အပိုင်း၆၂ (ရောင်းစားခံရခြင်း)

Start from the beginning
                                    

......

[Unicode]
အပိုင်း၆၂ (ရောင်းစားခံရခြင်း)

ရှောင်ချောင်းနဲ့မောင်နှမတွေက သူမကို ပျော်ရွှင်စွာငြင်းလိုက်ပြီး သမီးတို့ မီးဖိုခန်းထဲမှာ စားပြီးသွားပြီ အမေ မောင်လေးရဲ့ဗိုက်ကိုထိကြည့်ပါလား ဖောင်းနေတဲ့ဖားလို လုံးနေတာပဲ အမေစားတော့လေ
အမျိုးသမီးလျိုက သူတို့ကို သိပ်တောင်မယုံချင်ဘူး။ သူမက ယောက္ခမဖြစ်သူရဲ့ ကပ်စေးနှဲတဲ့ အကျင့်စရိုက်ကို ကောင်းကောင်းသိပြီးသားဖြစ်သည်။ သူမရဲ့ ယောက္ခမက မီးဖိုချောင်မှာရှိတဲ့ ပါဝင်ပစ္စည်းတစ်ခုစီ ဘယ်လောက်ရှိတယ်ဆိုတာ အတိအကျသိတယ်။ နှံစားပြောင်းစေ့တွေက ရပေမယ့် သူမခွင့်ပြုချက်မရှိဘူးဆိုရင် ဂျုံမှုန့်၊ ကြက်ဥ၊ ဆန်တွေကို မသုံးဖို့ တင်းတင်းကြပ်ကြပ် တားမြစ်ထားတာ။
ရှောင်လျန်နဲ့ ရှီထုန်လေးကလည်း သူတို့စားပြီးပြီဖြစ်ကြောင်းပြဖို့ သူတို့ဗိုက်ကလေးတွေကို ပုတ်လိုက်တယ်။ ဒါကြောင့် အမျိုးသမီးလျိုက ခေါက်ဆွဲကို သူမယောက်ျားအားကျွေးလိုက်တယ်။ ယွီဟိုင်က သူ့မိန်းမအတွက် စိတ်မကောင်းဖြစ်ပြီး တစ်ယောက်တည်းစားဖို့ကို ငြင်းဆိုတယ်။ သူက အမျိုးသမီးလျို တစ်လုတ်စားပြီးမှ သူစားမယ်လို့ တွင်တွင်ပြောတယ်။ ဒီလိုနဲ့ ဇနီးမောင်နှံနှစ်ယောက်ဟာ ခေါက်ဆွဲတစ်ပန်းကန်ကို မျှဝေပြီး တစ်ယောက်တစ်လုတ်စီစားကြတယ်။
ယွီဟိုင်ရဲ့ တောင်းဆိုမှုကြောင့် မိသားစုငါးယောက်က ပန်းကန်အောက်ခြေကတွေ့တဲ့ ကြက်ဥနှစ်လုံးကို အတူတူစားကြတယ်။ ကြက်ဥကြော်သေးသေးလေးက ယွီရှောင်ချောင်းရဲ့စိတ်ထဲမှာ ဘာနဲ့မှနှိုင်းမရအောင် အဖိုးတန်တယ် ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီကြက်ဥကြော်တွေမှာ ခိုင်မြဲတဲ့ မိသားစုချစ်ခြင်းမေတ္တာတွေ ပါဝင်နေလို့ဖြစ်တယ်။
အဖေ အမေ! သမီးကတော့ ဒီအခွင့်အရေးကိုယူပြီး ဒီမိသားစုကြီးကနေထွက်သွားပြီး သမီးတို့ဘာသာနေသင့်တယ်လို့ထင်တယ်
