"လူဆိုတာ သေဆုံးခြင်းကိုအံတုလို့ ဖြစ်လာတဲ့ကောင်းကျိုး ဘာမှမရှိဘူး မောင်ကြီးဓန"

"အခုချိန်ထိ အရာအားလုံးအဆင်ပြေနေခဲ့တာပဲလေ နှမတော်။ မောင်ကြီးက သေရမှာကြောက်တဲ့လူမျိုး မဟုတ်ပါဘူး။ မောင်ကြီးကနှမတော်နဲ့ မောင်ကြီးရဲ့ သွေးသားဖြစ်တဲ့ သား ကိုမခွဲနိုင်သေးတာနှမရဲ့။ ဘာဖြစ်လို့ နှမတော်ကမောင်ကြီးကို အဲ့လောက်မြန်မြန်သေစေချင်နေရတာလဲ"

ထိုအမျိုးသား၏ ရင့်သီးလာသည့်စကားလုံးတို့အောက် အမျိုးသမီးဖြစ်သူက သက်ပြင်းကိုခပ်လေးလေးချ၏ ထိုနောက် ခနဲ့သလိုတစ်ချက်ပြုံး၏

"မခွဲနိုင်သေးလို့....အဟင်း.....နှမတော်ကိုဘယ်လောက်ချစ်ကြောင်းက စံအိမ်အောက်ထပ်မှာရှိတဲ့ မောင်ကြီးရဲ့ ဇနီးနဲ့သားသမီးတွေက သက်သေပဲပေါ့။ ဟုတ်စ။ သားတော်အကြောင်းကိုတော့ ဖြစ်နိုင်ရင်မောင်ကြီးပါးစပ်က တစ်ခွန်းတောင် ဟ မလာပါလေနဲ့။ ဖခင်တစ်ယောက်ဖြစ်ဖို့ မောင်ကြီးကမထိုက်တန်ဘူး"

"ဒါကတော့ နှမတော်.....လူ့ဘောင်ထဲနေရင် လူတစ်ယောက်လိုတော့ ပြုမူရမှာပေပဲကွဲ့။ လူဘောင်မှာ မောင်ကြီးရဲ့မျိုးရိုးကိုဆက်ခံမယ့် လူသားစင်စစ်တစ်ယောက်ရှိစေချင်ရုံ အိမ်ထောင်ပြုရတာပါ နှမတော်ရဲ့။ မောင်ကြီးကနှမတော်ကို အသက်တောင်ပေးအပ်ပြီးကယ်တင်ခဲ့တဲ့သူပါ။ နှမတော်ကို မောင်ကြီးအသက်တမျှ ချစ်ရပါရဲ့ကွယ်။ သားတော်ကလည်း မောင်ကြီးသွေးသားရင်းပါကွဲ့"

"စွဲစွဲမြဲမြဲမှတ်ထားပါမောင်ကြီး။ မသေနိုင်တဲ့သက်ရှိဆိုတာမရှိပါဘူး။ သက်တမ်းရှည်ခြင်းနဲ့ တိုခြင်းက ဘ၀ပေးကံရယ် ထမ်းဆောင်ရမယ့် တာ၀န်တွေရယ်ကြောင့်ပါ။ တစ်ခါတစ်ရံမှာ သက်တမ်းရှည်ကြာခြင်းက ဝဋ်ကြွေးတစ်ခုဖြစ်နေတတ်ပါတယ်။ ကံကသတ်မှတ်တဲ့သက်တမ်းထက် ပိုရှည်ကြာအောင် ဆွဲဆန့်ယူခြင်းအတွက် ပေးဆပ်ရမှာတွေက မောင်ကြီး တွေးနိုင်တာထက် ပိုပြင်းထန်ပါတယ်"

ထိုသို့ခပ်မာမာစကားတို့ကို ၀မ်းနည်းရိပ်သန်းသည့် မျက်၀န်းတို့နှင့် ပြောပြီး လှည့်ထွက်သွားသည့် အမျိုးသမီးက မည်သည့်တံခါးပေါက်မှ မထွက်သွားပါဘဲ မျက်စိရှေ့တွင်ပင်မှုန်၀ါးပျောက်ကွယ်သွား၏

"နောင့်" ရိုးမ ရာဇာWhere stories live. Discover now