ကျန်းချင်းယွင်သည် ပူးပေါင်းမှုကို အမြန်ဆုံး လုပ်ဆောင်နိုင်ခဲ့သည်။ မည်သို့ပင်ဆိုစေ တစ်ဖက်လူက စိတ်ရင်းပါပါဖြင့် ကမ်းလှမ်းလာခြင်းဖြစ်ပြီး နဉ်ရှီကလည်း လူသစ်တစ်ယောက်သာ ဖြစ်နေသေးသည်။ နဉ်ရှီက ‘ချင်ဖုန်း’ဖက်ရှင်နှင့် တစ်နှစ်စာ စာချုပ်ချုပ်ဆိုလိုက်သည်။ ပူးပေါင်းမှုက ငွေကြေးတန်ဖိုးအရ အရမ်းမမြင့်မားသော်လည်း ‘ချင်ဖုန်း’ဖက်ရှင်သည် နဉ်ရှီကို Casual နှင့် Formal ဒီဇိုင်းများလည်း ထောက်ပံ့ပေးခဲ့သည်။

Superstar များက ပြည်တွင်းဖက်ရှင်ကို လျစ်လျူရှုနေကြစဉ် နဉ်ရှီအတွက်တော့ အစကောင်းတစ်ခု ဖြစ်ခဲ့ပေသည်။

ဤစာချုပ်က နဉ်ရှီ၏ ပထမဦးဆုံးသော ထုတ်ကုန်ကိုယ်စားလှယ် စာချုပ်ဖြစ်ပြီး ပြည်တွင်းထုတ်ကုန်နှင့် ပူးပေါင်းနိုင်ခဲ့သည်။ နောင်တစ်ချိန် ပိုမိုကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုများနှင့် ခြေတစ်လှမ်း နီးကပ်လာခဲ့ပြီဖြစ်၏။

ကျန်းချင်းယွင်သည် နဉ်ရှီအတွက် ကျို့ကျီကုမ္ပဏီ၏ အကောင်းဆုံးမိတ်ကပ်အဖွဲ့ကို စီစဉ်ပေးခဲ့ပြီး ကင်မရာအများအပြားရှေ့ ပြီးပြည့်စုံနေစေရန် ပြင်ဆင်ခိုင်းခဲ့သည်။ တစ်ချိန်တည်းမှာပင် တခြားသူများ နဉ်ရှီ၏ တောက်ပမှုကို မခိုးယူနိုင်စေရန် အနီရောင်ကော်ဇောထက် လမ်းလျှောက်ပုံ၊ နေပုံထိုင်ပုံများကို အတန်းတက်ကာ သင်ယူစေခဲ့သည်။ ထို့အပြင် ကျက်သရေရှိစွာ တောက်ပနေရမည့်အပြင် ဖော်ရွေပျူငှာသည့် အငွေ့အသက်မျိုး ပေးစွမ်းနိုင်အောင်လည်း ပို့စ်ပေးနည်းများ သင်ယူခဲ့ရသေးသည်။

နှစ်ရက်ခန့် အလုပ်ရှုပ်နေခဲ့ပြီးနောက် ဆုပေးပွဲနေ့သို့ ရောက်ရှိလာခဲ့ချေပြီ။ ကျို့ကျီဖျော်ဖြေရေးလက်အောက်မှ အမျိုးသမီးသရုပ်ဆောင်အနေဖြင့် နဉ်ရှီသည်လည်း ထိပ်တန်းအနုပညာရှင်တစ်ယောက်၏ ခံစားခွင့်များ ရရှိခဲ့သည်။

“စိတ်လှုပ်ရှားနေလား..?”

ကျိုးကျန်းချွမ်က နဉ်ရှီကို လှည့်ကြည့်လာသည်။ ရှုမငြီးအောင် ပြင်ဆင်နိုင်သော မိတ်ကပ်ပညာက သူမ၏အလှတရားကို ယုံကြည်မှုရှိသည်ထက်ပင် ကျော်လွန်အောင် ဖန်တီးနိုင်စွမ်းခဲ့သည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now