အပိုင်း ၆၈ (ပိုကောင်းတဲ့အရွေ့အပြောင်း)

Start from the beginning
                                    

.....

[Unicode]
အပိုင်း ၆၈ (ပိုကောင်းတဲ့အရွေ့အပြောင်း)

ပျစ်နှစ်ပြီး အရသာရှိသော ဝက်ရိုးစွပ်ပြုတ်ကို တစ်ညလုံး သေချာနှပ်ထားတဲ့ ဝက်ရိုးတွေနဲ့ လုပ်ထားတယ် ။ ဂုဏ်ပြုထမင်းဝိုင်းရဲ့ အဓိက ဟင်းလျာကတော့ ဂျုံနဲ့နှံစားပြောင်းဂျုံမှုန့်တို့ကို ရောပြီး ပြုလုပ်ထားတဲ့ ပေါက်စီနွေးပဲဖြစ်တယ် ။
စားပွဲတိုင်း စားပွဲတိုင်းမှာ အရွက်ဟင်းလျာ ရှစ်ပွဲ ၊ အသားလေးပွဲ ၊ ဟင်းရည်ပန်းကန်ဇောက်ကြီး တစ်ပန်းကန် ရှိတယ်။ ရွာမှာကျင်းပတဲ့ စားပွဲတွေထဲတော့ ဒီဧည့်ခံပွဲက အကောင်းဆုံးတွေထဲ တစ်ခုလို့ ပြောလို့ရတယ် ။ ဒါ့အပြင် တချို့ဟင်းပွဲတွေဆို ရွာသားတွေ အခုမှ စ စားဖူးကြတာ ။ ပါဝင် ပစ္စည်းတွေက ရိုးရှင်းပေမယ့် အပြင်အဆင်က ထူးခြားတာကြောင့် အစားအသောက်တွေက လက်ဆတ်ပြီးအရသာရှိလှတယ် ။ ဒါကြောင့် စားပွဲကို လာစားတဲ့သူ မှန်သမျှဟင်းပွဲတွေကို အဆက်မပြတ် ချီးကျူးနေကြတယ် ။
ရွာထဲက အမျိုးသမီးလျိုနဲ့ဆက်ဆံရေးကောင်းတဲ့တချို့ အိမ်ထောင်သည်အမျိုးသမီးတွေက အမျိုးသမီးလျိုနားကပ်ရင်း မုန်လာဥနဲ့ဂေါ်ဖီရွက်ကိုပဲ သုံးပြီး ဘယ်လိုလုပ်များ ဒီလို စုံလင်နေတဲ့ ဟင်းပွဲတွေဖန်တီးနိုင်လဲဆိုတာကို ခပ်တိုးတိုးမေးနေကြတော့ အမျိုးသမီးလျိူက သူမသမီးကို နှစ်သက်စွာကြည့်ရင်း ဂုဏ်ယူမှုအပြည့်နဲ့
"ဟင်းပွဲ အများစုက ချောင်းအာရဲ့ စိတ်ကူးတွေပါ... သူက ကျွန်မနဲ့အကြီးဆုံးယောက်မကို ဘယ်လိုလုပ်ရမလဲဆိုတာ ညွှန်ကြားပေးတာ "
ရွာကလူတော်တော်များများ အမျိုးသမီးလျိူရဲ့ ဒုတိယသမီးအကြောင်းကို ရင်းနှီးနေကြတယ် ။ လွန်ခဲ့တဲ့ နွေရာသီက သူမ ကံမကောင်းစွာနဲ့ အတိတ်မေ့သွားခဲ့တယ် ။ ဒါပေမယ့် အဲ့လို အတိတ်မေ့ပြီးကာမှ သူမက အရင်ကထက် ပိုလိမ္မာ ပိုထက်မြက်လာလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားခဲ့မိကြဘူး ။ ဒါ့အပြင်သူမက အချက်အပြုတ်ကလည်း တော်သေးတယ်ဆိုတော့ ရွာသားတွေက ထပ်ခါတလဲလဲ ချီးမွမ်းနေကြတယ် ။
အစားအသောက်တွေ အဆင်သင့်ဖြစ်တော့ အမျိုးသမီးလီ ပေါ်လာတယ်။ အသစ်ဆက်ဆက် အိမ်နေရာအသစ်ကိုစစ်ဆေးကြည့်ရှုပြီး သူမ စိတ်ထဲ အမျိုးသမီးလျိုအပေါ် မနာလိုစိတ်တွေ တလိပ်လိပ်တက်လို့နေတယ် ။ ပြီးနောက်သူက ချဉ်စူးစူးလေသံနဲ့