ယွီရှောင်ချောင်းက အဖွားကြီးကျန်းရဲ့ ကပ်စေးနှဲမှုနဲ့ ကြမ်းတမ်းတဲ့စရိုက်ကို သည်းခံနိုင်းစွမ်းမရှိတော့ပဲ ပြောလိုက်တယ်။ အရင်တုန်းက သူမအဖေက အမဲလိုက် ငါးဖမ်းနိုင်တုန်းဆိုတော့ အဘွားကြီးကျန်းက သေချာပေါက် ထွက်သွားခွင့်ပြုမှာမဟုတ်ဘူး။ ဒါပေမဲ့ အခုက အဲ့လိုမဟုတ်တော့ဘူး။
မိသားစုက ခွဲထွက်တာလား သမီး အဘိုးအဘွားတွေက သက်ရှိထင်ရှားရှိနေသေးတယ် ဒါကြောင့် မိသားစုခွဲထွက်တာကို သဘောတူမှာမဟုတ်ဘူး
အမျိုးသမီးလျိုက ဘာကြောင့်မှန်းမသိ စိတ်ထဲဝမ်းနည်းသလိုခံစားမိတယ်။ သူမယောက်ျားခြေထောက် အကောင်းအတိုင်းဆက်ရှိဖို့ မသေချာသေးဘူး။ ထို့အပြင် သူမရဲ့ ကျန်းမာရေးအခြေအနေအရ သူမက လေးလံတဲ့အလုပ်တွေကို လုပ်ဖို့မဖြစ်နိုင်ဘူး ပြီးတော့ သူမကလေးတွေကအရမ်းငယ်သေးတယ်။ သူတို့တွေ ဒီမိသားစုကခွဲထွက်ရင် သူတို့မိသားစုစားသောက်ဖို့ ဘယ်သူ့ကိုသွားမှီခိုရမှာလဲ။
ယွီရှောင်ချောင်းက သူမပြောတာကို သဘောမတူဘူး။ သူမရဲ့ အထူးလက်နက် နတ်ကျောက်တုံးလေးနဲ့ သူမအဖေရဲ့ ခြေထောက်က ဒဏ်ရာက တဖြည်းဖြည်းပြန်ကောင်းလာမှာဖြစ်တယ်။ သူမအဖေက မသန်မစွမ်းဖြစ်သွားနိုင်ချေရှိရင်တောင် သူက သာမန်လက်မှုလုပ်ငန်းတွေ ဆက်လုပ်နိုင်သေးတယ်။ လတော်တော်ကြာ အံ့ဖွယ်ကျောက်ရေနဲ့ ဆေးမြစ်ဆေးဝါးတွေကို မှီဝဲလိုက်ရင် သူမအမေရဲ့ကျန်းမာရေးကလည်း လုံးဝနီးပါး ထူထူထောင်ထောင်နဲ့ အားပြန်ပြည့်လာမှာ။ သူတို့ဒီမိသားစုကြီးကနေခွဲထွက်နိုင်နိုင်ချင်း သူမကျွမ်းကျင်တဲ့ အသားနှပ်တွေနဲ့ဆို သူတို့ဒီထက် ပိုကောင်းတဲ့အခြေအနေနဲ့ နေနိုင်မှာ သေချာပေါက်ပဲ။
အဘွားနဲ့အကြီးဆုံးအဒေါ်က သမီးတို့ဒီမိသားစုကနေ ထွက်သွားကြမှာကို တအား မျှော်လင့်နေကြတာ သူတို့မျက်လုံးထဲမှာ ဒုတိယမိသားစုခွဲက တကယ့်ဝန်ထုပ်ဝန်ပိုး။ အဘိုးအနေနဲ့ကတော့ သမီးတို့သေချာပေါက် သိမ်းသွင်းစည်းရုံးလို့ရတဲ့ အခွင့်အရေးရှိတယ်
ဟုတ်တယ် သူမဒီအခွင့်အလမ်းကိုစောင်နေခဲ့တာ မိသားစုခွဲကြဖို့ အကြံပေးရန် ပြီးပြည့်စုံတဲ့ အခွင့်အရေး!
