ချူးဟန်၏ ပရိသတ်များကတော့ သူတို့ idol ရဲ့ ရပ်တည်ချက်ကို မသိသေးတာကြောင့် ဘုမသိဘမသိ ကြားဝင်ပြောမိရာမှ ပွဲထဲဆွဲသွင်းခံလိုက်ရသည့် ဖြစ်ရပ်မျိုး အဖြစ်မခံလိုကြပေ။ သို့သော် သတိထားနေသည့်တိုင် မဆီမဆိုင် ဆွဲသွင်းခံရလိမ့်မည်ဟု မည်သူက ထင်ထားခဲ့မည်နည်း။

Fandom နှစ်ခု ပွဲဆူလာချိန်တွင် အခြေအနေက ပိုမိုဆိုးဝါးလာခဲ့တော့၏။ ချူးဟန်၏ ပရိသတ်များက ဘာမှဝင်မပြောခဲ့သလို ချူးဟန်ကိုယ်တိုင်လည်း မည်သည့်ဘက်ကမှ မရပ်တည်ပေးခဲ့ပေ။ ထို့ကြောင့် နှစ်ဖက်လုံးက ချူးဟန်ကို မကျေမနပ်ဖြစ်လာကြပြီး ‘ယောက်ျားကောင်းမဟုတ်ဘူး၊ ရန်ဖြစ်တာကို ထိုင်ကြည့်နေပြီး ဖျန်ဖြေပေးဖို့တော့ မကြိုးစားဘူး’ စသည်ဖြင့် ဝေဖန်လာကြတော့သည်။

သူတို့၏နတ်ဘုရားကိုပါ မြောင်းပုပ်ထဲ ဆွဲချနေကြတာကြောင့် ချူးဟန်၏ ပရိသတ်များလည်း ထိုင်ကြည့်မနေနိုင်တော့ပေ။ ထိုအခါ အဖွဲ့နှစ်ဖွဲ့မှ သုံးဖွဲ့ဖြစ်လာပြီး တိုက်ပွဲဝင်စိတ်များ ပြင်းထန်လာကြတော့၏။

ဖြတ်သွားဖြတ်လာ (သာမာန် အင်တာနက်သုံးစွဲသူ) များကတော့ ထိုအင်တာနက်တိုက်ပွဲမှ ဝေးဝေးရှောင်သွားကြသည်။

နဉ်ရှီက Weibo ပွတ်ရင်း fandom များ၏ တိုက်ခိုက်ရေးစွမ်းရည် မြင့်မားပုံကို စပ်စုနေခဲ့လေသည်။ ပြီးနောက် သူမက ရေရွတ်လိုက်သည်။

“ဒီပရိသတ်တွေက အရမ်းအင်အားကြီးတာပဲနော်..”

“‘ရေတပ်’ တွေရဲ့အကျင့်ပေါ့.. ကောင်းကျိုးရှိသလို ဆိုးကျိုးလည်းရှိတယ်..” ကျန်းချင်းယွင်က တစ်ပုံစံတည်းဖြစ်နေသော Comment များကိုကြည့်ရင်း.. “ကောင်းကျိုးက သရုပ်ဆောင်ရဲ့ လွှမ်းမိုးနိုင်စွမ်းနဲ့ တန်ဖိုးကို ရင်းနှီးမြှုပ်နှံသူတွေအမြင်မှာ သိသာစေတယ်.. ဆိုးကျိုးကတော့ အဲ့လူတွေက သရုပ်ဆောင်အတွက် ဖြစ်သလို Comment ရေးတတ်ကြတာပဲ..”

(TN : ‘ရေတပ်’ က ပိုက်ဆံပေးပြီး ငှားထားတဲ့ ပရိသတ်အတုတွေကို ပြောတာပါ။)

နဉ်ရှီက ဖုန်းပိတ်ကာ သမ်းဝေလိုက်သည်။

“ဘာပဲပြောပြော ညီမနဲ့မှ မသက်ဆိုင်တာ..”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now