"ဒုတိယယောက်မလောက် ငါတို့က ကံမကောင်းကြပါဘူး... အခုဆို နင်တို့ တစ်မိသားစုလုံး ခြံဝင်းတစ်ခုလုံးနဲ့အိမ်အကြီးကြီးကို ပိုင်နေပြီပေါ့ "
မီးဖိုချောင်ထဲမှာ လူတွေ ပျားပန်းခပ် အလုပ်ရှုပ်နေကြတယ်။ ရွာထဲက အမျိုးသမီးလျိုရဲ့ မိတ်ဆွေတွေကအစောကြီးထဲက ကူညီလုပ်ကိုင်ပေးဖို့ ရောက်နေကြတာ ။ ယွီချိုင်သျဲ့ကလည်း အဖွားကြီးကျန်းတားနေတာတောင် လာပြီး ဟင်းရွက်တွေကို ကူညီဆေးကြောပေးပြီး လိုအပ်တာတွေကို တက်ကြွစွာ ဝိုင်းကူလုပ်ပေးနေတယ် ။
ဒါပေမယ့် အမျိုးသမီးလီကတော့ အစားအသောက်တွေကို အပြင်ထုတ်ပေးဖို့လေးတောင် ကူညီမပေးဘူး။ အဲ့ဒီအစား သူမက သားဖြစ်သူလက်ကိုဆွဲပြီး စားပွဲမှာ မိန့်မိန့်ကြီးထိုင်နေတယ် ။ အစားအသောက်တွေ စားတဲ့အခါမှာတော့ သူတို့သားအမိက အနှစ်နှစ်အလလက ငတ်ပြတ်လာတဲ့သူတွေလို အငမ်းမရ စားသောက်ကြတယ်။ အမျိုးသမီးလီရဲ့ တူတွေက အကောင်းဆုံးဆိုတဲ့ ဟင်းလျာတွေပေါ်မှာ အလင်းအဟုန်နဲ့ ပျံသန်းနေပြီး သူနဲ့သူ့သားရဲ့ ဟင်းပန်းကန်ထဲကိုချည်း ထည့်နေတာ။ သူတို့နဲ့ တစ်စားပွဲတည်းထိုင်တဲ့ သူတွေကလည်း စိတ်ပျက်လက်ပျက်နဲ့ ခေါင်းညိတ်ကြည့်နေကြရုံမှအပ ဘာမှမတတ်နိုင်လေဘူး ။
စားပွဲမှာ စားပွဲစုစုပေါင်း ဆယ်ဝိုင်းရှိတယ် ။ အမျိုးသမီးလျိုက အစားအသောက်တွေကို လောက်ငှအောင် အလျှံအပယ်စီစဉ်ထားတာမို့ ဟင်းပွဲတွေက အများကြီး ကျန်နေသေးတယ်။ အမျိုးသမီးလီက အဝစားသောက်ပြီးတော့ ချက်ချင်းထွက်မသွားသေးဘဲ ခြံဝင်းထဲထိုင်ပြီး အဆီဖိန်းနေတယ် ။ ရိုးရာထုံးစံအရ, ကျန်တဲ့အစားအသောက်တွေကို စားပွဲမှာ ကူလုပ်ပေးတဲ့သူတွေရဲ့အိမ်ကို အညီအမျှစီ ခွဲဝေပေးရတယ် ။
ဒါပေမယ့် အမျိုးသမီးလီကတော့ ဓလေ့ကို ချိုးဖောက်ပြီး ဘာတစ်ခုမှ မလုပ်ကူပေမယ့် ကျန်တဲ့ဟင်းတွေကို ခွဲဝေပေးတဲ့အခါမှာတော့ အရှက်တရားကင်းမဲ့စွာနဲ့
" အာ... ဒုတိယယောင်းမ နင်တို့တွေ ကျန်တဲ့ဟင်းတွေအကုန်လုံးကို အကုန်မစားနိုင်လောက်ပါဘူး... အမေနဲ့တတိယမတ်လေး နင့်လက်ရာကို မြည်းစမ်းရအောင် ငါနဲ့နည်းနည်းလောက် ထည့်ပေးလိုက်စမ်းပါ "
"သာ့ရှန်းမိန်းမ , အိမ်ခွဲမနေခင်တုန်းက ရှင်တို့တွေ သူချက်တဲ့ဟင်းတွေ စားနေကြပဲမဟုတ်ဘူးလား... ဘာလဲခွဲရတာရက်နည်းနည်းလေးပဲ ရှိသေးတာတောင် သူ့လက်ရာကို လွမ်းနေကြပြီလား "
