"ဟာ....ကိုဒိုးလုံး လာဗျာ။ ထိုင် "

"မထိုင်တော့ဘူး ညီနောင်ရေ...နွား သိမ်းရင်း ညီနောင့်ဆီ အပြေးလာတာ။ ရော့.....မြေပဲဆံကြော်"

အနားစတို့အနည်းငယ်ဖွါနေသည့် အင်္ကျီလက်ပြတ် နှင့် ပုဆိုးဒူးလောက်တိကို၀တ်ထားသည့် ကိုဒိုးလုံးကလက်ထဲတွင်လည်း ကြိမ်တစ်ချောင်းနှင့်။ အမောတကောနှင့် ပခုံးတွင်စလွယ်သိုင်းထားသည့် လွယ်အိတ်ခပ်နွမ်းနွမ်းထဲမှ အသေအချာထုပ်ပိုးလာပြီး အတော်အသင့်အရွယ်ရှိသည် မြေပဲဆံကြော်ထုပ်ကိုထုတ်ပေးတော့ နောင် ကမန်းကတန်းလက်နှစ်ဖက်နှင့်လှမ်းယူရသည်။

"ကျွန်တော့်အတွက်လားဗျ"

"ဒါပေါ့ ညီနောင်ရ...။ ကြီးတော် ပြောတာတော့ ညီနောင် တို့ကမနက်ဖြန် တောထဲ၀င်ကြမယ်ဆို"

"ဟုတ်တယ်ဗျ.....တစ်ပတ် ဆယ်ရက်တော့ကြာမယ်ထင်တယ်"

"အဲ့ဒါကြောင့်ကျုပ်က မြေပဲဆံကြော်လေးလာပေးတာ။ ကျုပ်နွားကျောင်းထွက်ရင် နှင်းနွယ် ကမြေပဲဆံလေးကြော်ပြီး ထည့်ပေးနေကျဗျ။ မနေ့ကတော့ ညီနောင်တို့တောထဲ၀င်မယ်ဆို တဲ့ကြီးတော်ပြောစကားကြားတာနဲ့ နှင်းနွယ်ကိုပိုကြော်ခိုင်းခဲ့တာ"

"ဟာ....ကျေးဇူးပါဗျာ။ ကျွန်တော်က မြေပဲဆံဆိုသိပ်ကြိုက်တာဗျ။ အခုတောင်အနံ့လေးမွှေးနေရော။ စားလိုက်ရင်စိမ့်နေတော့မှာ"

"ကြိုက်လို့တော်သေးတာပေါ့ဗျာ။ ဒါဆိုကျုပ်သွားတော့မယ်ညီနောင်ရေ။ ကျုပ်နွားတွေကို ဖိုးထောင်နွားတွေနဲ့ ထည့်လွှတ်ပေးလိုက်တာ။ ဖိုးထောင်က စိတ်ချရပေမယ့် ဒီလိုအချိန်ကျ တစ်ယောက်တည်းလွှတ်ထားလို့မဖြစ်ပေဘူးဗျ"

"ဟုတ်ကဲ့ ကိုဒိုးလုံး။ ဂရုတစိုက်သွားအုံးနော်ဗျ!"

ခြံဝမှာ လှမ်းအော်ပြောသည့် နောင့်ကို လက်ပြကာ ရွာအဝင်လမ်းဘက် ဦးတည်ကာခပ်သုတ်သုတ်သွားသည့် ကိုဒိုးလုံးက သူကြီးတို့အတွက်တော့အတော်ပင်အားကိုးရလောက်သည်။ မည်သို့တော်စပ်သည်ကိုမသိပေမယ့် နွားကျောင်း ၊ကျွဲကျောင်းမှအစ ကောက်စိုက် ၊ပျိုးနှုတ်အဆုံး ထင်းခွေ၊ ရေခပ်အထိ ကိုဒိုးလုံးက လှည့်ကြည့်စရာမလိုအောင် လိုက်လုပ်ပေးတတ်သည်ကို နောင် သတိထားမိသည်။

"နောင့်" ရိုးမ ရာဇာWhere stories live. Discover now