အနုပညာလောကတွင် ‘သမီးရည်းစားဆက်ဆံရေး’ အမျိုးအစားများစွာ ရှိပေ၏။ ‘ဒီနေ့တွဲပြီး နောက်နေ့ပြတ်မလား၊ ဒီနေ့တင် မိန်းကလေးဘက်က နောက်တစ်ယောက် ပြောင်းကြိုက်မလား၊ နောက်တစ်ရက်ဆို ကောင်လေးက ကောင်မလေးအပေါ် ဖောက်ပြန်မှာလား၊’ စသည်ဖြင့် အချိန်နှင့်တပြေးညီ အတင်းအဖျင်းများစွာ ပေါ်ထွက်နေတတ်ပြီး ပွဲကြည့်ပရိသတ်များကို အဖွဲ့ကွဲအောင်၊ တစ်ဖက်နှင့်တစ်ဖက် အငြင်းပွားကြအောင် ဖန်တီးနေလေသည်။ အဆုံးမှာတော့ အဓိကဇာတ်လိုက်နှစ်ဦးက အတင်းအဖျင်းများကြား ပရိသတ်တိုးပြီး နာမည်ကျော်ကြားလာကာ ကြော်ငြာများ၊ ရုပ်ရှင်များမှ ကမ်းလှမ်းခံရတော့သည်။

ထို့ကြောင့် နဉ်ရှီနှင့် ချန်းရှီကွေ့တို့ တွဲနေကြောင်း သတင်းထွက်လာသောအခါ ဒါရိုက်တာက အတည်မထင်ဘဲ အနှေးနှင့်အမြန် ပြတ်ကြမှာပဲဟု တွေးထင်နေခဲ့သည်။

သို့သော် လက်ရှိအခြေအနေက သူထင်ထားသလိုမဟုတ်ဘဲ နဉ်ရှီအပေါ် ချန်းရှီကွေ့၏ ခံစားချက်က…..

‘ဒါတောင် အချစ်မဟုတ်သေးရင် ကမ္ဘာပေါ်မှာ အချစ်စစ်ဆိုတာ လုံးဝရှားပါးသွားပြီ..’ ဟူ၍သာ ပြောနိုင်တော့သည်။

“ရုပ်သံဌာနကို ရောက်လာပြီလား..?” ဒါရိုက်တာက အပေါ်ထပ်ဝတ်ကာ ဖုန်းထဲမှ ပရိုဂျူဆာကို လှမ်းပြောလိုက်သည်။ “ဝန်ထမ်းတွေ သူ့ကို ကောင်းကောင်း ကြိုဆိုထားရဲ့လားမသိဘူး.. ကျုပ် အောက်ဆင်းကြည့်ဦးမှပဲ..”

ချန်းရှီကွေ့ ယခုလိုရောက်လာရန် အလွန်ခဲယဉ်းသည်လေ။

ဖုန်းချပြီးနောက် သူက တိုင်ကပ်နာရီကို လှမ်းကြည့်လိုက်သည်။ လက်ရှိအချိန်ကား 5:30 PM… သူတို့အတွက် တစ်ခုခုစားရန် ဦးစွာစီစဉ်ပေးသင့်သည့် အချိန်ပင်။ ဒါရိုက်တာက ထိုသို့တွေးလိုက်ရင်း သူ၏ လက်ထောက်ကို ဟိုတယ်တစ်ခု၌ ညစာ စီစဉ်ခိုင်းလိုက်သည်။ ပြီးနောက် ‘The Unrivalled 2’ သရုပ်ဆောင်များကို သွားကြိုနေသည့် ဝန်ထမ်းအား ဆက်သွယ်ကာ ဟိုတယ်သို့ ပို့ဆောင်စေလိုက်သည်။

နဉ်ရှီသည် S မြို့တော်သို့ အကြိမ်အနည်းငယ်သာ ရောက်ဖူး၏။ အလုပ်ကိစ္စကြောင့် ရောက်လာသည်မှလွဲ၍ ဤသို့ ပျားပန်းခတ်မျှ စည်ကားလွန်းသော မြို့ကြီးကို မလည်ပတ်ဖူးပေ။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now