အပိုင်း ၇

3.5K 727 68
                                    

အပိုင်း ၇ [ Unicode Version ]

အတော်အတန်ကောင်းမွန်တဲ့ စားသောက်ဆိုင် တစ်ခုအတွင်းမှာ Baekhyun Menu စာအုပ်ကို ကိုင်ရင်း ဆယ့်ငါးမိနစ်လောက် ခေါင်းခြောက်နေတာမို့ ပါမောက္ခ Shin က တစ်ချက် ခပ်ဖွဖွရယ်ပြီး ကူအကြံဥာဏ်ပေး ရွေးပေးတယ် ။

Baekhyun ဖြတ်သန်းခဲ့တဲ့ 16 နှစ်တာက အများအားဖြင့် အိမ်နဲ့ကျောင်းပဲ ဖြစ်နေတတ်သလို ခေတ်အလိုက် စားသောက်တဲ့ပုံစံတွေကလည်း တိုးတက်ပြောင်းလဲလာတာမို့ အထူးသဖြင့် ဒီလို အနောက်တိုင်းဆန်ဆန် စားသောက်ဆိုင်တွေက ပိုပြီး ခေါင်းစားစေတယ်လေ ။

တကယ်တော့ ပါမောက္ခ Shin ဟာ Baekhyun ရဲ့ အခက်အခဲတွေ အကုန်လုံးကို ရိပ်မိ နားလည်နေတာမို့ အကုန် အစစ အရာရာ အဆင်ပြေအောင် ကူညီပေးနေမိတာ ထင်ပါရဲ့ ။ ဒါပေမယ့် အဖြစ်မှန်တွေအားလုံး သူသိနေတဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြရမလား မပြောပြရဘူးလား ဆိုတာကိုတော့ ပါမောက္ခ Shin ရဲ့ စိတ်ထဲ သေချာ ဝေခွဲမရသေးဘူး ။ အဲ့ဒါမို့ ဒီနေ့ Baekhyun နဲ့ စကားပြောပြီး အရိပ်အကဲဖမ်းကြည့်ဖို့ သူကြိုးပမ်းရတာပဲ ။

" ကိုယ် Baekhyun ကို ပေးစရာရှိတယ်ဆိုတာ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး ။ Baekhyun မေ့လဲနေတာကို တွေ့တဲ့နေ့က Baekhyun လက်ထဲမှာ ပစ္စည်းတစ်ခုကိုင်ထားလို့လေ ။ အဲ့ဒါနဲ့ပဲ ကိုယ်လည်း အမှတ်တမဲ့ အိပ်ကပ်ထဲ ကောက်ထည့်လိုက်ပြီး ပြန်ပေးဖို့ မေ့နေလို့ "

ရှင်းပြချက် အချို့နဲ့အတူ ပါမောက္ခ Shin  သူ့အိပ်ကပ်ထဲက ကြေးဝါရောင် နာရီခွက်လေးကို ထုတ်ပေးလာတော့မှ Baekhyun ဦးနှောက်ဆဲလ်တွေ ကောင်းကောင်း အလုပ်လုပ်တော့တယ် ။

သေစမ်း  ။  ဒီလောက် အရေးကြီးတဲ့ ပစ္စည်းကို ပျောက်လို့ပျောက်မှန်းတောင် သတိမရပဲ မေ့နေရသတဲ့လား ။ ပါမောက္ခ Shin သာ သိမ်းထားပေးလို့မဟုတ်ရင် ဒီစုတ်စုတ်ပျက်ပျက် အရောင်အဆင်း မရှိတဲ့ ပစ္စည်းလေးက အမှိုက်ပုံထဲ ရောက်နေလောက်ပြီ ။ ဘုရားမပေလို့ပဲ ။

" အား   တကယ်ကျေးဇူးတင်ပါတယ် ပါမောက္ခ Shin ရယ် ။ ဒါ ကျွန်တော့်အတွက် အရေးပါတဲ့ ပစ္စည်း - "

Baekhyun ဖော်ရွေ ပြုံးရွှင်စွာနဲ့ ကျေးဇူးတင်မှုကို ပြသပြီး နာရီခွက်လေးကို ကမ်းပေးနေတဲ့ ပါမောက္ခ Shin လက်ထဲက လှမ်းယူလိုက်ရုံ ရှိသေးတယ် ။ ခေါင်းထဲ မိုက်ခနဲ ဖြစ်သွားတဲ့ ခံစားချက် အချို့နဲ့အတူ သူ့ခေါင်းထဲကို ထူးထူးဆန်းဆန်း မြင်ကွင်းတစ်ခု ဝင်လာလေရဲ့ ။

Saving Myself From the Future [ အနာဂါတ်မှ မိမိကိုယ်ကို ကယ်တင်ခြင်း ]Where stories live. Discover now