ပရိုဂျူဆာခမျာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး သူ့ရဲ့မျက်နှာပေါ် တက်နင်းခံလိုက်ရသလို ခံစားလိုက်ရသည်။

လူအများကြီးရှေ့ တစ်စုံတစ်ရာနှင့်ထိခိုက်မိချိန်တွင် နဉ်ရှီ၏စိတ်ထဲ အကြောက်တရားများသာ စိုးမိုးသွားခဲ့၏။ သူမ ဘာမှမတုံ့ပြန်နိုင်ခဲ့ချေ။ ထိခိုက်မိသွားသည်နောက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

ရှောင်ယန်၏အော်သံကို ကြားလိုက်ရသလိုလို၊ ပတ်လည်မှ ရိုက်ကူးရေးအဖွဲ့သားများ ပြေးလွှားနေသံကို ကြားလိုက်ရသလိုလို။ ထိုအသံများကို အာရုံမစိုက်နိုင်တော့။ လက်ရှိအရေးကြီးသည်က ထိုတဒင်္ဂလေးတွင် အသက်ရှူမဝဖြစ်လာခဲ့ပြီး နှလုံးခုန်ရပ်တော့မယောင် ခံစားလိုက်ရသည်။

“သွားမလှုပ်လိုက်နဲ့.. မလှုပ်လိုက်နဲ့ဦးနော်..” ဆရာဝန်များက နဉ်ရှီထံအပြေးသွားချင်နေသော ရှောင်ယန်ကို တားလိုက်သည်။ ပြီးနောက် နဉ်ရှီထံအမြန်သွားကာ မျက်လုံးသူငယ်အိမ်ကို စစ်ဆေးကြည့်လိုက်၏။ နဉ်ရှီ ရှော့ရနေတာကို မြင်လိုက်ရတာကြောင့်.. “အဆင်ပြေရဲ့လား..?”

လက်တစ်ဖက်၏အကူအညီဖြင့် နဉ်ရှီ ထထိုင်လိုက်ချိန်တွင် သူမ၏နောက်ကျောမှ အောင့်တက်လာသလို ခံစားလိုက်ရသည်။ နာကျင်မှုကြောင့် စုတ်သပ်မိသည်အထိ။

ရှောင်ယန်ခမျာလည်း အတော်လေး ကြောက်လန့်နေရှာပြီး မျက်လုံးများပင် နီရဲတက်လာတော့သည်။ နဉ်ရှီ ဘာမှကြီးကြီးမားမား မထိခိုက်သွားတာကို မြင်လိုက်ရတော့မှ အဖွဲ့သားများလည်း အနားကပ်လာပြီး သူမ,မတ်တပ်ရပ်ရန် ကူညီပေးတော့သည်။ ဆရာဝေ့ရာလည်း နဉ်ရှီအနား အမြန်ရောက်လာပြီး ခါးမှကြိုးကိုဖြည်ပေးကာ တောင်းပန်ခဲ့လေသည်။

“ရပါတယ်.. ကျွန်မအဆင်ပြေပါတယ်.. မတော်တဆဖြစ်သွားတာပဲကို..”

နဉ်ရှီက ဆရာဝေ့ရာကို ပြုံးပြလိုက်ပြီး သူမ၏ထိုင်ခုံရှိရာသွား၍ ထိုင်လိုက်သည်။

“ရှီလေး.. အဆင်ပြေရဲ့လား..?” ချင်းချုံဟိုင်လည်း မျက်နှာအပျက်ပျက်ဖြင့် ရောက်ချလာတော့သည်။ “ထိခိုက်မိသွားတာကို ပေါ့ပေါ့တန်တန် လုပ်မနေနဲ့..”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now