Chapter 1

62.2K 2.7K 191
                                    

Chapter 1 : သတ်သေချင်ပေမဲ့
သရဲကြောက်တတ်သူ

မြစ်၏ တီးတိုးသံသဲ့သဲ့သည် သူ့နားစည်ထဲ
ခပ်သဲ့သဲ့ တိုးဖျော့စွာ ဝင်လာ၏။
ထိုအသံနှင့်အတူ သူ့၏အတွေးတွေထဲက
ကြောက်စရာကောင်းသည့် စကားသံတို့ကို
ဆူညံစွာ ကြားနေရသည်။
သူ လွှတ်မြောက်ချက်ပါ၏။ အရာရာကနေ...။

လရောင်သဲ့သဲ့အောက်တွင် ဧရာဝတီမြစ်၏
လှိုင်းကြက်ခွက်ဖြူလွှလွှတို့ကို သူ မျက်ဝန်းထဲ၌
တစွန်းတစ မြင်မိသည်။ ည၏
မှောင်မိုက်ရီဝေနေသည့် အရောင်က
သူ့၏ လွတ်မြောက်ချင်ပါသည်' ဆိုသည့်
စိတ်ဆန္ဒတို့ကို ပို၍ တွန်းအားပေးနေသယောင်။

အမိဧရာဝတီမြစ်သည် သိပ်ကို ခန့်ညားထည်ဝါပြီး သိပ်အေးချမ်းစရာ ကောင်းလှပါ၏။ မြန်မာပြည်သူပြည်သားတို့ သွေးသားအရင်းအမြစ်တို့၏ အထောက်အပံ့တစ်ခု။ ထိုလှပလွန်းသည့်နေရာထဲ၌ သူ့၏ အသွေးအသားတို့ကို နစ်မြုပ်ပစ်ချင်လာသည့်စိတ်ကို သူကိုယ်တိုင် ချုပ်တည်းမရတော့။

သူ ခုန်ချလိုက်လျှင်?

သူ့အသက်၊ သူ့အသွေးအသားသည်
ထိုမြစ်၏ တစ်စိတ်တစ်ပိုင်းအဖြစ်
ပြောင်းလဲသွားတန် ကောင်း၏။
သူသည်လည်း အသုံးဝင်တန်ကောင်းပါ၏။

သူ့မျက်ဝန်းဒေါင့်ရှိ ပူနွေးသည့်အရည်ကြည်တို့ကို
မသိစိတ်အရ ထိတွေ့ကြည့်မိလိုက်သည်။
ဒီမျက်ရည်တွေ...၊ ဒီအသုံးမကျသည့်အရည်ကြည်တွေက မကုန်နိုင်သေးဘူးလား။

သူ အရမ်း ပင်ပန်းနေခဲ့ပါပြီ။
ပြောမထွက်နိုင်လောက်အောင်...၊
ဘာစကားမှ ပြောချင်စိတ်မရှိလွန်းလောက်အောင်...၊ သူ့စိတ်တို့သည် အနုတ်ဘက်ကို ပြသနေသည်။ သတ်သေချင်သည့် စိတ်အလျဥ်တို့သည်
အချိန်နဲ့အမျှ ထိုးတတ်လာသည်။

သူ ငိုနေရင်းကနေ အသံအကျယ်ကြီးဖြင့်
ရယ်မောမိလိုက်သည်။ သူ့အသံကို တစ်စုံတစ်ယောက်လောက်တော့
ကြားတန်ကောင်းပါရဲ့။ ဒီတောရွာလေးထဲရှိ
လူတွေက ဒီအချိန်လောက်ဆို
နှစ်ခြိုက်စွာ အိပ်နေကြမည်သာ။
မည်သူမျှ သူ့အသံကို မကြားနိုင်ကြပေ။

တစ်ယောက်ယောက်များ ကြားနိုင်ပါ့မလား။
ဒါဟာ သူ့အတွင်းစိတ်က
မျှော်ကိုးမှုသေးသေးလေးသာ။

 မိုးမှောင် ( Complete )Where stories live. Discover now