နဉ်ရှီက ခေါင်းညိတ်ကာ ချန်းရှီကွေ့ကို တံခါးအပြင်သို့ တွန်းထုတ်လိုက်သည်။ “အနားယူတော့.. ညကျ ပြန်တွေ့မယ်..”

တကယ်တော့ သူ ပြန်လာသည့်လမ်းတွင် ချန်းရှီကွေ့သည် နဉ်ရှီကို ပင်မအိမ်တော်သို့ ခေါ်သွားရန် တွေးလိုက်သေးသည်။ သို့သော် နဉ်ရှီနှင့် သူ့အမေက တစ်ခါမှ မတွေ့ဖူးသေးသဖြင့် သူမလေး စိတ်ကျဉ်းကျပ်နေမှာစိုးပြီး ဤနေရာသို့ ခေါ်လာခဲ့ခြင်းဖြစ်၏။

ဤအိမ်ငယ်လေးသည် တကယ်တော့ သူ့အဖေ၏ နောက်ဆုံးလက်ဆောင်ပင်။ ဤအိမ်ငယ်လေးတွင် အမြဲတမ်း မနေဖြစ်သော်လည်း အနည်းဆုံး တစ်လတစ်ကြိမ်ခန့်တော့ လာနေဖြစ်သည်။

သူ့နာမည်အောက်တွင် ပိုင်ဆိုင်မှုအများအပြား ရှိပါသော်ငြား တခြားနေရာများသို့ နဉ်ရှီကို ခေါ်သွားခြင်းက သူမလေးကို စော်ကားလိုက်သလိုပင်။ ဤအိမ်ငယ်လေး၊ သို့မဟုတ် ပင်မအိမ်တော်ကသာ သူမနှင့် ထိုက်တန်ပေသည်။

***

ချန်းမိသားစု၏ ပင်မအိမ်တော်ဝယ်…

ထောင်ဟွေ့ရွှယ်သည် ရေတံခွန်ပန်းပင်*အောက်တွင် နေ့ခင်းနေ့လည် လက်ဖက်ရည်ကြမ်း သောက်နေ၏။ အိမ်တော်ထိန်းထံမှ သူမ၏သားဖြစ်သူ တုန်းရန်လမ်းရှိ အိမ်ငယ်လေးတွင် ယာယီသွားနေမည်ဖြစ်ကြောင်း ကြားလိုက်ရသောအခါ ထောင်ဟွေ့ရွှယ်မှာ ရုတ်တရက် ကြောင်အမ်းသွားရသည်။ သို့သော် ချက်ချင်း သဘောပေါက်သွားသဖြင့် ပြုံးရယ်လိုက်ရင်း..

“အဲ့နေရာက သင့်တော်သားပဲ..”

သူမက သူမ၏လက်ထဲမှ လက်ဝတ်ရတနာဒီဇိုင်းစာရွက်ကို ပြန်ကြည့်မိရင်း သက်ပြင်းချကာ လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ တင်လိုက်လေသည်။ ကြည့်ရတာတော့ ယနေ့လည်း သားဖြစ်သူ၏ ချစ်သည်းညှာလေးကို တွေ့ရဦးမည်မထင်။

***

ဝေသုန်လိုင်တစ်ယောက် ထင်မှတ်မထားသော အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရ၏။ နာရီပိုင်းအတွင်း တစ်နိုင်ငံလုံးမှ စီးပွားရေးပါတနာများ သူ့ကို ဖုန်းခေါ်ကာ စာချုပ်ရပ်ဆိုင်းလိုကြောင်း ပြောလာကြသည်။ ပုံမှန်လက်တွဲနေကျ ဖောက်သည်များပင် သူတို့ကုမ္ပဏီနှင့် ဆက်ပြီးလက်မတွဲလိုတော့ကြောင်း သိသိသာသာ ဖော်ပြလာကြလေသည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now