မရေမတွက်နိုင်သည့် ဖုန်းကောလ်များ လက်ခံရပြီးနောက် ဝေသုန်လိုင်မှာ ခြေပစ်လက်ပစ် ထိုင်ချမိရင်း ကော်ဖီခါးခါးတစ်ခွက် မော့သောက်လိုက်သည်။ ပြီးနောက် သူ၏ အတွင်းရေးမှူးကို အသံဝင်နေသော လေသံဖြင့် မေးလိုက်သည်။

“လီဟောင်.. ဘာတွေဖြစ်နေတာလဲ..?”

လီဟောင်က စာချုပ်ဖျက်သိမ်းသွားသည့် နောက်ထပ်စာရွက်စာတမ်းတစ်ခုကို စားပွဲပေါ်သို့ တင်ပေးလာပြီး နှာတံပေါ်က မျက်မှန်ကို လက်ဖြင့်ပင့်တင်လိုက်ရင်း..

“ဘော့စ်.. အွန်လိုင်းပေါ်မှာ ဘာတွေဖြစ်နေသလဲဆိုတာ တစ်ချက်ကြည့်သင့်တယ်နော်..”

ဝေသုန်လိုင်လည်း မျက်နှာပျက်ယွင်းနေသည့် လီဟောင်ကိုကြည့်ကာ Weibo ဖွင့်ကြည့်လိုက်သည်။ ထိုအချိန်မှာပင် ကွန်ပြူတာ Screen ၏ ညာဘက်ထောင့်၌ notification တစ်ခု တက်လာခဲ့လေ၏။

အနှီ notification ကို ဖတ်ကြည့်ပြီးနောက် ဝေသုန်လိုင်၏ မောက်စ်ကိုင်ထားသော လက်က တုန်ယင်လာခဲ့သည်။ ကြွတက်လာသော ဒေါသလှိုင်းများကို အတင်းပြန်မြိုချထားရင်း သူ၏အတွင်းရေးမှူးကို လှမ်းပြောလိုက်သည်။

“ချက်ချင်း နဉ်ရှီဘက်က လူတစ်ယောက်ယောက်နဲ့ ဆက်သွယ်လိုက်.. ဘယ်လောက်ပေးရပါစေ နဉ်ရှီ စစ်ချီကို ခွင့်လွှတ်ပေးမှဖြစ်မယ်..”

“ဘော့စ်.. လောလောဆယ် နဉ်ရှီရဲ့ မန်နေဂျာကို သွားရှာလို့မရဘူး.. ကျို့ကျီရဲ့ PR Team ကလည်း ဝေ့လည်ကြောင်ပတ် လုပ်နေတယ်.. ကျွန်တော်တို့ကို မစ်နဉ်နဲ့ မဆက်သွယ်စေချင်ဘူးဆိုတာ သိသာနေပြီ..”

ပြဿနာတက်နေသူက သူ့ဘော့စ်၏ မိသားစုဝင် မဟုတ်သကဲ့သို့ လီဟောင်က ခပ်ပြတ်ပြတ် ပြန်ဖြေလိုက်သည်။

ဝေသုန်လိုင်သည် လက်ရှိအခြေအနေကြောင့် အတော်လေး စိုးရိမ်သောကများနေသဖြင့် လီဟောင်၏ အပြုအမူကို သတိမပြုမိခဲ့ချေ။

“နဉ်ရှီဘက်က ဘာလိုချင်တာလဲ..?”

လီဟောင်က ဝေသုန်လိုင်အရှေ့သို့ နှုတ်ထွက်စာ တင်လိုက်ရင်း..

“ဘော့စ်.. ဒီနှစ်တွေမှာ ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်..”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now