တစ်ခါထပ်ပြီးတော့ ဟန်ကျိုးလီ အရပ်ဘယ်လောက်ရှည်သလဲ လုမန် သိသွားသည်။ ဘယ်လေမှတိုးမဝင်လောက်အောင် သူ့ခန္ဓာကိုယ်က သူမကို အုပ်မိုးထားလို့ . .

ဟန်ကျိုးလီက တော်တော်ကြာအောင် ငုံထွေးထားပြီးမှ လွှတ်ပေးလိုက်သည် ဖြစ်သော်လည်း သူမနှုတ်ခမ်းတွေနှင့်ထိကပ်ထားဆဲ ဖြစ်သည်။
“ ကိုယ့်ကို အသုံးချဖို့ အဲ့လောက် မလွယ်ဘူးနော်။ ဒီအတွက် ကြီးကြီးမားမားတစ်ခုတော့ ပြန်ပေးဆပ်ရမယ်။ ဒါ အပြန်အလှန်ပဲ။ ဒီနေ့တော့ သွားခွင့်ပေးလိုက်ပါမယ် . . ဒါပေမဲ့ ထွက်ပြေးလို့တော့မရဘူးနော် နားလည်တယ်မလား ”

“ ရှင်ဘာလိုချင်တာလဲ ”
လုမန် မျက်မှောင်ကြုတ်မိသွားသည်။

သူ့ကို အသုံးချခဲ့တာမှန်ပေမယ့် သူက နည်းနည်းလေးပဲ ကူညီခဲ့တာလေ. .

မကူညီဖို့ ရွေးလို့ရလိုက်သားနဲ့ အမှန်အတိုင်း ​ပြောပစ်လို့ရလိုက်သားနဲ့ သူ့ဟာသူ ကူညီခဲ့တာ၊ ဘယ်လိုပဲဖြစ်ဖြစ် သူ့အတွက် အရှုံးမှမရှိဘဲ။

ဘာလို့အလွတ်မပေးချင်သလဲ နားမလည်နိုင်။

“ မင်းကိုလိုချင်တယ် ”
ဟန်ကျိုးလီ၏ နှုတ်ခမ်းထောင့်စွန်းက ကော့တက်သွားသည်။ နှုတ်ခမ်းနှစ်စုံသည် တွယ်ငြိနေဆဲဖြစ်ကာ သူ့မျက်လုံးတွေက သူမမျက်လုံးတွေကို စိုက်ကြည့်လျက်ရှိသည်။

ဒီလောက်အကွာလေးမှာ သူ့မျက်ဝန်းထဲက သူမပုံရိပ်ကိုတောင် လုမန် မြင်နိုင်သည်။

အကြည့်တွေက ယုံကြည်မှုရှိကာ သူနိုင်မည် ဆိုသည့်သဘော။ သို့သော်လည်း သားကောင်ကို ကျီစယ်နေသည့်ပမာ လေးတွဲ့မှုတချို့လည်း တွေ့နေရသည်။

သူမ ထွက်မပြေးနိုင်မှန်း သိလိုက်သားနှင့်တော့ သူ အမြန်ကြီး လှုပ်ရှားစရာ လိုမည် မဟုတ်ပေ။

ရုတ်တရက် အန္တရာယ်အငွေ့အသက်တစ်ခုကို လုမန် ခံစားမိလိုက်သည်။

ထို့ကြောင့် မျက်ခုံးအစုံကို ပင့်လိုက်ပြီးမှ
“ ကျွန်မတော့ နားမလည်ဘူး။ သခင်လေးဟန် လိုချင်ရင် ဘယ်မိန်းမကိုမဆို ကောက်ယူလိုက်လို့ရနေတာကို ဘာလို့ ကျွန်မလို မဖြစ်စလောက်လေးကိုမှ လိုချင်ရတာလဲ ”

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now