“အဲ့တာတော့ အမှန်ပဲ.. အစ်ကိုချန်းလိုလူက ဘာမှကြောက်နေစရာမလိုဘူး..” ချောင်မန်က တစ်ခဏ တုံ့ဆိုင်းသွားပြီးနောက်.. “ငါ တကယ်စိုးရိမ်နေတာက နဉ်ရှီအတွက်ပဲ..”

စကားလုံးတွေက တစ်ခါတရံမှာ သက်ရောက်မှုပြင်းထန်လွန်းတယ်။ အစ်ကိုချန်းက လူတွေရဲ့အမြင်ကို လျစ်လျူရှုထားနိုင်ပေမယ့် နဉ်ရှီကျတော့ရော..?

အချိန်တစ်ခုစာ ရင်းနှီးကျွမ်းဝင်ပြီးနောက် နဉ်ရှီဟာ စည်းစိမ်ဥစ္စာအတွက် သူမကိုယ်သူမ ရောင်းစားမည့်လူမဟုတ်မှန်း သူတို့ သိလိုက်သည်။ ထိုစိတ်ဓာတ်က ကောင်းသော်လည်း ဆိုးကျိုးရှိနေပြန်၏။ ထိုသို့မာနကြီးလွန်းသော လူတစ်ယောက်ဟာ သူမကို ဖျော်ဖြေရေးပစ္စည်းတစ်ခုလိုသာ ရှုမြင်ကြသော လူအများအလယ်တွင် ရပ်တည်နိုင်မည်မဟုတ်ပေ။

ထောင်ရှန်းရန်က ကားထွက်သွားသော ဦးတည်ရာဘက်သို့ လှည့်ကြည့်လိုက်ရင်း သက်ပြင်းချလိုက်သည်။ ပြီးနောက် တစ်ခဏ တိတ်ဆိတ်နေပြီးမှ ပြောလာခဲ့သည်။

“သူတို့ လက်တွဲဖို့ ဆုံးဖြတ်ထားမှတော့ ဒီလိုကိစ္စမျိုးတွေ ကြုံတွေ့ရမယ်ဆိုတာ စဉ်းစားပြီးသား ဖြစ်မှာပါ..”

ချောင်မန်လည်း ဘာမှဆက်မပြောခဲ့ချေ။ သူဟာ ထောင်ရှန်းရန်နှင့် ငယ်သူငယ်ချင်းများဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာထဲက အစ်ကိုချန်းနှင့် ခင်မင်လာခဲ့တာဖြစ်သည်။ နောက်ပိုင်း အစ်ကိုချန်းနှင့် ဦးလေးချန်းတို့ အက်စီးဒန့်ဖြစ်ပြီး အမွေဆက်ခံသူကိစ္စ ရှုပ်ထွေးလာချိန်မှာပင် သူတို့မိသားစုက အစ်ကိုချန်းကို ကူညီပေးခဲ့သည်။

တကယ်တော့ ထိုနှစ်များက သူတို့၏ မိသားစုများသည် အစ်ကိုချန်းကို အနည်းငယ်သာ ပံ့ပိုးပေးနိုင်ခဲ့၏။ သို့သော် အစ်ကိုချန်းကတော့ နှစ်ပေါင်းများစွာ ကြာသွားသည့်တိုင် သူတို့အတွက် စီးပွားရေးအခွင့်အလမ်းများ ဖန်တီးပေးခဲ့သည်။ သူ၏မိဘများပင် သူ ငယ်စဉ်က ဘာတစ်ခုမှ မှန်အောင်မလုပ်နိုင်ဘဲ ချန်းရှီကွေ့ကို ကူညီပေးအောင် အကြီးအကျယ် ဂျီတိုက်ခဲ့သည့် ကိစ္စတစ်ခုတည်းသာ မှန်အောင်လုပ်နိုင်ခဲ့သည်ဟု ပြောလာသည်အထိ။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now