ယွီရှောင်ချောင်းနဲ့ သူမရဲ့မိသားစုက မိသားစုခွဲတဲ့အကြောင်းဆွေးနွေးနေကြစဉ် အမျိုးသမီးလီကလည်း ပင်မအခန်းထဲမှာ ဒုတိယမိသားစုခွဲရဲ့ မကောင်းကြောင်းပြောနေတယ်။
အမေ ဒုတိယမတ်လေးက ဒဏ်ရာရထားတာကြောင့် ဒုတိယမိသားစုခွဲထဲမှာ အလုပ်လုပ်နိုင်တဲ့သူ တစ်ယောက်မှမရှိဘူးနော် ပြီးတော့ ဒုတိယယောက်မနဲ့ ရှောင်ချောင်းကလည်း ဆေးစွဲနေတဲ့ မကောင်းဆိုးဝါးလို အမြဲ ဆေးဝါးမှီဝဲနေရတာ။ စဉ်းစားကြည့်ပါဦး ကျွန်မတို့မှာ လွန်ခဲ့တဲ့ ရက်ပေါင်းများစွာကတည်းက ဒါဇင်လျန်ပေါင်းများစွာသုံးခဲ့ရပြီးပြီ ဒုတိယမတ်လေးက ပြန်နိုးလာပြီဖြစ်ပေမယ့် သမားတော်စန်းကလည်း ပြောထားတယ် သူနိုးလာရင်တောင် သူ့ခြေထောက်တစ်ဖက်က အသုံးပြုလို့မရပဲဖြစ်နေမှာလို့ ပြောတယ်။ ဒုတိယမတ်လေးရဲ့မိသားစုက ကျွန်မတို့အပေါ်မှာ မှီခိုနေပြီး လူမမာနဲ့ အားနည်းတဲ့သူတွေကို ထောက်ပံ့ရဦးမှာ။ အမေ ကျွန်မတို့မိသားစုက နည်းနည်းလေး အခြေအနေ ကောင်းလာကာစရှိသေးတယ်။ ကျွန်မတို့ သူတို့ကြောင့် အနစ်မွန်းမခံနိုင်ဘူး
အဘွားကြီးကျန်းက အပိုဝင်ငွေ သုံးရာလျန်ရပြီးပြီ ဖြစ်ပေမယ့် သူမလက်ထဲကပိုက်ဆံက နေ့တိုင်း တဖြည်းဖြည်းလျော့လာတာမြင်တော့ သူမနှလုံးသားကို တစ်ယောက်ယောက်က ထပ်ခါထပ်ခါပိုင်းဖြတ်နေသလို ခံစားရတယ်။ သူမက သူမရဲ့ အကြီးဆုံးချွေးမစကားတွေ ကြားတော့ သူမက ဒေါသထွက်ထွက်နဲ့ အိပ်ရာကို အကြိမ်များစွာ ထုထောင်းလျက်
အဲ့တာဆိုငါတို့က ဘယ်လိုလုပ်ရမလဲ ငါတို့ သူတို့ကို ဒီတိုင်း နှင်ထုတ်လို့ရမယ်ထင်လို့လား။ ငါတို့ ညည်းအဖေ ကန့်ကွက်တာကို အမှုမဲ့အမှတ်မဲ့နေရင်တောင် ရွာသားတွေ အတင်းပြောတာနဲ့ ဝေဖန်ချက်တွေနဲ့တင် ငါတို့ကို သတ်လို့ရတယ်
ဒါပေမယ့် ကျွန်မတို့ပိုက်ဆံတွေအကုန်လုံးကို ဘာမှပြန်မရနိုင်တဲ့ သူတို့အတွက် သုံးဖြုန်းမပစ်နိုင်ဘူး အမျိုးသမီးလီက မကျေမချမ်းနိုင်ခံစားရပြီး ရက်စက်ယုတ်မာစွာနဲ့ သူမရဲ့လက်တုတ်တုတ်ကြီးထဲက အဝတ်ကြမ်းလက်ကိုင်ပဝါကို လုံးချေပစ်လိုက်တယ်။
အဘွားကြီးကျန်းက သူမကို ဖျတ်ခနဲ့ကြည့်လိုက်ပြီး ညည်းမှာ ဘာအကြံရှိတုန်း ငါ့ကိုပြောပါဦး
အမျိုးသမီးလီမျက်နှာက အသားတွေက သူမပြုံးလိုက်တဲ့အခါ အကုန်စုကျုံ့သွားပြီး
