Chapter 24

9.2K 1.1K 125
                                    

Chapter 24 : သူခိုးမိုးမှောင်

ဝေနှင်းလွင် သူမ အရှေ့က မိုးမှောင်ကို ကြည့်နေ၏။
ရွှေအိုရောင်သန်းနေသည့် အညိုရောင်မျက်နှာနုနုထက်တွင်
သနပ်ခါးအဖွေးသားအပြည့် နှင့်
ပါးပြင်ဖောင်းဖောင်းထက် ယုန်ရုပ်ကလေး။ 

မျက်နှာသေဖြင့် တစ်လောကလုံး သူ့လုပ်စာထိုင်စားနေရသလို ချီမော့နေသည့် ရုပ်ကလေးက
ခပ်တည်တည် မော့ကြွားနေ၏။

ဒီရုပ်ကလေ...တစ်ခါတစ်လေ ဖင်ရိုက်ပစ်ချင်စရာ ကောင်းသည်! ဒါကြောင့်လည်း သူမ ငယ်ငယ်တုန်းက ဒီကလေးကို ကြည့်မရခဲ့ခြင်း။ ယခုမူ ပြုံး၍သာ ကြည့်မိလိုက်တော့၏။

သူမဆီ ကော့တော့ ကော့တော့ဖြင့် လျှောက်လှမ်းလာကာ၊ သူမ အရှေ့၌
လက်လေးပိုက်လျှက် လာရပ်သည့် ကလေးငယ်ကို ဝေနှင်းလွင် ကြည့်လိုက်လေ၏။

ထူးထူးဆန်းဆန်း လင်းဒီပါဆိုသည့်သူရှိတော့၊
ဒီကလေးက ကျောင်းစိမ်းအင်္ကျီကိုတောင် သပ်သပ်ရပ်ရပ် ဝတ်ထားသည်ပဲဟု ဝေနှင်းလွင် မှတ်ချက်ပြု၏။

" ဆရာမ...ကျုပ် ဒီနေ့ နေမကောင်းချင်သလို
ဖြစ်နေလို့ နေ့တစ်ဝက်လောက်ခွင့်ယူမလို့"

" ဟမ်? "
ဝေနှင်းလွင် မိုးမှောင်ကို မျက်လုံးအပြူးသားကြည့်ကာ လက်ကို ဆန့်တန်းလျှက် သူမမောင်ဖြစ်သူ၏ နဖူးပြင်ကို လှမ်းစမ်းဖို့ ဟန်ပြု၏။

သို့သော်
မျက်စိလျင်သည့် မိုးမှောင်မှာ ကိုယ်ကိုရို့လျှက်
ရှောင်ကာ မျက်နှာလေး ငယ်ပြလိုက်လေသည်ပင်။

ဝေနှင်းလွင် ခဏမျှ ရှက်အမ်းအမ်းသွားကာ
လက်ကို ရုတ်လိုက်ရတော့သည်။

" ဒီမှာ ခွင့်စာပါလာပါတယ်"
မိုးမှောင် မိမိကိုယ်တိုင် ရေးထားသည့်
ခွင့်စာကို အဖေမတူ၊ အမေကွဲ အစ်မဖြစ်သူဆီ
ကမ်းပေးလိုက်၏။

" အင်း...ဂရုစိုက်နော်။ လိုက်ရန်ဖြစ်မနေနဲ့။
အိမ်တန်းပြန်။ ဒါမှမဟုတ် အကိုလင်းဆီ သွား..."

ဘယ်သူက အကိုလင်းလဲ?!
ဟမ့်! သူ့ဒီဒီကိုများ အကို အကိုနဲ့!
လင်းဒီပါဆိုသည့် လူကလည်း ဒီလို မိန်းမလှကို
မြင်တုန်းကဆို နွားပြာကြီးအောက်သွားမရှိ'သလို
ပြုံးနေလိုက်တာဆိုတာ! သူ အခုထိ မှတ်မိသေးသည်!
သူ့အစ်မဆိုပြီး အခွင့်ထူးခံယူနေတာ ...။
သူ့လင်းဒီပါဆီ ကပ်ချင်နေတာ နေမည်!
မိုးမှောင် စိတ်ထဲကနေ ခပ်ချဥ်ချဥ်တွေးလျှက်ပင် လိမ်မာသလို ခေါင်းညိတ်ပြလိုက်၏။

 မိုးမှောင် ( Complete )Where stories live. Discover now