၁၀၀။ သူမအတွက် အရေးတယူ လှုပ်ရှား

4.2K 635 8
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - NC, Edge

၁၀၀။ သူမအတွက် အရေးတယူ လှုပ်ရှား

ကျင်းချူးချူးနှင့် ရှန်မြောင်တို့ အတူထွက်သွားခဲ့ကြသော်လည်း ပြန်လာတော့ သီးသန့်စီ ပြန်ရောက်လာကြသည်။ ဤသည်ကို သတိထားမိကြသူများလည်း ရှိဟန်မတူခဲ့ပေ။ သို့သော် ညနေစောင်းသောအခါ ရှန်မြောင်တစ်ယောက် လောင်ဖူးရန်၏ အရံခန်းဆောင်သို့ ဆိုင်းမဆင့်ဗုံမဆင့် ရောက်ချလာကာ ကျင်းချူးချူးကို ကိုယ်တိုင်ကိုယ်ကျ စကားလာပြောလေသည်။

တိုက်ဆိုင်စွာပင်၊ ကျင်းချူးချူးက စားပွဲပေါ်မှ လက်ဝတ်ရတနာများကို ထုတ်ကြည့်၍ ဝတ်လိုက် ချွတ်လိုက် လုပ်နေခဲ့သည်။ ထိုရတနာများအနက် ကျောက်စိမ်းလက်ကောက်တစ်ကွင်းမှာ အထင်းသားဖြစ်နေခဲ့သည်။ အရောင်က အလင်းပေါက်လုလု ကြည်လင်နေပြီး ကျောက်စိမ်းသားတစ်ခုလုံးက အရည်အသွေးမြင့်မားလှသည်။ ဤကျောက်စိမ်းရတနာမျိုးကို ဝယ်မည်ဆိုလျှင် ငွေချိန် ရာနှင့်ချီ၍ ပေးချေရမည်ဖြစ်ရာ ကျင်းချူးချူး တတ်နိုင်လောက်သည့် ပစ္စည်းမျိုး မဟုတ်ချေ။ ထိုမျှမက၊ မနေ့က ရှန်မြောင် ကျန်းပေါင်ကော၌ ရှိနေစဉ် ကျင်းချူးချူးအတွက် ဝယ်ပေးခဲ့သည့် လက်ဝတ်လက်စားများအထဲ ဤလက်ကောက် မပါခဲ့ပေ။

ရှန်မြောင် အခန်းထဲကို ဝင်လိုက်လျှင် ဝင်ပြီးချင်း ကျောက်စိမ်းလက်ကောက်ကိုသာ စိုက်ကြည့်နေခဲ့သဖြင့် ကျင်းချူးချူး အထိတ်တလန့်ပင် ဖြစ်သွားကာ သေတ္တာငယ်ထဲ အမြန်ကောက်ထည့်၍ သိမ်းထားလိုက်တော့လေသည်။ ရှန်မြောင်က ညင်သာပျော့ပျောင်းစွာသာ ပြုံးလျက် ဆိုခဲ့သည်။ "ပြောင်ကျဲရဲ့ ဒီကျောက်စိမ်းလက်ကောက်က သာမန် ရိုးရိုး အရည်အသွေးမဟုတ်ဘူးပဲ"

ကျင်းချူးချူးကလည်း ချိုသာနူးညံ့စွာ ပြန်မေးလိုက်လေသည်။ "ပဉ္စမညီမလေးက ဒီလက်ကောက်အကြောင်း သိနေတာလား"

"ခပ်ဆင်ဆင် အရည်အသွေးမျိုးနဲ့ လက်ကောက် တွေ့ဖူးတယ်၊ ဒါပေမဲ့ အရောင်ကတော့ ပြောင်ကျဲ ဥစ္စာလောက် မလှပါဘူး၊ အဲဒါတောင်မှ ကြမ်းခင်းဈေးက ငွေတုံး ၅၀၀ ရှိတာ၊ ပြောင်ကျဲရဲ့ လက်ကောက်ဆိုရင် ငွေတုံး ထောင်နဲ့ချီပြီး ဖြုန်းနိုင်မှ ဝယ်နိုင်မှာနော်" ရှန်မြောင်က အမှတ်တမဲ့ဟန်ဖြင့် ပြောလိုက်လေသည်။ ဤကျောက်စိမ်းလက်ကောက်မှာ အဖိုးတန်သည်မှန်သော်လည်း ငွေတုံး ၂၀၀၀ တော့ မကျော်နိုင်ပေ။ ငွေတုံး ၂၀၀၀ ဆိုသည်မှာကလည်း လက်ဝတ်ရတနာ များစွာကို ဝယ်နိုင်သော ပမာဏဖြစ်ချေသည်။ သို့သော် ကျင်းချူးချူးကဲ့သို့ ရွှေငွေရတနာများနှင့် လက်ပွန်းတတီးမရှိ နားမလည်သူကို သူမက ချဲ့ကား၍ ပြောသည့်တိုင်အောင် ကျင်းချူးချူးကတော့ သံသယမဖြစ်ဘဲ နားယောင်မိမှာ မလွဲဧကန်ဖြစ်လေသည်။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now