အစောကတည်းက မနက်ခင်းရိုက်ကွက်များကို အပြီးသတ်ရန် အစီအစဉ်ဆွဲပြီးသားဖြစ်ရာ ခုန်းယွီဟန်လည်း ခေါင်းညိတ်ပြလိုက်သည်။ နဉ်ရှီ၏အဆင့်အတန်းက ထူးခြားသည်မို့ ခုန်းယွီဟန်က သူမကို ဖိအားပေး၍မရပေ။ သို့သော် ယခုတော့ နဉ်ရှီကိုယ်တိုင် ဆက်လက်ရိုက်ကူးရန် ပြောလာသောအခါ အဘယ်ကြောင့် ငြင်းဆန်နေဦးမည်နည်း။

“အခန်း ၉၊ ဇာတ်ကွက် ၅၊ Ready one.. two.. three.. action..!”

ပိုင်လုက လှလှပပလေး Drift ဆွဲကာ သူမ၏ကားကို ရပ်တန့်လိုက်သည်။ ပြီးနောက် နေကာမျက်မှန်ထုတ်ကာ ဝတ်ဆင်လိုက်၏။ လူများစွာ၏ အကြည့်မျိုးမျိုးကို လျစ်လျူရှုက ‘သုံးဘဝ သုံးရောင်ခြယ်’ ရိုက်ကွင်းသို့ ဦးတည်သွားလိုက်သည်။

နေမြင့်နေပြီဖြစ်၍ သခင်လေးတစ်ယောက်က သူမကို အလိုက်တသိ ထီးဆောင်းပေးရင်း အနောက်မှလိုက်ပါလာသည်။

‘သုံးဘဝ သုံးရောင်ခြယ်’ ရုပ်ရှင်အဖွဲ့သားလည်း ထူးထူးဆန်းဆန်း ဝတ်စားတတ်သော လူငယ်လေးများ ရုတ်တရက် ရောက်ချလာသောကြောင့် စိတ်ရှုပ်ကုန်တော့သည်။ ထိုလူငယ်လေးများ၏ မျက်နှာထားအရ ပျော်ရွှင်နေပုံမပေါ်။ သူတို့က ရိုက်ကွင်းကို ပြဿနာရှာရန် ရောက်လာခြင်းလော။

ပိုင်လုက နဉ်ရှီကို လှမ်းကြည့်လိုက်သည်။ လက်ရှိတွင် နဉ်ရှီသည် ရှေးခေတ်အဝတ်အစားဖြင့် မြင်းစီးလျက် ဓားရှည်တစ်လက်ကို ဝင့်ဝင့်ကြွားကြွား မြှောက်ကိုင်ထားပြီး ရဲစွမ်းသတ္တိအပြည့်ဖြင့် ထူးကဲမြင့်မြတ်သော အရှိန်အဝါမျိုး ထုတ်ဖော်နေလေ၏။

“အားတန်.. ယောက်ျားကြီးဖြစ်ပြီး ရန်သူတွေကို ဓားတစ်ချက်မခုတ်ရဲဘဲ ငါ့လိုမိန်းမသားကိုတော့ လှောင်ပြောင်ရဲတယ်ပေါ့.. အခု နင်တို့အားလုံး ငါ့ကို အနိုင်တိုက်နိုင်လို့လား.. ငါ့ကိုလှောင်ပြောင်ဖို့ ဘယ်သူ သတ္တိပေးလိုက်တာလဲ..? နင်တို့ဘိုးဘေးတွေကို ဘယ်မျက်နှာနဲ့ သွားတွေ့မှာလဲ..?!” သူမက မြင်းပေါ်မှ လွှားခနဲခုန်ဆင်းလိုက်ကာ မြေပြင်ပေါ်လဲကျနေသော ယောက်ျားတိုင်းကို ဓားဦးချွန်ဖြင့်ညွှန်လျက်.. “နင်တို့သာ ယောက်ျားစစ်ရင် ကျူးကျော်သူတွေကို သွားတိုက်ခိုက်ကြစမ်းပါ.. မိန်းမတစ်ယောက်ကို လှောင်ပြောင်ပြီး နင်တို့ရဲ့သနားစရာ ယောက်ျားသိက္ခာကို ထိန်းသိမ်းမနေကြနဲ့..”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now