အပိုင်း(၉)

3K 208 0
                                    

Unicode

လပတ်စာမေးပွဲဖြေအပြီးတွင် အဆင့်အလိုက်နေရာများ ပြန်ခွဲပေးသောကြောင့် အတူတူထိုင်ရန် မဖြစ်တော့ပါ။
roll ၃ခုရှိရာ ငယ်နှင့်အိမ်ချစ်တို့က အလယ်roll တွင်ရောက်၍ ကျန်သူများမှာ အစွန်ဆုံးroll၌ ကျသည်။
ခူးတို့နှစ်ယောက်နှင့်အတန်းမတူသော်လည်း ထိုင်ခုံမှာ ရှေ့စဥ်နောက်စဥ်သာဖြစ်၍ မဆိုးသေးပါ။ ငယ်နှင့်အိမ်ချစ်ကလည်း ဘေးကပ်ရပ်ကျသည်။
ဇီဝဗေဒအတန်းချိန်ဆိုလျှင် ဘောဂသမားများက ထွက်ပေးရသဖြင့် ထိုတစ်ချိန်တော့ ကိုယ်ထိုင်ချင်သည့်နေရာ ထိုင်ရကြသည်။ ထို့ကြောင့် ငယ်နှင့်အတူစာသင်ရသည်မှာ ထိုအချိန်သည်သာလျှင် ရှိတော့သည်။

ညစာကြည့်ချိန်လည်းတိုးလာသည်။ ဆရာကြီးကိုယ်တိုင် စောင့်ခြင်းဖြစ်၍ သေသေချာချာ စာလုပ်ကြရသည်။ အောက်ထပ်၂ထပ်နှင့် အပေါ်ထပ်၂ထပ်စလုံး သုံးရ၍ အဆင့်အလိုက်ခွဲတမ်းချကာ အခန်းခွဲပြန်သည်။ ယောကျ်ားလေးများကတော့ သူတို့အဆောင်ဘက်၌ စာကြည့်ဆောင်သပ်သပ်ရှိသည်ဖြစ်ရာ ဒီဘက်လာစရာမလို။ ညစာစားပြီးချိန် ၇နာရီမှစကာ ၁၀နာရီထိ သတ်မှတ်ထားသည်။ အချိန်တဝက်လောက်ရောက်လျှင် ဒေါ်ဌေးကမုန့်များနှင့်ရောက်လာတတ်၍ မုန့်ဝယ်စားချိန် နာရီဝက်မျှ အနားပေးတတ်သည်။

ညအချိန်၌လည်း ငယ်နှင့်အခန်းမတူပြန်ပါ။ အပေါ်ထပ်ချင်းတူသော်လည်း ငယ်၊ အိမ်ချစ်နှင့်ရတီတို့က ဘေးအခန်း၌ကျသည်။ ခူးနှင့်သာအခန်းတူသည်။

"ဒေါ်ဌေးလာပြီတဲ့ ရှင်း...မုန့်ဆင်းစားဦးမလား"
ခူးက ကိုယ်စာကျက်ရာနေရာသို့ ရောက်လာ၍ မေး၏။

"မစားတော့ပါဘူး..ဗိုက်သိပ်မဆာလို့။ နင်သွားဝယ်မလို့လား"

"အေး..နင်မလိုက်ဘူးဆိုသွားတော့မယ်"
ခူးကပြောပြီး အခန်းထဲကထွက်သွားသောကြောင့် စာဆက်လုပ်နေလိုက်သည်။

"ဒီမှာ..နွေဦးကနင့်ပေးခိုင်းတာတွေ။ ငါဝယ်တာထက်တောင် သူ့ဖို့ယူလာရတာကများနေတယ်"

"ဟမ်..အော် အေးအေး"

ခူးဆီကမုန့်များအား လက်လွှဲယူလိုက်သည်။ ခူးပြောတာလည်းမမှား..ပေးလိုက်တာကနည်းနည်းနှောနှော မဟုတ်ပေ။ အချဥ်ပေါင်းထုပ်တွေ၊ ပေါင်မုန့်တွေနှင့် အချိုရည်ဗူးကပါသေးသည်။ မစားလျှင်လည်း ငယ်ကစိတ်ဆိုးမည်မှာ မုချဧကန်။

NephophileWhere stories live. Discover now