ယွီမိသားစုနဲ့ ကပ်လျက်အိမ်မှ ဟိုင်ရှင်းရဲ့ဇနီးက အာဝစ္ဇျာန်းရွှင်ပြီး အမျိုးသမီးလျိုနဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်။ သူတို့နှစ်ယောက်က မကြာခဏ ထင်းရှာတာတို့ ငါးညှီပင်ခူးတာတို့တွေ အတူတူ လုပ်လေ့ရှိတယ်။ ပြီးတော့ သူမက အမျိုးသမီးလျိုဆီမှာ ပန်းထိုးထည်တွေ ဘယ်လိုလုပ်ရလည်းဆိုတာ မေးလေ့ရှိတယ်။ အဲ့ဒီတော့ အခုချိန်မှာ သူမက အမျိုးသမီးလီကို ကောင်းကောင်းကြီး သရော်နေတော့တယ် ။
ဒါပေမယ့် အမျိုးသမီးလီက မကြားချင်ယောင်ဆောင်ပြီး ဆေးထားတဲ့ ဇလုံတစ်လုံးကို ဆွဲယူကာ ဟင်းတွေထည့်နေတယ်။ ဟင်းထည့်ရာမှာလည်း ယုန်သား ကြက်သားနဲ့ အသားပါတဲ့ ဟင်းတွေချည်း ရွေးထည့်နေတာ ။ နောက်ဆုံးမှာတော့ အသားပါတဲ့ဟင်းတွေ တစ်ဝက်နီးပါး သူ့ဇလုံထဲ ရောက်ကုန်တယ်။ ဟင်းတွေကို နင်းကန်ထည့်ထားတာမို့ သူမ ဇလုံပေါ်မှာအစားအသောက်တွေက တောင်တစ်ခုလိုကို မို့မောက်နေပြီ ။ သူမက စွပ်ပြုတ်အိုးကို လောဘတက်စွာ ကြည့်လိုက်ပြီးနောက် ထည့်မရတော့တာမို့ အင်တင်တင်နဲ့ ထွက်သွားတယ် ။ သူမ လမ်းလျှောက်တိုင်း အသားထူတဲ့ သူမရဲ့ဗိုက်ခေါက်က အိတုံအိတုံဖြစ်နေလေတယ် ။
ဟိန်ဇီက သူ့အမေခေါ်တာကြားတော့ နောက်ဖေးခြံဝင်းထဲကနေ ကပျာကယာထွက်လာတယ် ။ လက်ထဲမှာလည်းခြေထောက်နှစ်ခုကို စုချည်ထားတဲ့ ရစ်ငှက်တစ်ကောင်က ပါသေးတယ် ။ သူက အရှက်မရှိစွာနဲ့
"ဒုတိယအဒေါ်, အဒေါ်တို့ ခြံနောက်မှာ ယုန်နှစ်ကောင်နဲ့ ရစ်ငှက်တစ်ကောင်ရှိသေးတယ်...ကျွန်တော့်ကို အိမ်ယူသွားဖို့ တစ်ကောင်လောက်ပေးလိုက်ပါ.. ရတယ်မလား... ကျွန်တော် အသားမစားရတာ တစ်လလောက်ရှိပြီမလို့ ! "
ရှောင်ချောင်က ဒေါသထွက်လွန်းလို့ အော်တောင်ရယ်လုမိမတတ်ပဲ ။
ကြက်သားဟင်း တစ်ဝက်နီးပါးကို ယူသွားတာ ဘယ်သူလဲ? ဒါ့အပြင် ယုန်သားနဲ့ကြက်သားက တခြားတစ်ယောက်ယောက်ရဲ့ အစာအိမ်ထဲမှာပဲ ချီးဖြစ်သွားတာလား?
ဟိုသားအမိရဲ့ ပင်ကိုစရိုက်ကို သိနေတဲ့ အမျိုးသမီးလျိုကတော့ ဘာမှကို ပြောချင်စိတ်မရှိတော့ဘူး။ သူမက အဲ့ဒီမကောင်းဆိုးဝါးနှစ်ကောင် မြန်မြန်ပြန်သွားဖို့ကိုပဲ မျှော်လင့်နေမိတယ် ။ ကူညီပေးနေတဲ့ အမျိုးသမီးတွေလည်း မယုံကြည်နိုင်စွာနဲ့ ခေါင်းညိတ်နေဖို့ပဲ တတ်နိုင်တယ် ။ ယွီဟိုင်က ခြေထောက်က ဒဏ်ရာကြီးနဲ့ အမျိုးသမီးလျိုကလည်း အလုပ်တွေ အများကြီးမလုပ်နိုင်ဘူး နောက်ပြီး ကလေးတွေကလည်း ငယ်ငယ်လေးတွေ ရှိသေးတာ ။ အဲ့ဒါကိုတောင် အကြီးဆုံးယောက်မဖြစ်တဲ့ အမျိုးသမီးလီက ဘာတစ်ခုမှမကူညီတဲ့အပြင် သူတို့အိမ်က ပစ္စည်းတွေတောင် ယူသွားသေးတယ် ။ အမျိုးသမီးလျိုကတော့ ဒီလိုယောက်မမျိုးရတာ အတော်ကံဆိုးတာပဲ ။
