အပိုင်း -၁၈၈ ( အရှက်မရှိခြင်း )

Start from the beginning
                                    

ဒါပေမဲ့ သူမသားပြောတဲ့ နည်းနည်းဆိုတဲ့ ငွေပမာဏကို ကြားလိုက်ရချိန်မှာတော့ အဘွားကြီးကျန်း တွန့်ဆုတ်သွားတော့တယ်။ သာမန် တံငါသည် မိသားစုလေးအတွက် လျန်ငါးရာဆိုတာ နည်းတဲ့ ပိုက်ဆံမှ မဟုတ်တာ။ အဘွားကြီးကျန်းရဲ့ ကော်တစ်ရာ ကပ်စီးနှဲလို အပြုအမူတွေနဲ့ မုဆိုးကျောက်ရဲ့ လျော်ကြေးငွေ လျန်သုံးရာနဲ့မှ သူတို့လက်ထဲမှာ လျန်လေးရာလောက်ပဲ ရှိတာ။ သူတို့မှာ ရှိရှိသမျှ ပေါင်နှံရောင်းချပေးရင်တောင် လျန်ငါးရာရဖို့ မဖြစ်နိုင်ဘူး!!

မနေ့ညက သူမ အကြပ်ရိုက်နေချိန်မှာပဲ အမျိုးသမီးလီက အခန်းထဲဝင်လာပြီး ယွီမိသားစုက စိုက်တဲ့ ဖရဲသီးတွေက တစ်လုံးကို ငါးလျန်နဲ့ ရောင်းနေရတဲ့အကြောင်း လာပြောတယ်။ ဒါကို ကြားလိုက်ရချိန် လမ်းပျောက်နေတဲ့ အဘွားကြီးကျန်းက အလင်းရောင်လေး မြင်လိုက်ရသလို ခံစားလိုက်ရတယ်__ သူမသားငယ်အတွက်သာဆို သူမကတော့ ဓားပြပဲတိုက်ရ တိုက်ရ ပိုက်ဆံကိုတော့ မရရအောင် ရှာမှာပဲ!!

ဒါကြောင့် သူမက ဒီမနက် မြို့တက်လာပြီး ပုန်းလျှိုးကွယ်လျှိုးနဲ့ ယွီဟိုင်တို့ ဖရဲသီးဆိုင်ကို စောင့်ကြည့် လေ့လာနေခဲ့တယ်။ ဖရဲသီးဆိုင်က အတော်လေး ရောင်းကောင်းတယ် ဆိုရမယ်။ မနက်ကနေ နေ့လည်အထိ ဆိုင်ရှေ့မှာ ဝယ်သူတွေ လာကြတာ ချောင်းပေါက်မတတ်ပဲ။ ဆိုင်ထဲ ဝင်သွားတဲ့ ဘယ်သူမဆို လက်ထဲ ဖရဲသီးတစ်လုံး၊ နှစ်လုံး ပိုက်ပြီး ပြန်ပြန်ထွက်လာကြတယ်။ သူမ ဒါကို ကြည့်ပြီး စိတ်ထဲမှာ တွက်ချက်နေမိတယ်။ တကယ်လို့ ဖရဲသီးတစ်လုံးကို ငါးလျန်ဆို ဒီဖရဲသီးဆိုင်ကနေ တစ်နေ့ တစ်နေ့ လျန်ရာနဲ့ချီ ရမှာ ကျိန်းသေပဲ။ ထိုအတွေးနဲ့အတူ အဘွားကြီးကျန်းက ယွီဟိုင်ဆီကနေ ပိုက်ဆံတောင်းဖို့ ပိုပြီးတော့တောင် ယုံကြည်ချက်ရှိလာတယ်။

သူမ ဘာလို့ ဒီအချိန်မှ လာခဲ့ရသလဲ... ဒါပေါ့ သူမမှာ အကြံရှိလို့လေ။ အရင်က အဖြစ်အပျက်တွေအရ အဘွားကြီးကျန်းက ယွီရှောင်ချောင်းရဲ့ အစွမ်းအစကို သိနေတယ်။ အခုဆို အဲ့ဒီ သောက်ကလေးမလေးမှာ ဩဇာညောင်းပြီး ရာထူးကြီးတဲ့ မွေးစားအဖေကလည်း ရှိနေသေးတော့ သူမကို အော်ဟစ် ရိုက်နှက်ပြီး ပိုက်ဆံတောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ယွီဟိုင်ကျတော့ ထိန်းချုပ်ရလွယ်တယ်။ တကယ်လို့ သူမသာ သားသမီးဝတ္တရားတွေကို ထိုင်ရွတ်ပြလိုက်ရင် ယွီဟိုင်လိုလူက ဘယ်လိုမှ သူမတောင်းဆိုတာကို ငြင်းနိုင်မယ့်နည်းလမ်း ရှိမှာမဟုတ်ဘူး။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now