ကျွန်မရဲ့မိသားစုက မြို့ထဲက လူကုံထံတွေနဲ့အလုပ်တွဲလုပ်တဲ့ လူကုန်ကူးတဲ့ အမျိုးသမီးတစ်ယောက်ကိုသိတယ်။ သူမက ခရိုင်မြို့အတွင်းက လူချမ်းသာအချို့နဲ့တောင် လုပ်ငန်းလုပ်တယ်။ ကျွန်မကြားတာတော့ မြို့ထဲက သူဌေးကုန်သည်ကျိုးမိသားစုက မိန်းမငယ်တော်တော်များများ ဝယ်ချင်နေတယ်တဲ့... အဲ့လူကုန်ကူးသမက ကုန်ကူးကြေးကြီးကြီး ရှစ်လျန်တောင်ပေးဖူးတယ်
အဘွားကြီးကျန်းက သူ့မျက်ခုံးတွေကို ပင့်ချီလိုက်ပြီး ညည်းဆိုလိုတာက ငါတို့ သူတို့ရဲ့အကြီးဆုံးသမီးကို ရောင်းသင့်တယ်လို့ပြောတာလား သူမက ဒုတိယမိသားစုခွဲရဲ့အခန်းကို ညွှန်ပြပြီးပြောလိုက်တယ်။
ဘယ်သူက အဲ့ဒီနေမကောင်းတဲ့ ကောင်မစုတ်လေးရှောင်ချောင်းကို လိုချင်မှာလဲ ရှောင်လျန်က အရည်အချင်းပြည့်ဝပြီး ကြော့ကြော့မော့မော့ရှိတာကြောင့် ကျွန်မတို့သေချာပေါက် သူ့ကို ဈေးကောင်းကောင်းနဲ့ရောင်းလို့ရမှာ
အမျိုးသမီးလီက ပါးနပ်တဲ့အပြုံးနဲ့ သူမရဲ့သေးငယ်စူးရှတဲ့မျက်လုံးတွေကို ကျဉ်းရင်း ပြန်ဖြေလိုက်တယ်။ သူမမျက်လုံးတွေက အဆီအတွန့်အခေါက်တွေထဲ ပျောက်ကွယ်လုနီးပါးပဲ။
သူတို့သာ ဒီအသုံးမကျတဲ့ ကောင်မစုတ်လေး နှစ်ယောက်ထဲက တစ်ယောက်ကိုရောင်းလိုက်ရင် သူတို့အပိုငွေလျန် အနည်းငယ်ရမယ့်အပြင် ကျွေးစရာလူတစ်ယောက်လည်းလျော့သွားဦးမယ်။ ဒါ့အပြင် ရှောင်လျန်က ခေါင်းမာတတ်တဲ့ အကျင့်စရိုက်ရှိပြီး မနာခံတတ်ဆုံးပဲ။ သူမသာမရှိရင် ဒုတိယမိသားစုကို ထိန်းချုပ်ရပိုလွယ်ကူသွားပြီ။ အဘွားကြီးကျန်းက ဒီအကြံဉာဏ်ကို စိတ်ဝင်စားသွားတယ်။
နောက်နေ့မနက်စောစောမှာ ယွီရှောင်ချောင်းက ထင်းစည်းသယ်ပြီး ရှောင်လျန်နောက်က လိုက်ခဲ့တယ်။ သူမရှေ့က ထင်းပုံအမောက်လိုက်ကြီး ဖုံးလွှမ်းလုနီးပါး သယ်လာတဲ့ အားနည်းချိနဲ့ပြီး ပိန်သွယ်တဲ့ခန္ဓာကိုယ်လေးကြောင့် သူမမှာ စိတ်နှလုံးသားနာကျင်ရတယ်။ ဒါကြောင့် သူမက တစ်ခါတစ်ခါ ရှောင်လျန့်ကျောပေါ်က ထင်းစည်းတွေကို လက်နဲ့ကူတွန်းပြီး ထောက်ကူပေးတယ်။ ထင်းစည်းတစ်စည်းသယ်လာတဲ့ ရှီထုန်လေးကလည်း သူတို့နောက်ကနေ လိုက်လာတယ်။
ပုံမှန်ဆို ရှောင်လျန်က သူမဘာသာထင်းစုဖို့ စီစဉ်ပေမယ့် ရှောင်ချောင်းနဲ့ ရှီထုန်လေး နှစ်ယောက်လုံးက သူတို့လည်း ကောင်းတူဆိုးဖက်ဝေမျှခြင်းကြောင်း ဖော်ပြကြတယ်။ ဒါကြောင့် သူတို့ကလည်း ထင်းအတူတူစုဖို့ ထွက်လာခဲ့ကြတယ်။ အခုတလော ဆောင်းရာသီကုန်ပြီး နွေဦးရာသီစလာပြီ ဒါကြောင့် ဒီအခါမှာ ထင်းခြောက်တွေကို အနောက်တောင်ပေါ်တွင် ပေါပေါများများတွေ့နိုင်တယ်။ ထို့ကြောင့် မောင်နှမတွေဟာ ဒီမနက် အကျိုးများတဲ့ရလဒ်ရရှိခဲ့တယ်။
