နာမည်ကောင်းတည်ဆောက်ရန် အလွန်ခက်ခဲပါသော်လည်း နာမည်ဆိုးတွင်ရန် စကားတစ်ခွန်းသာ လိုအပ်သည်။

နဉ်ရှီ ရယ်လိုက်ရင်း ကျန်းဖိန်းဖိန်းကို ကျေးဇူးတင်လိုက်၏။ သူတို့နှစ်ယောက် ရိုက်ကွင်းထဲမှ ထွက်လာခဲ့ပြီးနောက် လက်ထောက်များထံမှ နေ့လည်စာထမင်းဘူး မယူရသေးခင်မှာပင် ဒါရိုက်တာချင်း၏လက်ထောက် ရောက်ချလာပြီး နဉ်ရှီကို ဒါရိုက်တာချင်းခေါ်နေကြောင်း ပြောခဲ့သည်။

ဒါရိုက်တာချင်းက သရုပ်ဆောင်များကို နေ့လည်စားစားချိန်တွင် စကားခေါ်ပြောလေ့ရှိသောကြောင့် နဉ်ရှီလည်း တစ်ခုခုထူးခြားနေတာမျိုး မခံစားမိပေ။ သူက နေ့လည်စာထမင်းဘူးနှင့် တူတစ်စုံယူလိုက်ကာ ဒါရိုက်တာချင်း၏ လက်ထောက်နောက် လိုက်သွားခဲ့သည်။

“ရှီလေး.. လာထိုင်..” နဉ်ရှီဝင်လာသည်နှင့် ဒါရိုက်တာချင်းက လက်ထဲမှတူကို ဝှေ့ရမ်းလိုက်ရင်း လှမ်းနှုတ်ဆက်ခဲ့သည်။

နဉ်ရှီက ဒါရိုက်တာချင်း၊ လက်ထောက်လျှိုနှင့် ချန်းရှီကွေ့တို့ ဝိုင်းထိုင်နေသော စားပွဲအသေးလေးကို လှမ်းကြည့်လိုက်၏။ သူမ၏ခြေလှမ်းများ ရပ်တန့်သွားရသည်။ ပြီးမှ ချန်းရှီကွေ့ဘေးတွင် ဝင်ထိုင်လိုက်သည်။

ထမင်းဘူးဖွင့်လိုက်သောအခါ သူမ၏ထမင်းဘူးနှင့် ချန်းရှီကွေ့၏ထမင်းဘူးကြားမှ ကွာခြားချက်ကို မြင်တွေ့လိုက်ရလေသည်။ ဟင်းအမျိုးအစားတူပါသော်လည်း ချန်းရှီကွေ့၏ထမင်းဘူးက သူမရဲ့ဘူးထက် အဘယ်ကြောင့် အသားပိုများနေရသနည်း။

သူမ၏အကြည့်ကို သတိထားမိလိုက်တာကြောင့် ချန်းရှီကွေ့လည်း ထမင်းဘူးနှစ်ဘူးကို ငုံ့ကြည့်လိုက်သည်။ ပြီးနောက် နဉ်ရှီ စ,မစားခင် သူ့ရဲ့ထမင်းဘူးကို နဉ်ရှီထံ တွန်းပို့ပေးလိုက်သည်။

ဒါရိုက်တာချင်းနှင့် လက်ထောက်လျှိုက ပြိုင်တူမော့ကြည့်လာခဲ့၏။ နှစ်ဦးသားကြားမှ ထမင်းဘူးကိုမြင်လိုက်တာကြောင့် ကပျာကယာ ခေါင်းငုံ့သွားကြသည်။

နဉ်ရှီ : “………..”

တစ်ခုခုလွဲနေသလိုပဲ..!

မလှမ်းမကမ်းတွင် ကျူးမိုလီတစ်ယောက် နဉ်ရှီကို မမှိတ်မသုန်စိုက်ကြည့်ရင်း ဒေါသကြောင့် အသက်ရှူရပ်လုမတတ် ဖြစ်လာရ၏။ သို့သော် ထိုသို့ပြုမူသည်မှလွဲ၍ နဉ်ရှီကို ရန်မစဝံ့တော့ချေ။ နဉ်ရှီ၏ ပညာပေးမှုကြောင့် ကျူးမိုလီ၏စိတ်ထဲ အနည်းငယ် ထိတ်လန့်နေမိသည်။ ထို့ကြောင့် သူမအတွက် စီစဉ်ပေးသမျှကို လိမ်လိမ်မာမာဖြင့် လိုက်နာရုံသာ ရှိတော့သည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now