ကူညီပေးတဲ့သူတွေကို ပြန်ပို့ပြီးတော့ အဖွားယောင်က အတော်နောက်ကျနေပြီဆိုတဲ့ အကြောင်းပြောတယ်။ ပြီးနောက် သူမကလည်း သူမ ချွေးမအကြီးဆုံးနဲ့အတူ အိမ်ပြန်သွားတယ်။ အဲ့ဒီညမှာ ရှောင်ချောင်းတို့မောင်နှမတစ်သိုက် အနွေးကုတင်ပေါ်ထိုင်ပြီး အလုပ်ရှုပ်နေကြတယ် ။ သူတို့တစ်မိသားစုလုံး ဒီနေ့ရဲ့ ကုန်ကျစရိတ်ငွေတွေကို တွက်ချက်နေရတယ်။
အိမ်ဆောက်တဲ့ အလုပ်သမားခငွေက အဲ့လောက်မကုန်ပေမယ့် အိမ်အတွက် လိုအပ်တာတွေ ပရိဘောဂတွေဝယ်တာနဲ့ဆို ငါးလျန်လောက်တော့ကုန်သွားတယ်... အိမ်တစ်အိမ် ဆောက်ရတာ ပင်ပန်းလိုက်တာ... လူတိုင်း အိမ်ကနေစားစရာတွေ ယူလာကြပေမယ့် ရှောင်ချောင်းက နေ့လည်စာအတွက် အယောက်စီတိုင်းကို ပေါက်စီနဲ့ဆန်ပြုတ်ပေးဖို့ ရည်ရွယ်ခဲ့တယ်... ပေါက်စီက ဂျုံမှုန့်တွေ နှံစားပြောင်းဂျူံတွေ ၊ ကန်စွန်းဥမှုန့်တွေနဲ့ ရောလုပ်ရတာဆိုတော့ အဲ့ဒီပါဝင်ပစ္စည်းတွေဝယ်ဖို့ ငွေတချို့လည်း သုံးလိုက်ရတယ် "
အိမ်ဆောက်တုန်းက ယွီဟိုင် ခြေထောက်က ဒဏ်ရာရနေဆဲဖြစ်တာမို့ သူက အရင်အိမ်မှာပဲ နားနေရတယ်။ ဒါကြောင့်မလို့ အခု အမျိုးသမီးလျိုက ယွီဟိုင်ကို အသုံးစရိတ်တွေ တွက်ပြနေရတာဖြစ်တယ် ။
ယွီဟိုင်က ရှောင်ချောင်းဆံပင်တွေကို ပွတ်သပ်လိုက်ပြီးနောက် ပြုံးလျက်
"ချောင်းအာ လုပ်တာ မှန်တယ်... ငါတို့မှာ ပိုက်ဆံအများကြီးမရှိရင်တောင် ငါတို့ကို ကူညီပေးတဲ့သူတွေကို ဒီတိုင်းကြီးအငတ်မထားသင့်ဘူး... ရွာသားအများစုက အစားအသောက်မလောက်ကျဘူး... မနက်ပိုင်းကို ပေါင်မုန့်ကြမ်းလေး စားရပေမယ့် အဲ့တာ နေ့လည်ထိ ဘယ်အစာခံပါ့မလဲ... ဒီတော့ သူတို့ အတွက် ထမင်းတစ်နပ်ကျွေးတာအရမ်းကောင်းတဲ့ အစီအစဉ်ပဲ... အကိုလီကလည်း ကျွေးတဲ့ပေါက်စီပေါင်းထဲမှာ ဂျုံမှုန့်တစ်ဝက်ပါလို့ ငါတို့မိသားစုကို သဒ်ဓါတရားထကျသနျတာကို ချီးကျူးနေတာ... သူက ပေါက်စီကိုမစားဘဲ အိမ်ကသူ့ကလေးတွေကို ကျွေးရအောင် ယူသွားတယ်တဲ့ "