ငယ်ငယ်ကတည်းက ကိုယ့်ရဲ့အငယ်တွေကို ဘယ်လိုဂရုစိုက်ရမလဲသိတဲ့ ယွီရှောင်လျန်က ထင်းအများစုသယ်တဲ့တာဝန်ကို ယူတယ်။ သူမက သူ့ရဲ့ ချိနဲ့တဲ့ညီမလေးနဲ့ မောင်လေးကို ကူညီတဲ့အနေနဲ့ ထင်းအချို့ပဲသယ်စေခဲ့တယ်။ သူမရဲ့အရင်ဘဝမှာ ယွီရှောင်ချောင်းက အမြဲတမ်းသူမရဲ့ အငယ်တွေကိုပဲ ဂရုစိုက်ခဲ့ရတာကြောင့် အခု ဂရုစိုက်ခံရတော့ တစ်မျိုးကြီးခံစားနေရတယ်။ သူမက သူမရဲ့ကျန်းမာရေးကောင်းကြောင်း သူမထင်းပိုသယ်နိုင်တဲ့အကြောင်း ထပ်ခါထပ်ခါပြောနေပေမယ့် ရှောင်လျန်က သူမအကြံပြုတိုင်း ငြင်းပယ်တယ်။
အစ်မအကြီးဆုံး ဒုတိယအစ်မ အိမ်မှာ ဧည့်သည်ရောက်နေတယ်
ရှီထုန်လေးက မော့ကြည့်လိုက်ချင်း အမျိုးသမီးလီက အရောင်အသွေးစုံစွာ ဝတ်စားဆင်ထားတဲ့ အသက်ခပ်လတ်လတ် အမျိုးသမီးယောက်ကို လှိုက်လှိုက်လှဲလှဲဖိတ်ခေါ်နေတာ သူတွေ့လိုက်တယ်။ အဲ့ဒါနဲ့ သူက စပ်စပ်စုစု ပြေးသွားလိုက်တယ်။
ယွီရှောင်ချောင်းနဲ့ ရှောင်လျန်က တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြပြီး အချင်းချင်းမျက်လုံးထဲက သံသယတွေတွေ့လိုက်ရတယ်။ အမျိုးသမီးက ပိုးဖဲအပေါ်ဝတ်ဝတ်ထားပြီး သူမခေါင်းပေါ်မှာ ရွှေရောင်ဆံညှပ်ပန်ထားတယ်။ ဒါပေမယ့် သာမာန်ရွာသားတွေက ဒီလိုပစ္စည်းတွေတတ်နိုင်မှာမဟုတ်ဘူး။ ယွီမိသားစုမှာ ဒီလိုဆွေမျိုးသားချင်းလည်းမရှိပါဘူး ဒါဆို အဲ့ဒီလူက ဘယ်ကလဲ
အကြီးဆုံးအဒေါ်က သူမကို သွားဖြဲပြပုံအရ သူမက အစ်ကိုဟိန်ဇီအတွက်လာတာများလား
နာမည်အရင်းက ယွီကောဖြစ်တဲ့ဟိန်ဇီက ဆယ့်သုံးနှစ်ရှိနေပြီ ရှေးအခါမှာဆို သူက လက်ထပ်လို့ရတဲ့အရွယ်နားကပ်နေပြီ။ ယွီရှောင်ချောင်းက အောက်ဖိထက်ဖားအမျိုးသမီးလီက အဲ့အမျိုးသမီးကို သူမအမေအတိုင်းဆက်ဆံနေရတဲ့ အကြောင်းရင်းကို မစဉ်းစားတတ်တော့ပေ။
ရှောင်လျန် ငါတစ်ချက်သွားကြည့်လိုက်မယ် သူမအဖေ ဒဏ်ရာရပြီးနောက်မှာ ယွီရှောင်ချောင်းက စိုးရိမ်တကြီးနဲ့ ငါးရက်ဆက်တိုက် အပြင်မထွက်ပဲ သူမအဖေကို ဂရုစိုက်နေခဲ့တယ်။ သူတို့ဆီ ဧည့်သည်လာခဲ့တာကြောင့် ဒီဖြစ်ရပ်က သူမအတွင်းစိတ်ထဲက စူးစမ်းမှုကို ထွန်းညှိပေးလိုက်တယ်။
အဘွားကြီးကျန်းနဲ့အမျိုးသမီးလီက အဲ့ဒီအမျိုးသမီးကို ပင်မအိမ်ထဲ ကြိုဆိုနေကြစဉ် ယွီရှောင်ချောင်းက သူမကျောပေါ်က ထင်းစည်းနဲ့အတူ အိမ်ဝန်းထဲ အပြေးလေးသွားလိုက်တယ်။
