ထောင်ဟွေ့ရွှယ်က ယောက်မဖြစ်သူကို အပြုံးဖြင့် လှည့်ကြည့်လိုက်သည်။

"ယောက်မ.. အခုလိုအချိန်မျိုးမှာ ရှီကွေ့က ကျွန်မ သူ့ရဲ့နောက်ကွယ်မှာ အပြစ်ပြောနေမှာကို မလိုချင်လောက်ဘူး.."

လက်ရှိအချိန်၌ ကုမိသားစုသည် သူမ,သား၏ ထိန်းချုပ်မှုအောက် ရောက်ရှိနေသည်ဖြစ်ရာ ထိုဆွေမျိုးများကို ယဉ်ကျေးနေစရာ မလိုအပ်ပေ။ တစ်ခါတရံတွင် အလွန်အကျူး ယဉ်ကျေးနေခြင်းက အားနည်းပျော့ညံ့ခြင်း၏ ပြယုဂ်တစ်ခု ဖြစ်သွားတတ်သည်။ သူမကိုယ်တိုင်ကလည်း အပြင်လူများ သူမ၏ မိသားစုအရေးတွင် ဝင်စွက်ဖက်မည်ကို မလိုချင်ပေ။

သူမကိုလာပြောနေသော ဤယောက်မသည် မိဘများရှိစဉ်ကတည်းက လတ်လျားလတ်လျား အချိန်ဖြုန်းတတ်သူဖြစ်ပြီး မိဘနှစ်ပါး ကွယ်လွန်သွားပြီးနောက် ယောက်ျားဖြစ်သူက သူမကို ဆက်ပြီးအလိုလိုက်ထားသည်။ သို့ဖြစ်ရာ အကျင့်စရိုက်က အတော်လေး ဆိုးဝါးလေသည်။

လင်ညီအစ်မအနေဖြင့် ထောင်ဟွေ့ရွှယ်သည် ထိုအမျိုးသမီးကို သူမယောက်ျားမျက်နှာဖြင့် ယဉ်ယဉ်ကျေးကျေး ပြောဆိုဆက်ဆံတတ်သည်။ သို့သော် သားဖြစ်သူအား လက်ညှိုးထိုးပြောဆိုနေတာကိုတော့ ရပ်မကြည့်နေနိုင်ပေ။

ကုချင်သည် နှစ်ပေါင်းများစွာ အလိုလိုက်ခံထားရသော်လည်း တဖက်သူ၏ ဆိုလိုရင်းကို နားမလည်သည်အထိ မတုံးအပေ။ ယောက်မဖြစ်သူ၏ စကားကြောင့် အတန်ငယ် ရှက်ရွံ့သွားခဲ့သည်။ ထို့ကြောင့် ခြံဝင်းထဲ တစ်ခဏ ဆက်ထိုင်ပြီးနောက် ဖုန်းခေါ်ကာ ထိုဖုန်းကောလ်ကို အကြောင်းပြ၍ ပြန်သွားတော့သည်။

ကုအိမ်တော်သို့ ပြန်သည့်လမ်းတွင် ကုချင်က မကြားဝံ့မနာသာ စကားလုံးများဖြင့် ဗျစ်တောက်ဗျစ်တောက် ပြောဆိုသွားသေးသည်။

ကုချင်ထွက်သွားပြီးနောက် ထောင်ဟွေ့ရွှယ်သည် အေးစက်နေသော လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း သက်ပြင်းချလိုက်၏။ ပြီးနောက် လက်ဖက်ရည်ခွက်ကို အောက်ချကာ ရေပန်းနားသို့ လျှောက်သွားမိရင်း ရေထဲမှ Koi ငါးများကို ငေးကြည့်နေမိသည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now