တုန်ရှန်းရွာက ပင်လယ်ဘေးမှာ ရှိတဲ့ တံငါရွာသေးသေးလေးဖြစ်သည် ။ ရွာသားအများစုကလည်း ငါးဖမ်းတဲ့ အလုပ်နဲ့ပဲအသက်မွေးကြတယ် ။ အနီးအနားက လယ်ယာမြေတွေက သဲထူထပ်ပြီး သတ်မှတ်ထားတဲ့ ကောက်ပဲသီးနှံ အနည်းအကျဉ်းသာ အဲ့ဒီမှာ စိုက်လို့ရတယ် ။ သည်တော့ အိမ်အများစုက ကစီဓာတ်ရဖို့ စားသောက်ရာမှာ ပဲတောင့်ဂျုံတို့ ၊ ကန်စွန်းဥကော်မှုန်တို့ ၊ နှံစားပြောင်းတို့ လောက်ကိုသာ စားနိုင်တယ် ။ နှစ်သစ်ကူး ပွဲတွေကျမှသာ ဂျုံမှုန့်အကောင်းကို ဝယ်စားကြတာ များတယ် ။ ဒါကြောင့် အခု ဂျုံမှုန့်တစ်ဝက်တောင်ပါတဲ့ ပေါက်စီက ရွာသားတွေမျက်လုံးထဲမှာ အရမ်းအရသာရှိတဲ့ အဖိုးတန်လေး ဖြစ်လို့နေတယ် ။
အမျိုးသမီးလျိုက တစ်နေ့ထက်တစ်နေ့ ပိုပိုတော်ပြီးထက်မြက်လာတဲ့ သမီးဖြစ်သူကို ကြည့်ကာ ပြုံးလိုက်သည်။ ပြီးနောက်
" ဒီနေ့ စားပွဲရဲ့ ပါဝင်ပစ္စည်းအများစုက အကိုကျောက်ပေးတာ... ဝက်သားအတွက် ကြေးဒင်္ဂါး သုံးရာလောက်သုံးလိုက်ရတယ်... တခြားအသီးအရွက် အစာပလာတွေပါ ပေါင်းလိုက်ရင် တစ်လျန်လောက်ကုန်တယ်... အစကလက်ထဲမှာ ဆယ်နှစ်လျန်ရှိတာ အခု ငါးလျန်ကျန်သေးတယ် "
ယွီဟိုင်က ခတ္တမျှ စဉ်းစားလိုက်ပြီးနောက်
မင်းတို့အမေမိသားစုက သူတို့ သိပ်ပြီးမချောင်လည်တာတောင် သူများတွေဆီကချေးငှားပြီး ငါတို့မိသားစုကိုဆယ်လျန် ပေးနေတုန်းလား... သူတို့ ငါတို့ကြောင့်အကြွေးတင်တာက လုံးဝ အဆင်မပြေဘူး... မနက်ဖြန်တစ်ယောက်ယောက်ရှာပြီး ကျန်တဲ့ ငါးလျန်ကို မင်းအမေတို့ဆီပေးလိုက်သင့်တယ်... ငါတို့က နည်းနည်းပါးပါး ကျပ်တည်းလည်း အဆင်ပြေပါတယ်... အရေးကြီးတာက ငါတို့မိသားစု မင်းအမေတို့အပေါ် ဝန်ပိုဖြစ်မနေရင်ပြီးတာပဲ "
မိသားစုဆိုသည်မှာ ဒါပါပဲ ။ တစ်ယောက်ယောက်အခက်ခဲဖြစ်နေချိန်မှာ တခြားသူတွေက ကူညီဖို့ တွန့်ဆုတ်မနေဘူး ။ လူတိုင်း အလုပ်တူတူလုပ်ကြပြီး တစ်ယောက်သောကတွေ တစ်ယောက်မျှဝေကြရတယ် ။
ရှောင်ချောင်းက ဒီမိသားစုရဲ့ နွေးထွေးမှုလေးကို ခံစားလိုက်ရတယ် ။ သူမအခု ဆင်းရဲတွင်းထဲမှာ ဆိုပေမယ့် အခက်အခဲတွေကြားမှာ တစ်ယောက်တည်း အထီးကျန်မနေရဘူး ။ သူမမှာ အဖေ ၊ အမေနဲ့ မောင်နှမတွေရှိသေးတယ် ။ ရှောင်ချောင်းက တောက်ပစွာပြုံးရင်း သူ့အဖေနားကိုသွားကာ ခြေထောက်ကို ခြုံထားတဲ့ ဂွမ်းကပ်ဆောင်ကို ဖယ်လိုက်ပြီး
" အဖေ ခြေထောက်ကို အနှိပ်ခံရမယ့် အချိန်ရောက်ပြီ... အဖေ , ဒီသမီးရဲ့ မေတ္တာအပြည့်နဲ့ပြုစုပေးတာကို လက်ခံပေးလိုက်^^ "
