"နေရပ်ပြန်ရတော့မယ်ဆိုတော့ တက်ကြွလို့ပါလား အရှင်"

အလာတုန်းက လာခေါ်သည့် နတ်သားလေးက သူ့ကိုလှမ်းနှုတ်ဆက်လိုက်ခြင်းပင်။

"အင်း အခုတော်တော်စိတ်လှုပ်ရှားနေတယ်"

နတ်သားလေးက ဘာမှပြန်မပြောဘဲ ပြုံးရုံသာ ပြုံးပြီး ခေါင်းငြိမ့်ပြ၏။
ထိုနတ်သားကား အတော်ကိုချောပါသည်။
နတ်ပြည်ကမြင်းလှည်းသမားကတောင် သူ့ထက်ပိုခန့်ညားနေတာကိုတော့ နည်းနည်းမနာလို ဖြစ်မိသည်။

အတော်ကြာလမ်းလျှောက်လာပြီးနောက် ငြိမ်သက်နေသည့် ကန်ရေပြင်ကျယ်ကြီးဆီသို့ ရောက်၏။ အလယ်တွင် လှေတစ်စင်းက သူ့ဆီသို့ ခပ်ဖြည်းဖြည်းရွေ့လာနေသည်။ ပတ်ဝန်းကျင်က မြူခိုးမြူငွေ့များနှင့် စိုထိုင်းထိုင်း။

"မောင်ရင် ဟိုဘက်ကိုကူးမလို့လားကွဲ့"

လှေပေါ်မှ အဘိုးအိုက သူ့ကိုမေးလိုက်ခြင်းပင်။

"ဟုတ်ပါတယ် အဘိုး"

အဘိုးအိုကခေါင်းငြိမ့်ပြတော့ သူလည်း လှေပေါ်တက်လိုက်သည်။ လှေကတရွေ့ရွေ့နှင့် ကန်အလယ်သို့ ရောက်လာပြီဖြစ်၏။

"အဘိုး...ဒီမှာ တခြားဝိညာဥ်တွေလည်း မတွေ့ဘူးနော် သေတဲ့လူမရှိလို့လားဗျ"

"ဘယ့်နှယ့်မေးလိုက်ပါလိမ့် မောင်ရင်ရယ်၊ မသေတဲ့လူရယ်လို့ရှိလို့လား"

"မတွေ့လို့မေးမိတာပါဗျာ"

"‌အချိန်ကာလ အပိုင်းအခြားကြောင့် မောင်ရင် သူတို့ကိုမြင်ရမှာမဟုတ်ဘူးကွဲ့"

တိမ်ယံရှင်းမှာ ဘာမှနားမလည်သော်လည်း ခေါင်းသာငြိမ့်ပြလိုက်ရသည်။ အချိန်အနည်းငယ်ခန့် အကြာတွင် တစ်ဖက်ကမ်းသို့ရောက်ချေပြီ။

"ကျေဇူးပါ အဘိုး"

ပြောပြောဆိုဆိုနှင့် ကမ်းပေါ်တက်လိုက်တော့ သူ့ဘေးတွင် အရိပ်တစ်ခုဖြတ်သွားတာ လှစ်ကနဲမြင်လိုက်ရသည်။ လှေပေါ်က အဘိုးကြီးများ လိုက်လာတာလားလို့ လှည့်ကြည့်တော့ အဘိုးကြီးက ကမ်းနဲ့ ခပ်ဝေးဝေးပင်ရောက်နေပြီဖြစ်သည်။

ကိုယ့်ရဲ့အရှင်-My Lord[Completed]Where stories live. Discover now