Intro

28.5K 589 43
                                    

Unicode

ကျွန်တော် ချစ်လိုက်မိသမျှ အရာတွေဟာ သေဆုံးသွားတယ်။

ပြောရမယ်ဆိုရင် ကျွန်တော် ချစ်တယ်၊ တန်ဖိုးထားတယ်ဆိုပြီး ပိုင်ဆိုင်ဖို့ ကြိုးစားလိုက်တာနဲ့ အဲ့ဒီအရာလေးဟာ မူလဖြစ်တည်မှုကနေ ပျက်စီးသွားတော့တာပဲ။ ပြီးခဲ့တဲ့နှစ်တုန်းက ကြောင်ပေါက်စလေးတစ်ကောင်ကို သံယောဇဉ်ဖြစ်မိခဲ့တယ်။ ဘယ်တိရစ္ဆာန်ကိုမှ သိပ်မချစ်တတ်တဲ့ ကျွန်တော်က အဲ့ကြောင်ပေါက်လေးကို မြင်ထဲက အရိပ်တကြည့်ကြည့်နဲ့သဘောကျနေခဲ့တယ်။ လက်နဲ့ထိမိရင် နာသွားမှာစိုးလို့တောင် သူ့အမေကြောင်မကြီးနဲ့ အတူတကွရှိနေတာကိုပဲ ကြည့်ပြီး ချစ်ခဲ့တယ်။ သူအရွယ်ရောက်လာလို့ ချီပိုးလို့ရတဲ့အခါ ထွေးပွေ့ထားဦးမယ်လို့အတွေးလည်း ရှိတယ်။ ဒါပေမဲ့ အဲ့ဒီကြောင်လေးဟာ ရက်၂၀ ပဲ အသက်ရှင်ခဲ့တယ်။ အကြောင်းပြချက်မရှိ မရွှင်မလန်းဖြစ်ရာကနေ သူသေသွားခဲ့တယ်။ ကျွန်တော် ချစ်မိလို့များလားဆိုတဲ့ သံသယဟာ ဒီတစ်ခုထဲကြောင့် ၀င်ခဲ့တာမဟုတ်ပါဘူး။

ကျွန်တော်ငယ်ငယ်က အဖွားက ကျွန်တော့်ကို သိပ်ချစ်တယ်တဲ့။ မြေးဦးလေးမို့ လက်ပေါ်ကမချ အရိပ်တကြည့်ကြည့်နဲ့တဲ့။ ကျွန်တော်ကတော့ မသိခဲ့ပါဘူး။ အရမ်းငယ်နေသေးလို့ မမှတ်မိဘူး။ ကျွနိတော်မှတ်မိလိုက်တဲ့ အဖွားနဲ့ပတ်သတ်တဲ့ မှတ်မှတ်ရရဖြစ်ရပ်က ကျွန်တော် မူကြိုစတက်တဲ့နေ့မှာပါ။ မူကြိုကျောင်းကို စသွားရမဲ့နေ့မို့ ကျွန်တော်ဟာ အရမ်းငိုနေခဲ့တယ်ထင်တယ်။ အဖေရော အမေရောက ကျွ‌န်တော့်ကို ဆူပူနေခဲ့ကြတယ်။ အဲ့အချိန်မှာ ကျွန်တော့်မှာ အားကိုးရာမရှိဘူး။ မူကြိုကျောင်းကိုလည်း မသွားလိုက်ချင်ဘူး။ အိမ်မှာ အဆူခံနေရတာကိုလည်း ကြောက်နေခဲ့တယ်။ အဲ့အချိန် အဖွားက ကျွန်တော့်ကို ကောက်ချီ၊ အိတ်ကိုပါသူလွယ်ပြီး " ဟဲ့ ငါ့မြေးကို ငါလိုက်ပို့မှာပေါ့ " လို့ ပြောပြီး အိမ်က ထွက်လာလိုက်တယ်။ ငိုနေတဲ့ကျွန်တော့်ကို မျက်ရည်သုတ်ပေးပြီး မူကြိုကျောင်းကိုလည်း မပို့ခဲ့ဘူး။ လမ်းထိပ်က ဘုရားလေးမှာ ကျွန်တော့ကို ဆော့ခိုင်းထားပြီး ပြုံးပြီးကြည့်နေတဲ့အဖွားကို ထူးထူးခြားခြား မှတ်မိနေခဲ့တယ်။

Love & HurtKde žijí příběhy. Začni objevovat