နှင်းတစ်ပတ်အကြာကျောင်းပြန်တက်သောအခါ ယမုံထူးနှင့်ကြာညိုခင်ကသူမ၏အမှာစကားအတိုင်း နှင်းအခန်းထဲသို့၀င်လာလာချင်း အလုအယက်တောင်းပန်ကြလေသည်။အလုအယက်တောင်းပန်နေသည့်နှစ်ယောက်ကိုနှင်းကပြေရာပြေကြောင်းပြောပြရလေသည်။
"နှင်းငါတောင်းပန်ပါတယ်ဟာ ငါ့ကြောင့်ဖြစ်ရတာပါအကုန်လုံးက"
"ရပါတယ်ဟာ နင့်ကြောင့်ရယ်မဟုတ်ပါဘူး"
"ယမုံထူးနင့်စိတ်ထဲဘာမှတွေးမနေနဲ့"
"ငါလည်းတောင်းပန်တယ်နော်နှင်း ငါဒေါသမထိန်းလိုက်လို့နင့်လက်ကိုဓားနဲ့စိုက်မိတာ"
"ဪ ကြာညိုခင်ရယ် နင်တမင်လုပ်တာမှမဟုတ်တာ"
"နင့်ကိုလည်းငါ့စိတ်ထဲမှာမတော်တဆကြောင့်ဖြစ်တာလို့ပဲမှတ်ပါတယ် ရတယ်စိတ်ထဲမှာတွေးမနေနဲ့"
"ကျေးဇူးပါနှင်းရာ"
"ရပါတယ်ငါတို့ကတစ်တန်းတည်းသားချင်းပဲကြာညိုခင်"
ထို့နောက်လုပ်နေကျအလုပ်ဖြစ်သောမနက်ခင်းသူမအချိန်ရောက်ခါနီးလျှင် အကြိုအပို့လုပ်ရမည့်အလုပ်အတွက် အောက်ထပ်နားနေခန်းသို့နှင်းဆင်းသွားလေသည်။နားနေခန်း၀သို့ရောက်သောအခါ ကြိမ်ခြင်းလေးကိုအဆင်သင့်ကိုင်ထားကာ အခန်း၀တွင်ရပ်နေသောထိုအမျိုးသမီးကိုတွေ့ရလေသည်။ဒီနေ့တော့ပန်းတွေဝေနေအောင်ပန်မထားပေ။သူမလက်ထဲကကြိမ်ခြင်းလေးကိုနှင်းကိုပေးလိုက်ပြီးနှစ်ယောက်သားအပေါ်ထပ်ခန်းသို့တက်လာခဲ့ကြသည်။
နှင်းသည်ဘေးကခပ်ကြောက်ကြောက်ကလေးခြင်းကိုဆွဲလျက်လိုက်ပါလာသည်။အဘယ့်ကြောင့်ဆိုသော် သူမစိတ်မှာမိမိအပေါ်နူးညံ့ပျော့ပြောင်းလာခြင်းမရှိသေးသောကြောင့်ဖြစ်ရာ မိမိကစ၍ စကားလမ်းကြောင်းရှာရန်မလွယ်ကူပေ။လှေကားသို့အတက်တွင်သူမထံမှစကားတစ်ခွန်းထွက်လာခဲ့သည်။
"သမီး လက်ကဒဏ်ရာ သက်သာလား"
"ဟုတ်သက်သာပါတယ်တီချယ် ဒီမနက်ကျောင်းလာရင်းတောင် ကျောင်းရှေ့ကဆေးခန်းမှာ၀င်ပြခဲ့သေးတယ်"