သီးစုံဆန်ပြုတ်က ချိုချိုချဉ်ချဉ်လေးဖြင့် အရသာရှိပြီး အရွက်သုပ်ကလည်း အတော်လေး ကောင်းသည်။ Pastries ကတော့ ကောင်းတယ်ဆိုရုံလေးသာ။

တစ်နာရီခန့်ကြာပြီးနောက် နဉ်ရှီသည် ဘေးအခန်းသို့သွားကာ ဘဲလ်တီးလိုက်၏။ နှစ်စက္ကန့်အတွင်း တံခါးပွင့်သွားပြီး ချန်းရှီကွေ့ ထွက်လာခဲ့သည်။

“စားပြီးပြီလား..?” ချန်းရှီကွေ့သည် အခန်းထဲမှ ထွက်လာရင်း နဉ်ရှီအား ပြုံးပြကာ.. “သွားကြစို့..”

“အင်း..” နဉ်ရှီ ခေါင်းညိတ်ပြလိုက်သည်။

သို့နှင့် နှစ်ယောက်သား ဘေးချင်းယှဉ်လျက် ဓာတ်လှေကားဆီသို့ ချီတက်လိုက်​တော့သည်။ ချန်းရှီကွေ့ ခလုပ်နှိပ်ပြီးနောက် ဓာတ်လှေကားထဲတွင် ပြန်လည်တိတ်ဆိတ်သွားသည်။

ချန်းရှီကွေ့သည် နဉ်ရှီကို ဘေးတိုက် ငေးကြည့်နေခဲ့သည်။ စကားပြောချင်ခဲ့သော်လည်း တစ်ခွန်းမျှ ပြောမထွက်ခဲ့ပေ။ သူတို့နှစ်ဦး နီးကပ်နေတာမှန်သော်လည်း သူမ၏အတွေးများကို သူ နားမလည်ပါချေ။ အရာအားလုံးကို စွန့်လွှတ်ကာ သူမလေး၏ လက်ကို ဆုပ်ကိုင်၍ ‘ကိုယ့်ကိုယ်ကို အရမ်းဖိအားမပေးပါနဲ့.. ကိုယ် မင်းရဲ့အနားမှာ အမြဲတမ်း ရှိနေပါ့မယ်..’ဟု ပြောလိုက်ချင်သည်။

သို့သော် သူ မပြောနိုင်ခဲ့ချေ။ သူမလည်း ကြားချင်လိမ့်မည်မဟုတ်ပေ။

“နဉ်ရှီ..” တဖြည်းဖြည်း နိမ့်ဆင်းလာသော ဓာတ်လှေကားကိုကြည့်ရင်း ချန်းရှီကွေ့က စကားစပြောခဲ့သည်။ “မင်းအဖြစ်ချင်ဆုံးဆန္ဒက ဘာလဲ..?”

နဉ်ရှီသည် ရှေ့တည့်တည့်ကိုသာ စိုက်ကြည့်နေဆဲ။ “ကျွန်မက သာမာန်လူသားတစ်ယောက်ပါ.. ပိုက်ဆံနဲ့ ကျော်ကြားမှုအပြင် တခြားဘာလိုချင်တာ ရှိဦးမှာလဲ..?”

သူမကိုယ်သူမ အေးဆေးတည်ငြိမ်စွာ ဖော်ပြလာသော နဉ်ရှီကိုကြည့်ရင်း ချန်းရှီကွေ့၏ရင်ဘတ်ထဲ ဆစ်ခနဲ နာကျင်သွားရ၏။ ဓာတ်လှေကားပွင့်သည်နှင့် နဉ်ရှီက နေကာမျက်မှန်ထုတ်ကာ ဝတ်ဆင်လိုက်သည်။ ချက်ချင်းဆိုသလို သူမတို့ထံသို့ သတင်းထောက် အများအပြား တိုးဝင်လာခဲ့လေသည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now