“မစ်နဥ် အရမ်းယဉ်ကျေးလွန်းနေပြီ.. ကျေးဇူးပြုပြီး ခဏစောင့်ပေးပါနော်..”

အရောင်းဝန်ထမ်းအတွက် သရုပ်ဆောင်တစ်ယောက်ကို ကူညီပေးရသည်မှာ ဒါပထမဆုံးအကြိမ် မဟုတ်ပါပေ။ လူအမျိုးမျိုး စရိုက်အထွေထွေဖြစ်သောကြောင့် တချို့သရုပ်ဆောင်များသည် အလွန်ကြွားဝါတတ်သည်။ တချို့က ချေးများလွန်းသည်။ တချို့ဆိုလျှင် ခေါင်းမော့ရင်ကော့ကာ တခြားလူကို နှိမ်ချဆက်ဆံတတ်၏။ နဉ်ရှီကဲ့သို့ ယဉ်ကျေးသိမ်မွေ့သော ဈေးဝယ်သူများက အရောင်းဝန်ထမ်းများ၏ အကြိုက်ပေ။ ထို့ကြောင့် အရောင်းဝန်ထမ်းမလေးမှာ အတော်လေး ဖော်ရွေပျူငှာနေတော့သည်။

နဉ်ရှီသည် ပိုက်ဆံရှင်းပြီးသည်နှင့် ဆိုင်ထဲမှ ထွက်မလာခင် အရောင်းဝန်ထမ်းမလေးနှင့်အတူ ဓာတ်ပုံတွဲရိုက်ပေးခဲ့သေးသည်။

“ကားဆရာ.. အနီးဆုံး လက်ဝတ်ရတနာဆိုင်ကို မောင်းပေးပါနော်..” နဉ်ရှီက လည်ပင်းကို ပွတ်သပ်လိုက်ရင်း.. “ဝတ်စုံနဲ့ လိုက်ဖက်မယ့် လည်ဆွဲလိုနေသေးလို့..”

စိန် သို့မဟုတ် ကျောက်မျက်လည်ဆွဲမျိုးသာ ဤပွဲတက်ဝတ်စုံနှင့် လိုက်ဖက်ပေလိမ့်မည်။

ကောင်တာထဲတွင် ခင်းကျင်းထားသမျှ လက်ဝတ်ရတနာတိုင်းသည် အလွန်လှပပြီး မြင်လိုက်သည်နှင့် စိတ်လှုပ်ရှားလာ‌အောင် ပြုစားနိုင်စွမ်း၏။ နဉ်ရှီသည် ရိုးရှင်းသော်လည်း ဖက်ရှင်ကျသော နားကပ်တစ်စုံကို ရွေးချယ်လိုက်သည်။ သို့သော် လည်ဆွဲအတွက်မူ မဆုံးဖြတ်နိုင်သေးပေ။

‘တစ်စုံတစ်ယောက် ရွေးချယ်ရခက်နေတာဟာ ပိုက်ဆံမလောက်လို့ပဲ..’ ဆိုသည့်စကားမျိုး နဉ်ရှီ ကြားဖူးခဲ့သည်။ ယခုတော့ သူမလည်း ထိုအခြေအနေမျိုးတွင် ကျရောက်နေသောကြောင့် အနည်းနှင့်အများဆိုသလို သဘောတူလာမိ၏။

ချန်း Group ကဲ့သို့သော လုပ်ငန်း​ကြီးတစ်ခု၏ ပါတီပွဲသို့ အရေးကြီးပုဂ္ဂိုလ်တော်တော်များများ တက်ရောက်ကြမည်ပင်။ သို့ဖြစ်ရာ သရုပ်ဆောင်တစ်ယောက်အတွက် သူတို့၏နာမည်ဂုဏ်သတင်း တည်ဆောက်နိုင်မည့်၊ အဆင့်အတန်း မြှင့်တင်နိုင်မည့် အကောင်းဆုံး အခွင့်အရေးကြီး ဖြစ်လာတော့သည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now