ယွီဟိုင်ရဲ့ ခြေထောက်ရဲ့ အနာက တော်တော်ကြီးကို သက်သာတာမြန်တယ် ။ အခုဆို သူ့ခြေထောက်အနာက အဓိကအနားဖေးတောင် ကွာပြီးနေပြီ ။ ပြီးခဲ့တဲ့ ရက်က ရှောင်ချောင်းက ယွီဟိုင်နဲ့ မြို့ကိုသွားပြီ တုန်းရန်ဆေးတိုက်က ယွီဟိုင်ရောဂါအတွက် လက်မြောက်လိုက်ရပြီဆိုပြီး ပြောထားတဲ့ သမားတော်စန်းဆီ သွားစစ်ဆေးခဲ့ကြတယ် ။ သူတို့ကိုလည်းမြင်ရော သူ့ရဲ့ နီမြန်းမြန်းမျက်နှာမှာ အံ့ဩမှုတွေ ပြည့်နှက်နေပြီး ဒီဖြစ်စဉ်အတွက် သူအရမ်းအံ့ဩစိတ်လှုပ်ရှားကြောင်း ရှောင်ချောင်းတို့ကို ထပ်ခါတလဲလဲ ပြောနေတော့တယ် ။
သူတို့ ခေတ်သစ်အချိန်မှာဆိုရင်တောင် ဒီလိုဖြစ်စဉ်က တကယ်ကို ဆေးဘက်ဆိုင်ရာမှာ အံ့ဖွယ်ဖြစ်ရပ်ပဲ ။ ယွီဟိုင်ရဲ့ ခြေသလုံးကြွက်သားတွေက ကြေမွသွားပြီး သူ့ခြေထောက်မှာ အစိတ်အစိတ်အမွှာမွှာ ကြေမွမနေတဲ့ အသားဆိုတာကို မရှိခဲ့တာ ။ ကျောမှာလည်း တော်တော်ကြီးတဲ့ ဒဏ်ရာအပေါက်ကြီးက သူ့ကိုယ်တွင်းအင်္ဂါတွေကို ထိုးဖောက်မြင်ရလုမတတ်ကို နက်နက်ကြီး ဖြစ်ခဲ့တာ ။ အဲ့ဒီ ခြေထောက်ကဒဏ်ရာကြီးကြောင့် သူကမေ့တောင်မေ့မြောသွားခဲ့တာ။
ဒါတောင်သူက အခုအသက်ရှင်ပြီး မတ်တပ်တောင်ရပ်နေနိုင်ပြီဆိုတော့ ဒါ အံ့ဖွယ်ဖြစ်ရပ်မှမဟုတ်ရင် ဘာဖြစ်နိုင်ပါ့မလဲ!
အဲ့ဒီအချိန်တုန်းက ဆေးဆရာစန်းက ယွီဟိုင်ရဲ့ အတွင်းအားအလွန်ကောင်းပြီး အသက်တော်တော်ပြင်းတယ်ဆိုတာကိုပဲ တအံ့တဩပြောနိုင်တယ် ။ သူ့မှာ အသက်ကို စောင့်ရှောက်ပေးနေတဲ့ နတ်ဘုရား သေချာပေါက် ရှိကိုရှိရမယ် ။
ယွီဟိုင်ရဲ့ ခြေထောက်နဲ့ကျောက ဒဏ်ရာတွေကို စစ်ဆေးပြီးနောက် သူက သွေးခုန်နှုန်းကို ထပ်စမ်းတယ်။ တခြားဘာပြဿနာမှ မရှိတာ သေချာပြီဆိုမှ ဆေးဆရာစန်းက
"ဆေးတွေက ဆက်သောက်စရာ မလိုတော့ဘူး... ဒါပေမယ့် ခြေထောက်မှာရှိတဲ့ အရွတ်နဲ့သွေးကြောတွေက တော်တော်ထိထားတာဆိုတော့ မကြာခဏ နှိပ်ပေးတာမျိုးတော့ လုပ်ရမယ်... အသေအချာကြီးမပြောနိုင်ပေမယ့် နောက်ပိုင်းကျ လမ်းလျှောက်ရင် ချိုင်းထောက်တောင် လိုတော့မယ်မထင်ဘူး "
အဲ့ဒီတုန်းက ရှောင်ချောင်းက ဆေးဆရာစန်းဆီကနေ နှိပ်နည်းတွေ ကြည့်ခဲ့ပြီး စာနဲ့သေချာမှတ်ထားလိုက်တယ် ။ အဲ့ဒီ့ကတည်းက နှိပ်ပေးတဲ့အချိန်တွေမှာ အခွင့်အရေးရအောင်ယူပြီး သူမအဖေရဲ့ခြေထောက်ဒဏ်ရာကို ရောင်စုံကျောက်တုံးလေးနဲ့ မသိမသာပွတ်တိုက်တော့တယ်။
ကျိုးပြတ်ဒဏ်ရာရနေတဲ့ ကြွက်သားကြောတွေနဲ့ သွေးကြောတွေကို ရောင်စုံကျောက်တုံးရဲ့ စိတ်ဝိဉာဉ်စွမ်းအင်တွေနဲ့ ဖြည်းဖြည်းချင်းကုသစေတယ်။
