပဲ ကောက်လဲလိုက်သည်။ စောစောက ၀တ်ထားတာမဟုတ်ရင် ပြီးရောမဟုတ်လား။ ခနနေတော့ ကားသံတွေ လူသံတွေနဲ့ အိမ်ရှေ့မှာ ဆူညံလာတဲ့အချိန်မှာ ကျွန်တော် ထမင်းစား စားပွဲမှာ ကြိုထိုင်နေလိုက်သည်။ မေမေပြောသလိုပဲ ထမင်းစားပြီး ဧည့်ခန်းမှာ နာရီ၀က်လောက်ထိုင်ပြီးတာနဲ့ အခန်းထဲပြန်၀င်မှာ လို့ပဲ ထပ်တလဲလဲတွေးမိနေသည်။

ခနေနေတော့ ပြင်ဆင်ပြီးတဲ့ထမင်းစား စားပွဲမှာ ရယ်မောသံ၊ စကားပြောသံတွေနဲ့ လူ ၉ ယောက်လောက် ထိုင်နေပြီး ဖြစ်သွားသည်။ မိသားစုနှစ်စု လာပုံရပြီး မိသားစုတစ်ခုက မိဘနှစ်ပါးစလုံးပါသည်။ နောက်မိသားစုကတော့ အမေဖြစ်သူနဲ့ သူ့သားတစ်ယောက်။ ထမင်းစားပြီးတော့ ဧည့်ခန်းထဲပြောင်းထိုင်ကြသည်။ လူကြီးတွေရဲ့ အလုပ်အကိုင်အကြောင်းတွေ ပြောဆိုရင်း၊ သားသမီးတွေက ဘာကျောင်းတက်နေတယ်၊ ဘာတွေလုပ်နေတယ် အပြိုင်ပြောဆိုကြတဲ့ အချိန်မှာတော့ ကျွန်တော် ခေါင်းပဲငုံ့ထားမိပါသည်။

Love & HurtWhere stories live. Discover now