လုမန် မျက်ဝန်းတွေ မှေးစင်းသွား၏။
“ မလုပ်နိုင်ဘူး .. ကျွန်မက ဘာမှမဟုတ်တဲ့လူ .. စကားပြောရဖို့နေနေသာသာ ဟန်ကျိုးလီနဲ့ တွေ့ရဖို့တောင် ခက်တယ် ”

“ ညည်းပဲ သူ့ကုမ္ပဏီမှာ အလုပ်ဝင်တော့မှာဆို .. ဘာလို့ မတွေ့ရမှာလဲ ”

လေသံက ချက်ချင်းပဲ ပြောင်းသွားပြန်သည်။

“ အဟွန်း.. အဖေတို့တွေ ကျွန်မ ဘယ်ဌာနမှာအလုပ်လျှောက်တယ်ဆိုတာကို စုံစမ်းပြီးတော့ အလုပ်မခန့်အောင် အဲ့ဒီကဌာနခေါင်းဆောင်ကို ကျွန်မရဲ့မကောင်းကြောင်းတွေအားလုံး သွားပြောထားပြီးပြီမို့လား ”

လုချီယွမ် ငြင်းလျှင်တောင် လုမန် မယုံပါ။

ထို့ပြင် လုချီလည်း အဲ့ဒီမှာ ရှိနေခဲ့သည်။ သူတို့နှစ်ယောက်ဟာ လုမန် ကောင်းကျိုးဖြစ်မည်ကို မလိုလားကြသဖြင့် ဘာမှမလုပ်ခဲ့ဘူးဆိုတာတော့ လုံးဝ မဖြစ်နိုင်။

ပြီးတော့ တစ်ယောက်တည်းရှိနေလျှင်တောင် သူမ သာနေရင် မခံနိုင်ကြသည့် နှစ်ယောက်က အတူပူးနေသည်ဆိုမှတော့..

လုမန်ပြောလိုက်သည့် စကားတွေ​ကြောင့် လုချီယွမ် မှင်တက်ပြီး အသံတိတ်သွားတာ အတော်ကြာ၏။ လုမန် ဘယ်လိုသိပြန်တာလဲ!

လုမန် သူ့အကြောင်းကို ကောင်းကောင်းသိနေတယ်လို့တော့ လုချီယွမ် မစဥ်းစားမိပေ။ သူမကတော့ ခြေချောင်းလေးနဲ့ စဥ်းစားရင်တောင် သူ့ကို နားလည်နိုင်သည်။ 

ခု တိတ်ဆိတ်နေခြင်းဟာ ဝန်ခံခြင်းမည်လား..

ဒါကို ထင်ထားပြီးသားဖြစ်ပေမယ့် ရင်ထဲမှာတော့ ပူလောင်သွားသည်။ မျက်လုံးတွေလည်း ဒေါသကြောင့် အနီရောင်သန်းသွား၏။

မေးရိုးတွေတင်းကာ နှုတ်ခမ်းသားတွေကိုလည်း ခပ်တင်းတင်း ဖိကိုက်ထားမိသည်။ ပြီးမှ
“ အဖေ! ”

“ ဟုတ်တယ် ရှင်က ကျွန်မအဖေပဲ .. ရှင် ဘာဖြစ်ချင်တာလဲ .. ဘာကိုလိုချင်တာလဲ .. ကျွန်မကိုရော ဘယ်အခြေအနေအထိရောက်အောင် တွန်းပို့နေမှာလဲ .. ဟင် .. ”
အကူအညီတောင်းတာတောင် ညင်သာခြင်းမရှိ။ ကြွေးတောင်းသလို တောင်းလေသည်။ 

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now