သူမ အဖေ့ခြေထောက်တွေကို နှိပ်ပေးနေတုန်း ရောင်စုံအံ့ဖွယ်ကျောက်တုံးက သူမ လက်ကောက်ဝတ်ပေါ်ကနေအမှုမဲ့အမှတ်မဲ့ လျှောဆင်းသွားပြီး ခြေထောက်ပေါ်မှာ ယောက်ယက်ခပ်နေတယ် ။ ခြေထောက်ရဲ့သွေးကြောတွေပေါ်မှာ ဖြေးဖြေးချင်း စီးဆင်းနေတဲ့ ဒီခပ်မှိန်မှိန်ရွှေရောင်စီးကြောင်းလေးကို ရှောင်ချောင်းတစ်ယောက်သာ မြင်နိုင်တယ် ။
ယွီဟိုင်ခံစားရတာအားလုံးကတော့ ရှောင်ချောင်း နှိပ်ပေးတိုင်း သူ့ခြေထောက်မှာ ပူနွေးပြီး သက်တောင့်သက်သာအရမ်းဖြစ်စေတယ် ။ ခြေထောက်က ကိုက်ခဲမှုတွေ နာကျင်မှူတွေအားလုံး တဖြည်းဖြည်းပျောက်ကုန်ပြီး သူကငိုက်မြည်းလာတယ် ။ ပြီးနောက် အနှိပ်ခံနေရင်းနဲ့ပဲ သူက သက်တောင့်သက်သာ အိပ်ပျော်သွားတော့တယ် ။
ချောင်းအာ... သမီးပင်ပန်းနေပါ့မယ် နောက်ခါဆို အမေ့ကို နှိပ်နည်းသင်ပေး မင်းအဖေကို အမေပဲ နှိပ်ပေးလိုက်မယ် "
ရှောင်ချောင်းက ကျိန်းနေတဲ့ သူမရဲ့ လက်တွေကို ခါနေတာတွေ့တော့ အမျိုးသမီးလျိုက ဈိတျမကောငျးဖွဈကာဆိုတယျ ။
ရှောင်ချောင်းက ခေါင်းကိုခါယမ်းလိုက်ပြီး
" အမေ ဒါက အဖေ့အပေါ် လေးစားမှုနဲ့သားသမီးဝတ္တရားကျေပွန်မှုကို ပြသနိုင်မယ့် အခွင့်အရေးပါ... သမီးကိုမတားရဘူးနော်... ရှောင်လျန်လည်း သမီးကို နှိပ်နည်းသင်ပေးဖို့ ခဏခဏ လာပြောတယ် ဒါပေမယ့် သမီးငြင်းပဲ ငြင်းခဲ့တာ... အဖေနဲ့အမေက သမီးအပေါ်အရမ်းကောင်းပြီး သမီးကြောင့် ဝန်ထုပ်ဝန်ပို့အများကြီးဖြစ်ခဲ့ရတာ...အဲ့ဒါမို့ အဖေကိုနှိပ်ပေးရတာ ဘာမှကြီးလေးတဲ့တာဝန် မဟုတ်ပါဘူး"
တစ်နေ့လုံးပင်ပန်းလာခဲ့ကြတော့ တစ်မိသားစုလုံး အစောကြီးအိပ်ပျော်သွားကြတယ် ။ ရှောင်ချောင်းကတော့ နွေးထွေးတဲ့ အနွေးအိပ်ရာပေါ်မှာ တိတ်တဆိတ် လဲလျောင်းလို့နေတယ် ။ အိပ်ရာအောက်တစ်ထပ်မှာ ကောက်ရိုးအလွှာတစ်ခုရှိပြီး စောင်က အဖာပေါက်တွေကြောင့် ဂွမ်းတွေမာနေတာကလွဲလို့ အရင်အိမ်က အိပ်ရာထက်စာရင် ဒီအိပ်ရာက အများကြီး သက်တောင့်သက်သာပိုရှိတယ် ။
သူမဘေးမှာ ရှိနေတဲ့ ရှောင်လျန်က အိပ်ပျော်နေတာ သေချာပြီဆိုမှ ရှောင်ချောင်းက လက်ကောက်ဝတ်ကို မြှောက်လိုက်ပြီး အံ့ဖွယ်ကျောက်တုံးလေးကို ခေါ်လိုက်တယ် ။
" ကောက်ညှင်းဖက်ထုပ်လေး ကောက်ညှင်းဖက်ထုပ်လေး... "
[ အဲ့ဒီနာမည်ကြီး ဆက်ခေါ်နေဦးမယ်ဆို ငါမင်းကို စကားမပြောဘဲနေလိုက်တော့မှာနော်! ]
ရွှေရောင်အလင်းရောင်လေးက တဖြည်းဖြည်းနဲ့ ခေါင်းကြီးပြီး ဖျတ်လတ်တဲ့ မျက်လုံးတွေပါတဲ့ ရွှေရောင်ကြောင်လေးတစ်ကောင်အဖြစ် ပြောင်းသွားတယ် ။ အဲ့ဒီကြောင်လေးက ရှောင်ချောင်းကို သူ့မျက်လုံးအကြီးကြီးတွေနဲ့ စိတ်ဆိုးမာန်ဆိုး ကြည့်နေလေတယ် ။
