Chapter 44

9.2K 1.1K 49
                                    

Chapter 44 : ဘာချို့ယွင်းချက်မှ မရှိ

ညလမ်းလေး၏ ဝေဝါးမှုန်ဝေသော မှုန်းဖြရီဝေမှုသည် တစ်စုံတစ်ယောက်သောသူ၏ အပြုံးနုနုကို ဖုံးကွယ်ဖို့ရာ၊ မတတ်နိုင်ရှာ။ မြဲမြံစွာ လက်တွေကို ဆုပ်ထွေးထားမှုသည်ကား တွယ်ရစ်ထားပါသော နှောင်ဖွဲ့ကြိုးထုံးတစ်စ ရစ်ငင်ခြင်းကဲ့သို့။

မည်သည့်စကားသံမျှ မလိုအပ်ပါဘဲ ၊ ငြိမ်သက်ညင်သာသော နားလည်မှုများဟာ အချင်းချင်းကြား တည်ရှိနေလေ၏။

မိမိ ပျိုးထောင်ပေးခဲ့ပါသော လူသားလေး၏ အောင်မြင်မှုတွေက ပျိုးထောင်သူ၏ ပင်ပန်းခဲ့ရခြင်းတွေကို ပြေပျောက်စေသည့်အတိုင်း ။ မိုးမှောင်သည်ကား လင်းဒီပါအတွက်တော့ နွေလည်ခေါင်က စမ်းရေလို တည်ရှိမှုလေး။

" ရော့... ဖိနပ်ပြန်ဝတ်ထား။ ကိုယ်က ဘာမှမဖြစ်ပါဘူး"

လင်းဒီပါ မိုးမှောင် အရင်က သူ့အတွက် ချွတ်ပေးခဲ့ပါသည့် ဖိနပ်လေးကို မိုးမှောင်ခြေထောက်တွေရှိရာ ကိုင်းညွှတ်လျှက် စီးပေးလာချေသည်။ ထိုနူးညံ့ညင်သာသည့် လှုပ်ရှားမှုလေးကဆိုရင်ဖြင့်၊ လင်းဒီပါက မိုးမှောင်ကို မည်မျှလောက် တန်ဖိုးထားသနည်းဆိုတာကို ထင်ရှားစွာပင် မြင်နိုင်၏။ ကလေးပေါက်စလေး ထိခိုက်မှာဆိုး၍ ပူပန်နေသည့် ဖခင်တစ်ဦး၏ နွေးထွေးသော မေတ္တာကဲ့သို့ အပြည့်အဝ... မိုးမှောင်ကို လွမ်းခြုံမှု ပေးနေဆဲ ။

" ကျုပ် ခင်ဗျားကို ကုန်းပိုးချင်တယ်"

မိုးမှောင် ငယ်ငယ်က လင်းဒီပါ သူ့ကို ကုန်းပိုးပေးခဲ့သည့် အချိန်တစ်ခုကို အမှတ်ရကာ ပြောလာတော့၊ လင်းဒီပါက သူ့ကို အမှောင်ထဲ၌ အံ့သြစွာ ကြည့်လာတာကို မိုးမှောင် ခံစားသိရှိလိုက်ရသည်။

" မလိုပါဘူး"

မိုးမှောင်၏ တဇွတ်ထိုးဥာဉ်က ပေါ်ပေါက်လာပြီး၊ လင်းဒီပါ့အရှေ့ မြေကြီးပေါ် ဆောင့်ကြောင့်ထိုင်ချကာ၊ 'ဒီနေ့ ကုန်းပိုးပြီး အိမ်မပြန်မရမချင်း ထိုင်နေပါတော့မည်'ဆိုသည့် ဟန်လေးက စွန်းထင်းနေ၏၊

ဆွဲထူသော်လည်း မထသဖြင့်၊ လင်းဒီပါ သက်ပြင်းငွေ့ငွေ့ချကာ၊ မိုးမှောင်ကျောပေါ် ခပ်ဖွဖွ တတ်လိုက်၏။ မိုးမှောင်နှင့် သူ့အရပ်၏ ကွာဟမှုသည် မဆိုသလောက်ရှိသော်ငြားလည်း၊ လင်းဒီပါဟာ ယောကျာ်းသားတို့ရှိသင့်၊ရှိထိုက်သည့် အရပ်အတိုင်းအတာပေမို့၊ လင်းဒီပါ ခြေထောက်တို့က မြေကြီးနှင့် သိပ်မလွတ်ချင်။

 မိုးမှောင် ( Complete )Where stories live. Discover now