လက်ထောက်တစ်ယောက်က နဉ်ရှီ ပျင်းနေမည်စိုး၍ မဂ္ဂဇင်းတစ်အုပ်နှင့်အတူ ရေတစ်ခွက် ကမ်းပေးလာသည်။

အတော်ကြာ စောင့်ဆိုင်းပြီးနောက် နဉ်ရှီ မိတ်ကပ်ပြင်ရမည့်အလှည့် ရောက်လာခဲ့ချေပြီ။ နဉ်ရှီသည် ထိုင်ခုံပေါ်မှာသာ အိန္ဒြေရှိရှိ ထိုင်ပေးနေရင်း မိတ်ကပ်ဆရာကို ဘာမှအထွန့်မတက်ခဲ့ချေ။ ပေါင်းသင်းရလွယ်သော ပုံစံမျိုးလေးဖြစ်အောင် အပြုံးလှလှလေးတစ်ခု ချိတ်ဆွဲထားခဲ့လေ၏။

မိတ်ကပ်ဆရာသည် သရုပ်ဆောင်ပေါက်စ အများအပြား မြင်ဖူးပါသော်လည်း ယခုလိုသိမ်မွေ့ပြီး မျက်စိပသာဒဖြစ်သူမျိုး မြင်ရခဲလှသည်။ ထို့ကြောင့် သူမ၏ စိတ်ပင်ပန်းမှုများ လွင့်ပျယ်သွားကာ စိတ်အေးချမ်းလာခဲ့သည်။

နောက်ဆုံး သရုပ်ဆောင်များနှင့် Reality Show အဖွဲ့ဝင်များအားလုံး မိတ်ကပ်ပြင်ပြီးခါမှ မိတ်ကပ်ဆရာနှစ်ဦးနှင့် သူမတို့၏ လက်ထောက်များလည်း စိတ်သက်သာရာ ရသွားတော့သည်။

“ဒါက နဉ်ရှီလား.. အရမ်းလှလိုက်တာနော်..!”

နဉ်ရှီကို မပြင်ဆင်ပေးရသော တခြားမိတ်ကပ်ဆရာက သက်ပြင်းလေးချရင်း ပြောလာခဲ့သည်။ သူမက လက်ကို ဓားတစ်ချောင်းအသွင် လုပ်ပြလိုက်ရင်း..

“ခွဲစိတ်ထားတာမျိုး တစ်ခုခု..?”

နဉ်ရှီကို မိတ်ကပ်ပြင်ပေးခဲ့သော မိတ်ကပ်ဆရာမက ခေါင်းယမ်းလိုက်ရင်း..

“အကုန်လုံး သဘာဝအတိုင်းပဲ..”

ဘယ်သူရဲ့ရုပ်ရည်က သဘာဝအတိုင်းဖြစ်ပြီး ဘယ်သူက ပြုပြင်ထားသလဲဆိုတာ မိတ်ကပ်ဆရာများ အသိဆုံးဖြစ်၏။ သို့သော် အကုန်လုံးက ဖျော်ဖြေရေးရပ်ဝန်းမှာ ကျင်လည်နေရတာကြောင့် ဘယ်အရာကိုပြောသင့်ပြီး ဘယ်အရာကို မပြောသင့်မှန်း နားလည်ထားကြရသည်။ ထို့ကြောင့် မိတ်ကပ်ဆရာများက ဘာမှမသိသလိုသာ ဟန်ဆောင်ထားကြသည်။

“ကျို့ကျီဖျော်ဖြေရေးက အဲ့ကောင်မလေးကို ရတနာတစ်ပါးလို သဘောထားနေတာ အံ့ဩစရာမရှိတော့ပါဘူး.. ရုပ်လေးချောသလို ထင်သာမြင်သာလည်း ရှိတယ်.. နောက်ဆို သူမ,အတွက် ပရိသတ်ရှားမှာမဟုတ်ဘူး..” သူမက မိတ်ကပ်ပစ္စည်းများ ကောက်သိမ်းလိုက်ရင်း.. “ဒီတစ်ခေါက်တော့ ကျို့ကျီဘက်က ရွှေတုံးတူးမိတာပဲ..”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Unde poveștirile trăiesc. Descoperă acum