အသံကြားတော့ အမျိုးသမီးက သူ့ခြေလှမ်းတွေကို ရပ်လိုက်ပြီး သူမကို ခေါင်းစခြေဆုံး လှည့်ကြည့်လိုက်တယ်။ သူမရဲ့ အကဲခတ်တဲ့အကြည့်က သူမလက်ခံရရှိလိုက်တဲ့ ကုန်ပစ္စည်းတစ်ခုကို စစ်ဆေးကြည့်ရှုနေတဲ့အတိုင်းပဲ အဲ့တာက ယွီရှောင်ချောင်းကို အနေရခက်စေတယ်။
ဒီတစ်ယောက်လား သူ့မှာ ကောင်းမွန်တဲ့ ပုံပန်းသွင်ပြင်ရှိပြီး အသားအရေကြည်ပြီး လတ်တယ်။ နည်းနည်းတော်တော်လေးပိန်နေရုံတင် လူကုန်ကူးအမျိုးသမီးကျွမ်းက ဇီဇာကြောင်တဲ့အမူအရာနဲ့ သူမပါးစပ်ကို တွန့်လိုက်တယ်။
ကျိုးမိသားစုက လက်ထပ်ဖို့အရွယ်ရောက်နေတဲ့ အစေခံတစ်စုကို လွတ်လပ်ခွင့်ပေးလိုက်တယ်။ ဒါကြောင့် သူတို့က မိန်းမငယ်လေး နှစ်ဆယ်သုံးဆယ်လောက်ဝယ်ဖို့ လိုနေတယ်။ လွန်ခဲ့တဲ့ရက်တွေတုန်းက လူကုန်ကူးအမျိုးသမီးကျွမ်းက ဒီကိစ္စနဲ့ အလွန် အလုပ်ရှုပ်နေခဲ့တာ ကျိုးမိသားစုက သူမရဲ့ အဓိကဖောက်သည်ဖြစ်တာကြောင့် သူမက ဒီအပေးအယူကို တလွဲမဖြစ်စေချင်ဘူး။
မနေ့ညနေက တုန်ရှန်းရွာမှာ အရည်အချင်းရှိပြီး ရိုးသားတဲ့ကောင်မလေးတစ်ယောက် ရောင်းဖို့ရှိတယ်လို့ သူမဆီသတင်းပေးလာခဲ့တယ်။ ထို့ကြောင့် သူမက မနက်အစောကတည်းက ရထားလုံးတစ်ခုငှားပြီး အလျင်စလိုလာခဲ့တယ်။ သူမက အဲ့ဒီကောင်မလေးက အရမ်းပိန်သေးနေပြီး ရှစ်နှစ်ကိုးနှစ်အရွယ်လို့ မထင်ရတဲ့ပုံပေါက်နေလိမ့်မယ်လို့တော့ ထင်မထားခဲ့ဘူး။
အမျိုးသမီးလီက ယွီရှောင်ချောင်းရဲ့ သတိရှိတဲ့အကြည့်နဲ့ဆုံပြီးနောက် ဝေ့လည်ကြောင်ပတ်နဲ့ ခပ်ဝေးဝေးရွှေ့သွားတယ်။ သူမက ဝိုးတဝါးပြန်ဖြေတယ်။
အဲ့တာသူ မဟုတ်ဘူး သူ့ရဲ့အစ်မပါ သူမက အရမ်းအရည်အချင်းပြည့်ဝပြီး အိမ်မှာ အလုပ်အများစု လုပ်နိုင်တယ်။ သူ့အဖေက အပြင်းအထန်ဒဏ်ရာရထားပြီး သူမအမေက အားနည်းပြီး ဖျားလွယ်တယ် ဒါကြောင့် မိသားစုက ပိုက်ဆံလိုနေတယ်။ ဒီလိုမှမဟုတ်ရင် ကျွန်မတို့လည်းဒီလိုလုပ်ဖို့စိတ်ကူးမရှိပါဘူး
လူကုန်ကူးသမားကျွမ်းက နေရောင်ကောင်းပြီး ကျယ်ဝန်းတဲ့ ငါးခန်းပါတဲ့အိမ်နေရာပတ်လည်နဲ့ နေလှန်းထားတဲ့ ရွှံ့အုတ်ခဲနဲ့ပြုလုပ်ထားတဲ့ ခြံစည်းရိုးတွေကို ကြည့်လိုက်တယ်။ သူမစိတ်ထဲမှာ တွေးရင်းပြုံးမိတယ်။
