အပိုင်း(၁၂)

2.7K 186 0
                                    

Unicode

"ကိုကြီးကနင့်မွေးနေ့ကိုမနေ့ကမှန်းမသိလို့တဲ့..အဲ့တာငါ့ကိုတောင်ဆူနေတာ သူ့မပြောရကောင်းလားဆိုပြီး"

"အမယ်...သူကငါနဲ့ဘာဆိုင်လို့ငါ့မွေးနေ့ကိုသိရမှာလဲ။
နင့်မျက်နှာကြောင့်နော် ဖူးဖူး...မဟုတ်ရင် ငါငြင်းပြီးနေပြီ"

"ငြင်းတော့မငြင်းပါနဲ့ သူငယ်ချင်းရယ်
ငြင်းချင်လည်း ငါဆယ်တန်းပြီးအောင်ထိတော့စောင့်ပါဦး။
မဟုတ်ရင် နေ့တိုင်းနားပူနားဆာလုပ်တာခံနေရမှာ။ အခုလည်း ဒါလေးတော့မွေးနေ့လက်ဆောင်ဆိုပြီး ပေးလိုက်တာ..."

အရင်တစ်ခါစာပေးတဲ့ကိစ္စတုန်းကလည်း ဖူးဖူးကအတင်းယူခိုင်းနေ၍သာ ယူလိုက်ရခြင်းဖြစ်သည်။ အိမ်ချစ်တို့သုံးယောက်သာ ထိုစာကိုဖတ်၍ ငယ်ကတော့ ဖွင့်ပင်မကြည့်ခဲ့..ဘယ်ရောက်မှန်းတောင်မသိ။ အခုလည်း မွေးနေ့လက်ဆောင်ပေးနေပြန်ပြီ။

"ဒီတစ်ခါတော့ မယူပါရစေနဲ့ဖူးဖူးရယ်...ငါ့ဘက်က သူ့ကို မျှော်လင့်ချက်ပေးသလိုတွေ ဖြစ်နေလိမ့်မယ်။ ငါ့သဘောထားကိုလည်း နင်အသိဆုံးပဲလေ"
ဖူးဖူးကိုလည်း ကြားထဲကအားနာနေရသည်။

"အော်..ငယ်ကဒီမှာကိုး အပေါ်ထပ်မှာသွားရှာနေတာ။
စာကြည့်သွားမလို့..အဲ့တာဟိုဘက် လိုက်ဦးမှာလား"

"လိုက်မယ်...သွင်၊ ငါစာသွားလုပ်လိုက်ဦးမယ်နော် ဖူးဖူး"

"အေးအေး"

သွင်လာ၍သာ ဒီနေရခက်တဲ့ အခြေအနေကြီးက လွတ်မြောက်ခဲ့ရခြင်းဖြစ်သည်။ ကြာလာလျှင် ဖူးဖူးကိုငဲ့ပြီး ထိုလက်ဆောင်ကိုယူမိမှာ ကြောက်နေရသည်။

"ငယ်တို့အခန်းထဲက တစ်ယောက်မလား..စောနကသူက"

"အင်း..."
သွင့်ကိုပြောပြလျှင် ကောင်းမလား၊ မပြောပဲထားလိုက်လျှင် ကောင်းမလားမသိ။ တော်ကြာ ဘာမဟုတ်တဲ့ကိစ္စကြောင့်နှင့် သွင့်စိတ်ထဲတစ်မျိုးထင်မသွားစေချင်ပါ။ အရေးမကြီးလောက်ဘူးအထင်ဖြင့် ပြောမနေပဲသာ ထားလိုက်သည်။

သို့သော် ပြဿနာကား ညနေထမင်းစားချိန်တွင် စလာတော့သည်။

"ဖူးဖူးငါ့ဆီရောက်လာသေးတယ် နွေဦး...ကိုစစ်နိုင်ကပေးတဲ့ မွေးနေ့လက်ဆောင်ကို နင်ကမယူလို့တဲ့..အဲ့တာငါတို့ကို ကူပြောခိုင်းနေတာ"

NephophileМесто, где живут истории. Откройте их для себя