ရှောင်ချောင်းက မာန်မဲနေတဲ့ကြောင်ကလေးရဲ့ နူးညံ့ချောမွေ့နေတဲ့ခေါင်းကို သူမ လက်ချောင်းထိပ်နဲ့ ပွတ်လိုက်ပြီး
"အေးပါ... အေးပါ... ဒါဆိုလည်း ကောက်ညှင်းဖက်ထုပ်လေးလို့ မခေါ်တော့ဘူး... မင်းကို ဘယ်လိုခေါ်ရင်ကောင်းမလဲ ? နာမည်အသစ်စဉ်းစားကြစို့။ အမ် ထိပ်ပြောင်လေးဆိုရင်ရော? ဘယ်လိုလဲ? "
ရွှေရောင်ကြောင်ငယ်လေးက ဒီစကားလည်းကြားရော ရှောင်ချောင်းရဲ့ လက်ကိုပုတ်ချဖို့ သူ့ရဲ့ တောင်ပံတွေကို ခါယမ်းလိုက်ပြီး စိတ်ဆိုးမာန်ဆိုးနဲ့
[ နောက်ပိုင်း ငါ့ခန္ဓာကိုယ် ကိုယ်ထည်အစစ်ရတဲ့အခါကျရင် ငါက အမျိုးသမီးတစ်ယောက်ဖြစ်မှာ..." ထိပ်ပြောင်လေး" ဆိုတဲ့ နာမည်က ဘယ်လိုတောင် ဆိုးဝါးစုတ်ပြတ်တဲ့ နာမည်လဲ! ဒီ ကြီးမြတ်တဲ့ အံ့ဖွယ်ကျောက်တုံးကို နတ်ဘုရားမနူဝါ ပေးတဲ့နာမည်ရှိတယ်... သေချာမှတ်ထား! " စက်ဝိုင်းလေး" တဲ့ ! အဲ့ဒါလေးက ခေါ်လို့မကောင်းဘူးလား "
" အီး.... စက်ဝိုင်းလေးတဲ့လား ဒါဆို ငါကစတုန်းရန်းပဲ ဟားဟား! ငါ့အထင်တော့ ကောက်ညှင်းဖက်ထုပ်လေးဆိုတဲ့ နာမည်လောက် ကောင်းတာမတွေ့သေးပါဘူး... အဲ့ဒီနာမည်က မင်းရဲ့ လုံးဝန်းတဲ့ ပုံလေးကိုလည်း ပေါ်လွင်စေပြီး ခေါ်ရတာလည်း ချစ်ဖို့ကောင်းတယ် ! ဒီတော့ ငါ ဒါကို ဆုံးဖြတ်ပြီးပြီပဲ ထားလိုက်တော့... ရှေ့လျှောက် ငါမင်းကို ကောက်ညှင်းဖက်ထုပ်လေးလို့ပဲ ခေါ်မယ်... မင်းအထွန့်တက်နေလည်း ငါကတော့ခေါ်မှာပဲ "
ရှောင်ချောင်းက အံ့ဖွယ်ကျောက်တုံးလေးကို အတင်းအဓမ္မ နာမည်ပေးလိုက်တယ် ။
" ကောက်ညှင်းဖက်ထုပ်လေး... မင်းစိတ်အထင် ငါ့အဖေခြေထောက် ဘယ်တော့လောက် ပိုကောင်းလာမယ်ထင်လဲ ? "
ရှောင်ချောင်အသံမှာ စိုးရိမ်မှုအနည်းငယ် ပျော်ဝင်နေတယ် ။ အရင်ရက်တွေတုန်းက အဖေက သူတို့ရှေ့မှာသာ အရယ်အပြုံးမပျက်တာ နောက်ကွယ်မှာ စိတ်ဓာတ်ကျပြီး အထီးကျန်နေမယ်ဆိုတာ သူမပြောရဲတယ် ။
သူမ အဖေက အရင်တုန်းက တက်ကြွပြီး စိတ်ဓာတ်ခိုင်မာတဲ့ လူတစ်ယောက် ။ သူက အမဲလိုက် ၊ ငါးဖမ်းကျွမ်းကျင်ရုံတင်မက ဝါးရိုင်းတွေကိုတောင် ကိရိယာတန်ဆာပလာတွေဖြစ်အောင် လုပ်နိုင်တယ်။ တကယ်လို့ သူ့ရဲ့ကျန်တဲ့ဘဝတစ်ခုလုံး ဒီချိုင်းထောက်ကြီးနဲ့ပဲ ကုန်ဆုံးရမယ်ဆို သူ စိတ်ဓာတ်ပိုကျမှာ ကျိန်းသေပဲ။

.....

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now