'ဒီအိမ်ကိုကြည့်ပါဦး ဒီမိသားစုက သူတို့ကလေးတွေရောင်းစားရလောက်အောင် ငွေမရှိတဲ့ပုံမပေါက်ပါဘူး' ဒါပေမယ့်သူမက ဒီကိုစီးပွားရေးလုပ်ဖို့လာခဲ့တာ ဒါကြောင့် အဲ့တာက သူမရဲ့အပူမဟုတ်ပါဘူး။ သူမက တစ်ခြားလူတွေရဲ့အိမ်ကိစ္စအရှုပ်ကို ဘယ်တော့ ဝင်မစွက်ဖက်ခဲ့ဘူး။
ယွီရှောင်ချောင်းက တုံးတဲ့သူမှမဟုတ်တာ။ သူမက လူကုန်ကူးအမျိုးသမီးကျွမ်းရဲ့ စစ်ဆေးတဲ့အကြည့်နဲ့ အမျိုးသမီးလီရဲ့ အပြစ်ရှိသလိုခံစားရတဲ့အပြုအမူကြောင့် တစ်ခုခုမှားနေတယ်ဆိုတာ ခံစားလိုက်မိတယ်။ ဒါကြောင့်သူမက သတိထားပြီး ရှောင်လျန်ကို ဘာလုပ်ကြမလို့လဲလို့ မေးလိုက်တယ်။
သွားစမ်းပါ သွား သွား လူကြီးတွေစကားပြောနေတာကို ကလေးက ဒီမှာ ဘာလာလုပ်တာလဲ တစ်နေရာရာသွားဆော့ချေ ဆိုပြီး အဘွားကြီးကျန်းက ကြက်ပေါက်လေး ခြောက်လွှတ်သလို စိတ်မရှည်စွာနဲ့ လက်ခါပြတယ်။ အဲ့ဒီနောက်သူမက လူကုန်ကူးအမျိုးသမီးကျွမ်းကို ပြုံးပြပြီး အထဲသွားပြီး အခန်းထဲမှာ စကားပြောရအောင်
ဒါက ဘယ်လိုလုပ်ပြီး သမီးတို့ကိစ္စမဟုတ်ရမှာလဲ အဘွားတို့သာ သမီးတို့ဒုတိယမိသားစုခွဲအပေါ် ကျိတ်ကြံနေရင် သေချာပေါက် သမီးနဲ့ပတ်သက်တာပေါ့ ယွီရှောင်ချောင်းက သူမ သံသယတွေတိုးပွားလာပြီး အော်ပြောလိုက်တယ်။
ဘယ်သူကများ ညည်းလိုမျိုးအကြီးကို ပြန်ပြောလို့လဲ ညည်းအမေက ဒီလိုပဲသင်ပေးထားသလား လွန်ခဲ့တဲ့ရှစ်နှစ် ကိုးနှစ်လုံး ငါတို့ကပဲ ညည်းကို ကျွေးမွေး ဆေးကုပေးပြီး ပျိုးထောင်လာတာ။ ဒါတောင် ညည်းက တာဝန်မသိတတ်တဲ့ ကိုယ့်အဘွားကိုတောင်ဆန့်ကျင်ရဲတဲ့ ကလေးတစ်ယောက်အနေနဲ့ ကြီးပြင်းလာတယ်ပေါ့လေ။ အဲ့ဒီအချိန်တုန်းက ဖျားနေတာကို သေအောင်ပစ်ထားခဲ့လိုက်ရမှာ
လူကုန်ကူးအမျိုးသမီးကျွမ်းမျက်နှာပေါ်က စိတ်မရှည်တဲ့ပုံကိုမြင်တော့ အဘွားကြီးကျန်းက အံကြိတ်လျက် ကျယ်လောင်စွာအော်ပြောလိုက်တယ်။
အမျိုးသမီးလျိုက အော်သံကိုကြားတော့ မီးဖိုချောင်ထဲကနေ ခပ်သုတ်သုတ်အပြင်ထွက်လာခဲ့တယ်။ သူမက ယွီရှောင်ချောင်းကို သူမနောက်ဆွဲသွင်းလိုက်ပြီး ထပ်ခါတလဲလဲတောင်းပန်ရှာတယ်။
အမေရယ် သူက ဘာမှမသိသေးတဲ့ ကလေးငယ်လေးပါ ကျေးဇူးပြုပြီး ကလေးရဲ့ အပြုအမူကို အမှတ်သည်းခြေမကြီးပါနဲ့
အဘွားကြီးကျန်းက အထက်စီးဆန်စွာ ဆက်အော်ပြောတယ် ညည်းကသာ ဒီအသုံးမကျတဲ့ကောင်မစုတ်ကို ရတနာတစ်ပါးလို့ ထင်နေတဲ့သူပဲ။ ဒီကောင်မစုတ်လေး ကိုယ့်အခန်းထဲသွား ဒူးထောက်ပြီး ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ချေ။ ဒီနေ့မနက်စာ မစားရဘူးမှတ်!
