Part-18

5.7K 451 36
                                    

[Unicode]
"ရှင်းငယ် ထ ထ"

"ဟမ် အမ်း....ဘာလဲဗျာ အစောကြီး"

အိပ်ကောင်းနေတုန်း အနှိုးခံလိုက်ရတာမို့ ကောင်လေးကမျက်လုံးများကိုပွတ်သပ်ကာ အိပ်ချင်မူးတူးဖြစ်လို့နေသည်။

"မစောတော့ဘူးရှင်းငယ်ရဲ့ နေမြင့်နေပြီ"

နေမြင့်နေပြီဆိုတဲ့စကားကြောင့် တိမ်ယံရှင်းက ဆတ်ကနဲထထိုင်လိုက်ကာ နန်းဆောင်ပြတင်းပေါက် ကိုအပြေးသွားဖွင့်လိုက်သည်။ အပြင်ဘက်မှာ ကောင်းကင်တစ်ခွင်လုံး မည်းလို့မှောင်လို့။ တိမ်ယံရှင်း မျက်နှာရှုံ့မဲ့လိုက်ကာ သူရဇ္ဇရဲ့ဘိုးဘေးတွေအထိပင် ကျိန်ဆဲချင်စိတ်ပေါက်သွားသည်။

ဘာကိုနေမြင့်ရမှာလဲ။ အခုမှမနက် 3နာရီခွဲ 4နာရီ ဝန်းကျင်လောက်ရှိသေးတာ။ လင်းသန့်မနက်တိုင်း 4နာရီခွဲ အနှိုးခံရသည်ကို လှောင်ပြောင်မိ၍ ဝဋ်များလည်လေသလားဟု အတွေးပင်ဝင်၏။

"ဘယ်မှာလဲဗျ ခင်ဗျားရဲ့ နေလုံးကြီး"

မျက်မှောင်ကြုံ့ကာ စိတ်ဆိုးသလိုလေးမေးလိုက်တော့ သူရဇ္ဇက ပြုံးစစ။

"ရှင်းငယ်မထမှာစိုးလို့ ကိုယ်တမင်ပြောလိုက်တာ"

"ကဲဗျာ ပြော ဘာကိစ္စလဲ အရေးမကြီးရင် ပြန်အိပ်တော့မယ်"

ပြောပြောဆိုဆိုနှင့်အိပ်ရာထဲပြန်ဝင်ဖို့ပြင်နေတဲ့ ကောင်လေးရဲ့ အင်္ကျီစကိုသူရဇ္ဇက လှမ်းဆွဲလိုက်သည်။

"ဒီနေ့ဥပုသ်နေ့လေ ရှင်းငယ်"

"ဘာကြီး ဥကသူ့ဟာသူပုပ်တာ ကျွန်တော်နဲ့ဘာဆိုင်လဲဗျ"

သူရဇ္ဇခေတ္တမျှဆွံ့အသွားသည်။ ဒီကောင်လေး အခုထိ အိပ်မှုန်စုံမွှားနဲ့ ပြောချင်တာတွေပြောတုန်း။

"ဘယ်ဥမှမပုပ်ဘူး ဥပုသ်နေ့ ဥပုသ်နေ့"

"သြော် အဲ့လိုလား...ဝှါး..."

ကောင်လေးက အကြောဆန့်ကာ သမ်းပင်သမ်းလိုက်သေးသည်။

"အဲ့ဒါစေတီမှာ သီလဆောက်တည်ပြီး ဥပုသ်စောင့်ရမှာ ရှင်းငယ်ကိုခေါ်သွားမလို့"

"ခင်ဗျားက ဥပုသ်စောင့်မယ်...ခုနကတင် စောစောစီးစီးကျွန်တော့်ကိုလိမ်နေတာ မဟုတ်ဘူးလား ခင်ဗျားသီလကမဆောက်တည်ရ သေးဘူး အရင်ကျိုးနှင့်နေပြီ"

ကိုယ့်ရဲ့အရှင်-My Lord[Completed]Where stories live. Discover now