ကျိုးရှန့်မင်က ရေချိုးခန်းရှိရာသို့သွားလိုက်ပြီး တံခါးကိုဆွဲဖွင့်လိုက်ကာ ပြောလိုက်၏။
"ရေအရင်ချိုးလိုက်၊ မနက်ဖြန်မနက် ကျောင်းသွားရဦးမှာဆိုတော့ စောစောအိပ်တာကောင်းတယ်"

ကျိုးရှန့်မင်၏ သာမန်ပုံစံကိုမြင်ပြီးနောက် ထုန်ရန့်လည်း ထူးထူးခြားခြားလုပ်မနေတော့ပဲ အတတ်နိုင်ဆုံး တည်ငြိမ်သော အသံဖြင့်သာ လက်ခံကြောင်း ပြန်ဖြေလိုက်သည်။

သူရေချိုးခန်းတံခါးရှေ့ရောက်သောအခါ ကျိုးရှန့်မင်၏လက်က တံခါးလက်ကိုင်ပေါ်တွင်ရှိနေဆဲဖြစ်ပြီး ထုန်ရန့်အား ပိတ်ဆို့ထားသည်။

ထုန်ရန့် : "ကျွန်တော့ကို…"

မော့ကြည့်လိုက်သောအခါ ကျိုးရှန့်မင်က သူ့ကိုကြည့်နေ၏။

ကျိုးရှန့်မင်တွင် သန်မာပြီး အေးစက်သောသွင်ပြင်မျိုးရှိသည်။ ထုန်ရန့်လို ဝိုင်းစက်နေသော မျက်ဝန်းများဖြင့် မဟုတ်ပဲ ပိုရှည်ကာ အဖျားဘက်၌ အပေါ်သို့ အနည်းငယ်တတ်သွား၏။ ထုန်ရန့်မှာသာ ထိုသို့မျက်လုံးမျိုးရှိပါက လှပသည်ဟု အပြောခံရမည်ဖြစ်သော်လည်း ကျိုးရှန့်မင်တွင်တော့ ထိုမျက်ဝန်းများက အေးစက်သည့်ဟန် ပေါက်၏။ တစ်ယောက်ယောက်အား မျက်တောင်မခတ်တမ်းစိုက်ကြည့်နေပါက ထိုလူသည် နှလုံးဖိအားများလာသလိုခံစားရမှာ အသေအချာပင်ဖြစ်သည်။

"မင်း…" သူ့လက်ကို အပေါ်သို့ အနည်းငယ်မြှောက်လိုက်ကာ ထုန်ရန့် ပုခုံးပေါ်တွင် တင်လိုဟန်ရှိသော်လည်း ချက်ခင်းပြန်ချလိုက်ကာ ထုန်ရန့်အား တစိုက်မက်မက်ကြည့်နေ၏။

ထုန်ရန့်မေးလိုက်သည်။
"ကျွန်တော် ဘာလုပ်မိလို့လဲ"

နောက်ဆုံးတော့ ကျိုးရှန့်မင်က ပြန်မေးလာသည်။
"နောင်တရနေပြီလား"

ထုန်ရန့် ထိတ်လန့်သွားကာ "လုံးဝပဲ!"

ကျိုးရှန့်မင်က ထုန်ရန့်မျက်နှာထက်တွင် သဲလွန်စများရှာနေသလို နီးနီးကပ်ကပ် လေ့လာနေပြီး
"တကယ်လား"

ထုန်ရန့် အနည်းငယ်တော့ သံသယဖြစ်သွားရ၏။
"တကယ်ပေါ့! ဘာလို့ အဲ့လိုလာမေးနေတာလဲ"

ငါတို့ မိသားစုရဲ့ အိုမီဂါလေး အရွယ်ရောက်လာပြီ ||•မြန်မာဘာသာပြန်•||Where stories live. Discover now