ယွီရှောင်လျန်ကသူမကျောပေါ်မှာ လေးလံတဲ့ ထင်စည်းကြီးသယ်လျက် ဝင်လာခဲ့တယ်။ သူမက အဘွားကြီးကျန်းရဲ့စကားတွေကို ကြားတဲ့အခါ ထင်းစည်းကြီးအမြန်ပစ်ချပြီး သူ့ညီမလေးဆီ အပြေးသွားတယ်။ ရှောင်ချောင်းရှေ့မှာရပ်လျက် ညီမလေးက နှစ်သစ်ကူးမတိုင်ခင်ကထိ အပြင်းဖျားနေခဲ့တာ ညီမလေးထပ်ပြီးဖျားမယ်ဆို ဆေးဖိုးဝါးခကုန်မယ်မဟုတ်လား။ အဘွား သမီးကပဲ သမီးညီမလေးအစား အပြစ်ပေးတာကို ခံယူပါ့မယ်
လူကုန်ကူးအမျိုးသမီးကျွမ်းက ဒီလိုအခြေအနေတွေ အများကြီးကြုံဖူးပြီး အတွေ့အကြုံရှိတဲ့သူဖြစ်တာကြောင့် သူမက ကလေးရဲ့အဘွားနဲ့ အကြီးဆုံးအဒေါ်က မိဘတွေမသိပဲ တိတ်တဆိတ်ရောင်းဖို့ စီစဉ်နေတယ်ဆိုတာကို ချက်ချင်းသိလိုက်တယ်။ လူကုန်ကူးသူကျွမ်းက ထန်ကူမြို့ထဲမှာ ကောင်းတဲ့ဂုဏ်သတင်းအမြဲရှိတယ်။ အဲ့လိုမှမဟုတ်ရင် သူမမှာ အဆင့်အတန်းမြင့်ဖောက်သည်တွေ အများကြီးရှိမှာမဟုတ်ဘူး။ ဒါကြောင့်သူမက သေချာပေါက် သူမဂုဏ်သိက္ခာကို ကောင်မလေးတစ်ယောက်အတွက် ပျက်စီးခံမှာမဟုတ်ဘူး။
လူကုန်ကူးသူကျွမ်းက ရှောင်လျန်ကို ပြုံးပြပြီး
ကြည့်ပါဦး သမီးက တော်တော်သစ္စာရှိပြီး မှန်ကန်ဖြောင့်မတ်တဲ့သူပဲ။ သမီးအသားအရေက နေလောင်ထားပြီး ပိန်နေပေမယ့် နည်းနည်းထွားလာပြီး နောက်နှစ်နှစ်လောက်နေရင် ကြည့်ကောင်းသွားမှာ။ မျိုးရိုးမြင့်မိသားစုတွေက အစေခံတွေဝယ်တဲ့အခါ ကြည့်ကြတာက အကျင့်စရိုက်ကောင်းမွန်တာပဲ။ အဲ့တာက အရေးကြီးတဲ့အရည်အသွေးတစ်ရပ်ပဲလေ။ ဒီကောင်မလေးနှစ်ယောက်မှာ တစ်ယောက်ကတော်ပြီး စဉ်းစားချင့်ချိန်တတ်ပြီး နောက်တစ်ယောက်က ရိုးသားပြီး ယုံကြည်စိတ်ချရတယ်။ ဒါ့အပြင် သူတို့နှစ်ယောက်က ချွတ်စွပ်တူတယ်။ ယွီမိသားစုရဲ့အမျိုးသမီးကြီး ရှင်သာ ရှင့်ရဲ့မြေမလေးနှစ်ယောက်စလုံး ကျုပ်ဆီရောင်းမယ်ဆို ဈေးနှစ်ဆပေးမယ်
စောနက အဘွားကြီးကျန်းက လူကုန်ကူးသမားကျွမ်းက ရှစ်နှစ်ကိုးနှစ်အရွယ် မိန်းကလေးတွေဆို အများဆုံး ငါးလျန်ပေးတယ်ပြောတာ ကြားဖူးပြီသားဖြစ်တယ်။ မိန်းကလေးနှစ်ယောက်အတွက် ဈေးနှစ်ဆတက်မယ်ဆို နှစ်ဆယ်လျန်ရမှာ။ သူမက ယွီဒုတိယမိသားစုခွဲရဲ့ လက်တလော ဆေးဖိုးအတွက် ပိုက်ဆံပြန်ရရုံသာမက အပိုအလျှံငွေလည်း ရဦးမှာ။ မုဆိုးကျောက်က ဝက်ဝံရောင်းပေးလို့ရတဲ့ ပိုက်ဆံသာထပ်ပေါင်းရင်... အဘွားကြီးကျန်းက ချက်ချင်းပျော်ပြီး မျက်စိပေါက်မမြင်ရအောင် ပြုံးလိုက်တယ်။

လူကုန်ကူးအမျိုးသမီး- မိန်းမငယ်လေးတွေကို ကျွန်၊ ကိုယ်လုပ်တော် စသဖြင့် ရောင်းစားပေးသော အမျိုးသမီး
......

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now