ရွှီဟွေ့က အံ့အားသင့်သွားသည်။ လုမန်အိမ်မှာတုန်းက သူမချက်ပြုတ်နေတာကိုမြင်ပေမယ့် သူမအတွက် ချက်ပြုတ်နေခြင်းဟုပဲ သူ ထင်ခဲ့သည်။ သူတို့အတွက်ပါ ချက်ပြုတ်လိမ့်မည် ဟု မမျှော်လင့်ထားမိပေ။

“ ဒါဆို.. အားမနာတော့ဘူးနော် ကျေးဇူးပဲ ”
ကျိုးချန်နှင့် ရွှီဟွေ့မှာ နေ့လယ်စာဘူးတွေကို ယူလိုက်ကြသည်။ 

“ အရင်ကတော့ အစ်ကိုတို့ရှိနေမှန်း မသိလို့ ဘာမှမကျွေးရတာ..အခုကစပြီး နေ့လယ်စာနဲ့ ညစာကို ကျွန်မတာဝန်ထားလိုက်ပါနော်..” 
လုမန်ပြုံး၍ ပြောလိုက်သည်။

စောစောက သူမအိမ်မှာတုန်းက လုမန်အချက်အပြုတ်ဘယ်လောက်ကောင်းကြောင်း ရွှီဟွေ့ သိခဲ့ရပြီး ဖြစ်ကာ မွေးပျံ့သင်းထွက်လာသည့် ဟင်းပွဲအနံ့တွေကြောင့် သူ တံတွေးပင် မျိုချမိသည်။

အိမ်ထမင်းအိမ်ဟင်းတွေသာ စားရမယ်ဆိုရင် ဘယ်သူက ပါဆယ်ဆွဲစားချင်တော့မှာလဲ?

သို့ပေမယ့် သူတို့မှာ အားနာစွာဖြင့် “ ဒုက္ခများတော့မှာပဲ ” ဟု ပြန်ပြောလိုက်ကြသေးသည်။

“ မများပါဘူး..ကိုယ်စားဖို့လည်း ချက်ရတာပဲလေ..လူနှစ်ယောက်စာအတွက် ပိုပြင်ရရုံလေးပဲ ရှိတာကို..တကယ်ဆို အစ်ကိုတို့တွေကိုတောင် ဒီက ကျေးဇူးတင်ရဦးမှာ ” လုမန်က ပြောရင်း သူတို့လက်ထဲက နေ့လယ်စာဘူးတွေကို ကြည့်လိုက်ကာ “ အထဲဝင်ပြီး အတူလာစားကြပါလား၊ အားနာစရာမလိုဘူးနော်၊ အစားအစာဆိုတာက ပူတုန်းလေးစားမှ ကောင်းတာ.. ”

ထို့ကြောင့် သူတို့လည်း ဟိတ်ဟန်ထုတ်မနေဘဲ လူနာဆောင်ထဲသို့ဝင်ကာ စားပွဲတွင် ဝင်ထိုင်ပြီး နေ့လယ်စာကို အသော့စားလိုက်ကြသည်။

ထိုအချိန်အတောအတွင်း လုမန်က ရှချင်းဝေကို ခိုစွပ်ပြုတ်တိုက်၏။ 

စားသောက်ပြီးကြတော့ နေ့လယ်စာဘူးတွေကို စုကာဆောင်းကာဖြင့် လုမန်က ဆေးရအောင် ထွက်သွားသည်။

ဒါကို အားနာစရာလို့ ထင်သည့် ကျိုးချန်နှင့် ရွှီဟွေ့ကတော့ စားပြီးလို့မှ ပန်းကန်ခွက်ယောက်တွေမဆေးရရင် ရိုင်းရာကျတယ်လို့ ဆိုကာ လုမန်ဘာပြောပြော သူတို့နေ့လယ်စာဘူးခွံတွေကို မ​ပေးဘဲ ဆေးကြောပြီးမှ ပြန်လာပေးသွား၏။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now