အန်တီချိုင် လှဲအိပ်တော့မည့်အချိန်မှာပဲ လုမန်နောက်မှာရပ်နေသော ဟန်ကျိုးလီကို သတိထားမိသွား၏။
“ သူက.... ”

အရပ်ရှည်ရှည် ခံ့ခံ့ချောချောနဲ့ပါလား!

သူမလိုအရွယ်အတွက်တော့ ဒီကောင်လေးက ဘယ်လောက်ချောမောပါစေဦး ကလေးတစ်ယောက်သာ ဖြစ်သည်။

ဒါပေမဲ့လည်း ဟန်ကျိုးလီကိုကြည့်ရင်း အန်တီချိုင်မှာ အရေတွန့်နေသောမျက်နှာတွင် ရှက်သွေးဖြန်းမိလေ၏။

ဘုရားဘုရား!

ယောက်ျားတစ်ယောက်က ဒီလောက်တောင် ချောမောသတဲ့လား?

တံခါးကနေ ဝင်လာစဥ်မှာ သူ့ကိုယ်ပေါ်မှာ မီးရောင်ထိန်ထိန်ညီးနေသလို.. ဒီအလှလေးကြောင့် သူမမျက်လုံးတွေကျိန်းရ၏။

ဆွံ့အစွာဖြင့် လုမန်က တုံ့ပြန်လိုက်သည်။
“ အသိမိတ်ဆွေပါ ”

ပြောပြီးတာနှင့် ဟန်ကျိုးလီကို လှမ်းကြည့်မိ၏။

အသိမိတ်ဆွေလို့ ပြောလိုက်ရတာ သိပ်ကို ရဲတင်းလွန်းရာကျမည်။ ဒါပေမဲ့လည်း ဘယ်လို မိတ်ဆက်ရမယ်မှမသိတာ..

ဟန်ကျိုးလီနဲ့မှ မရင်းနှီးပဲကိုး!

ဒါပေမဲ့ ဟန်ကျိုးလီကတော့ သူမစကားတွေကို ပယ်ချခြင်းမရှိသည့်အပြင် အန်တီချိုင်နှင့် ဝူကျိကော်ကိုပင် သွားနှုတ်ဆက်နေလေ၏။

သူ့ကြောင့် လုမန် ခေါင်းခြောက်ရသည်။

ဟန်ကျိုးလီက ဘာဖြစ်ချင်တာလဲ?

ဆေးရုံခုတင်ပေါ်မှာ လဲလျောင်းနေသော ရှချင်းဝေကို လုမန် ကြည့်လိုက်၏။ ဆရာဝန်ကတော့ ပြောသည်။ မြန်ရင် ညလယ်လောက်မှာ သတိရလာလိမ့်မယ်တဲ့။ ဒါပေမဲ့ ပုံမှန်အခြေအနေတွေမှာတော့ မနက်ဖြန်မနက်မှသာ သတိရလိမ့်မည်။

လုမန် ပြုံး၍ ပြောလိုက်သည်။
“ ဆေးရုံကို ရောက်လာပေးလို့ ကျေးဇူးတင်ပါတယ်နော် ရှင့်မှာလည်း ကိစ္စတွေရှိနေမှာပဲ အရင်ပြန်နှင့်တော့လေနော် ”

ဟန်ကျိုးလီရှိနေရင် သူမ စိတ်မသက်သာ။

ဒါပေမယ့် ဟန်ကျိုးလီကတော့ သူမကို ကျေးဇူးမသိရကောင်းလား ဟု စိတ်ထဲမှာ ကြိမ်းမောင်းနေတော့၏။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now