လုမန်ဘာပြောပြော နှစ်ယောက်လုံးက အထဲဝင်ရန် ငြင်းဆန်နေသည်မို့ လုမန်လွှတ်ထားလိုက်ရုံပဲတတ်နိုင်သည်။

လူနာဆောင်ထဲသို့ ပြန်ရောက်သောအခါ ရှချင်းဝေက ချက်ချင်း မေးလာပါသည်။
“ အပြင်က ကလေးနှစ်ယောက်ကဘယ်သူလဲ ”

“ သမီးမိတ်ဆွေရဲ့လူတွေပါ မေမေ၊ အဖေလာပြီးပြဿနာရှာမှာစိုးလို့ သူက စောင့်ရှောက်ရအောင် လူနှစ်ယောက်ထားရစ်ခဲ့တာပါ ”
ဟန်ကျိုးလီကို မိတ်ဆွေအဖြစ်ပဲ လုမန် သတ်မှတ်နိုင်သည်။

“ မနေ့က မိတ်ဆွေဆိုတာလား ”
အန်တီချိုင်က စိတ်ဝင်တစား မေးလာပါ၏။

လုမန် ခေါင်းညိတ်ပြလိုက်ကာ..
“ ဟုတ်ကဲ့ အန်တီ...”

ရှချင်းဝေက အန်တီချိုင်ကို လှည့်မေး၏။
“ အစ်မချိုင်..အစ်မ မြင်ဖူးတယ်လား ”

“ အင်းပေါ့.. သူက အရပ်ရှည်ပြီး ချောတယ်ကွ.. အထက်တန်းကျပြီး သိက္ခာရှိတဲ့ပုံလေးလည်းပေါ်တယ်၊ မျက်နှာလေးက တော်တော်ကိုကြည့်ကောင်းတာကွယ်၊ ငါ့အမြင်မှာတော့ ခုခေတ်ပေါ်နေကြတဲ့ အနုပညာရှင်မင်းသားတွေအားလုံးထဲမှာတောင် သူနဲ့ယှဥ်နိုင်တဲ့သူတစ်ယောက်မှမရှိဘူး​ပဲ၊ နင့်ခွဲစိတ်ခကိုတောင် သူက ဇွတ်တွေရှင်းပေးသွားတာဟဲ့ သိရဲ့လား ”

အန်တီချိုင်က ပြုံးပြုံးကြီး စီကာတန်းကာဖြင့် သွက်သွက်ပြောချသွားလိုက်တာ...လုမန်မှာ တားချိန်ပင် မရလိုက်။

“ အို ကျွန်မခွဲစိတ်ခက နည်းတာမှမဟုတ်ဘဲကို.. မန်မန်.. သူက ဘယ်လိုမိတ်ဆွေမျိုးမို့လို့ သမီးကို ဒီလောက်များတဲ့ငွေပမာဏကြီးကို တစ်ခါတည်းပေးပြီး ကူညီရတာလဲ သမီး၊ ဒီလိုပဲ ပိုက်ဆံတွေအမြဲဆောင်လာတတ်သလား သူက ”
ရှချင်းဝေတော့ ယုတ္တိမရှိဘူးလို့ ထင်မိသည်။

သို့သော် ရှချင်းဝေအား မည်သို့မည်ပုံရှင်းပြရမည်ကို လုမန် မသိပါ။ ဘေးမှာရှိနေသည့် အန်တီချိုင်ကလည်း စူးစူးစိုက်စိုက်ကို နားစွင့်နေ၏။

လုမန်ရင်တုန်သွားသည်။ အန်တီချိုင်ဟာ လူကောင်းတစ်ယောက်ဖြစ်ပေမည့် ပါးစပ်ဖွာပြီး အတင်းစကားဆိုရတာကြိုက်လေသည်။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now