အပိုင်း(၁၅)

2.6K 168 0
                                    

Unicode

နောက်လပတ်စာမေးပွဲတွင်တော့ နှစ်ယောက်လုံး အရင်ကထက် အမှတ်ကောင်းလာသည်။ ငယ်ကတစ်မှတ်တန်ဖြေရာတွင် သွင့်ထက်တောင် အမှတ်များသေးသည်။ နေ့လည်စာကြည့်ဆောင်ဘက်ကိုလည်း ငယ်ကအတူတူ လိုက်လာပြီး စာလုပ်သည်။

တစ်ခါက နေ့ခင်းဘက်စာလုပ်ရင်း စာကြည့်ဆောင်ဘက်မှာပဲ အိပ်ပျော်သွားကြဖူးသည်။ အရင်ကဆို ကိုယ်ကအဲ့အချိန်မအိပ်တတ်။ ဘယ်လိုလုပ်အိပ်ပျော်သွားမှန်းတောင် မသိပါ။ နေ့ခင်းဘက် အတန်းစတော့ ကိုယ်တို့နှစ်ယောက်ပျောက်နေသောကြောင့် ဆရာကမေးသည်ဟု ဆို၏။ အိမ်ချစ်တို့ကလည်း အရင်က ထိုဘက်မှနေပြီး အတန်းကိုတန်းသွားသောကြောင့် သွားနှင့်ပြီအထင်နှင့် မသိကြပါ။ အတန်းခေါင်းဆောင် လာနှိုးမှသာ ကမန်းကတန်းထ၍ အတန်းဆီပြေးရသည်။ bio ဆရာကကြိမ်းလိုက်တာမှလွန်ရောပဲ။ အဲ့တာနဲ့ နှစ်ယောက်သား သူ့အချိန်ကို မတ်တပ်ရပ်ပြီး သင်ခဲ့ကြရသည်။ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ရယ်ချင်စိတ်ကိုထိန်းထားရင်းသာ စာအုပ်ကြည့်နေရသည်။
မဟုတ်လျှင် ဆရာ့ဆီက အဆူပိုခံရမည်မှာ သေချာသလောက်ပင်။

"happy birthday ပါ ငါးရက်ကြီးတဲ့မမ"
မနက်အိပ်ရာနိုးပြီး မျက်နှာသစ်ရန် အောက်ဆင်းအလာတွင် အခန်းထဲက ခူးကလှမ်းစသည်။ ဟုတ်သား...ဒီနေ့ သွင့်မွေးနေ့ပါလား။ ကိုယ်တိုင်မေ့နေတာပဲ။ ဘေးက ငယ့်ကိုကြည့်လိုက်တော့ ငယ်လည်းသတိမရပုံပင်။

"ကျေးဇူးပါ ညီမလေး..ဘာမှတော့မကျွေးဘူးနော်"
သွားတိုက်ဆေးထည့်နေရင်းက ခူးကိုပြန်ဖြေလိုက်သည်။

"အမလေး..မွေးနေ့ကြီးမှာ အကျင့်ပုတ်ချက်ကတော့"

ခူးအပြောကြောင့် ရယ်မိလိုက်သေးသည်။ ငယ်ကတော့
ဘာမှဝင်မပြော..တစ်ခုခုကိုစဥ်းစားနေဟန်ရှိသည်။ ငယ်ကသွင့်ထက် ၇လငယ်သည်။ သွင့်မွေးနေ့က ဇန်နဝါရီလထဲဖြစ်ပြီး ငယ်ကသြဂတ်စ်မှဖြစ်သည်။ ခူးနှင့်က ၅ရက်သာကွာသည်။ သူက၂၁ ကိုယ်က ၁၆။

ငယ်ကနေ့ခင်းရောက်သည်ထိပင် မွေးနေ့အကြောင်း ဘာဆိုဘာမှမပြောပါ။ အနည်းဆုံး ဟက်ပီးဗက်ဒေးလို့တောင် ဆုတောင်းမပေးသေး။ စိတ်ထဲတွင်တော့ နည်းနည်းထင့်နေသည်။ ဒါပေမယ့် ထုတ်တော့မပြောပါ..ငယ့်ဘက်ကအလိုက်သင့်ပြောလာတာပဲ လိုချင်သည်။

NephophileWhere stories live. Discover now