ယနေ့ခေတ်တွင် ကျိုးဟိုင်လီသည် သရုပ်ဆောင်ငယ်လေးများလောက် လူပြောမများတော့ပါသော်လည်း သူမ၏အဆင့်အတန်း၊ အနုပညာလောကထဲမှ အဆက်အသွယ်များက သာမာန်သရုပ်ဆောင်များ မယှဉ်အောင် တည်ရှိနေလေသည်။ သို့ဖြစ်ရာ သူမ၏အဆင့်အတန်းအရ ‘Yunyue of Han Dynasty’၏ ရင်းနှီးမြှုပ်နှံသူများပင် သူမကို မျက်နှာသာပေးရလိမ့်မည်။

ကျန်းချင်းယွင်က ကျိုးဟိုင်လီအား အတိုက်အခံမပြုမိစေရန် သူမကို သတိပေးနေခြင်းဖြစ်ကြောင်း နဉ်ရှီ သဘောပေါက်လိုက်တာကြောင့် အသာအယာ ခေါင်းညိတ်ပြလိုက်သည်။ ဇာတ်ညွှန်းပြန်ဖတ်ရင်း သူမ,ပြောရမည့် စာသားများကို မှတ်သားနေလိုက်သည်။

တစ်ဖက်မှာတော့ များပြားလှသော အကူလက်ထောက်များ၊ မိတ်ကပ်ဆရာများသည် ကျိုးဟိုင်လီအနားတွင် ဝိုင်းဝိုင်းလည်နေခဲ့၏။ သူမက ဇာတ်ညွှန်းစာရွက်ကို ပေါ့ပေါ့ပါးပါး လှန်လိုက်ရင်း ဒါရိုက်တာရှုကို စကားလှမ်းပြောလိုက်သည်။

“ကျွန်မနဲ့အတူ သရုပ်ဆောင်ရတဲ့ လူသစ်လေးက သိပ်မဆိုးဘူးပဲ..”

“မင်းတောင် ချီးကျူးတယ်ဆိုတော့ အဲ့ကောင်မလေးက တကယ်တော်တာပေါ့..”

ဒါရိုက်တာရှုက စကားတစ်ခွန်းတည်းဖြင့် နဉ်ရှီကိုရော၊ ကျိုးဟိုင်လီကိုပါ ချီးကျူးလိုက်သည်။

“ကျွန်မတို့ သိကျွမ်းလာတာ ဘယ်လောက်ကြာပြီလဲ.. အချင်းချင်း ယဉ်ကျေးပြနေစရာ မလိုတော့ပါဘူး..” ကျိုးဟိုင်လီသည် မျက်ဝန်းထောင့်မှ ဒါရိုက်တာရှုကို လှမ်းကြည့်လိုက်ရင်း.. “သိပ်မကြာခင်က လောင်ချင်း ကျွန်မကို ဇာတ်ကောင်တစ်ခုအတွက် တောင်းဆိုလာတယ်.. သူပြောတာတော့ အဲ့ဇာတ်ကောင်က အရမ်းအရေးကြီးပေမယ့် အခုထိ သင့်လျော်မယ့် သရုပ်ဆောင်ကို ရှာမတွေ့သေးလို့တဲ့..”

ဒါရိုက်တာရှု၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

“ချင်းချုံဟိုင်ရဲ့ အကြီးစား project ‘Tán Hǎixiān jì‘ အတွက်လား..?”

‘Tán Hǎixiān jì‘ ရုပ်ရှင်၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏက သန်းပေါင်းရာချီလုနီးပါးပင် ရှိ၏။ ယခုနှစ်အတွက် ဈေးအမြင့်ဆုံး ရှန်းရှရုပ်ရှင်တစ်ခု ဖြစ်လာပြီး ရိုက်ကူးရေး မစတင်ခင်မှာပင် လူတော်တော်များများ၏အာရုံကို ဆွဲဆောင်နိုင်ခဲ့လေသည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Onde as histórias ganham vida. Descobre agora