-13-

3.1K 318 24
                                    

ပိုင်လီဟုန်ရိ နိုးလာတော့ ဦးခေါင်းက တဆစ်ဆစ်။ မျက်လုံးမဖွင့်ခင် မှတ်ဉာဏ်ထဲ ရှင်းလင်းစွာပေါ်လာသည်တို့က ဆောင်ကြာမြိုင်မှ အဖြစ်အပျက်များပင် ဖြစ်လေသည်။

ဟွားဆိုသည့် အမျိုးသမီးနှင့် အတူရှိနေသည့်ကိုကို...

သူ့ကို တွန်းချလိုက်သည့် လက်တစ်စုံ၏ နောက်မှာ အိုင်ခနဲ ဖြစ်သွားရတဲ့ သွေးစက်တွေ...

ပြီးတော့ သူတို့ကို ကြောင်အစွာ ကြည့်နေသည့် လူနှစ်ယောက်...

ပိုင်လီဟုန်ရိသည် ဝမ်းလည်းနည်းသလို စိတ်ဆိုးဒေါသလည်း ထွက်ရသည်။ ခံပြင်းရသည်။ အရှက်ရသည်။ ချစ်ရသူအတွက် အရေးမပါသည့် ဖြစ်တည်မှုမျိုး ဖြစ်ရသည့်အပြင် ထိုလူ၏ အသိုင်းအဝိုင်းမှာပင် မဝင်ဆံ့သည့် အဖြစ်မျိုး။ ပြည့်ရှင်မင်းကြီးဖြစ်တော့ရော ဘာကောင်းသေးလဲ...။ မြတ်နိုးသူရဲ့ နှလုံးသားကိုတောင် မပိုင်ဆိုင်ရပါပဲနဲ့​လေ...။

ဒဏ်ရာရထားသော လက်ကို ကြည့်လိုက်တော့ ပတ်တီးများစည်းထားနှင့်ပြီး ဖြစ်သည်။ အကောင်းဆုံးဆိုသော ဆေးများနှင့် ပတ်တီးဖြူဖြူအောက်က ကြွေခွက်ရှရာတွေက အချိန်တန်ရင် ပျောက်ကင်းသွားမှာဆိုပေမယ့် ရင်ထဲက ဒဏ်ရာ...။ ဒီ တစ်ကြိမ်တော့ သူကိုကို့ကို စိတ်နာသင့်ပြီ ထင်သည်။

အတွေးထဲ နစ်မြောနေတုန်း တံခါးဖွင့်သံကြောင့် လှည့်ကြည့်မိတော့...

"ပိုင်လီဟုန်ရိ နိုးပြီလား။ သက်သာရဲ့လား။ နေလို့ကောင်းရဲ့လား"

ကုတင်ပေါ် ထိုင်နေသော သူ့ကို မြင်တာနှင့် ရှောင်းကျန့်ဆိုသည့် သူ​၏ချစ်လှစွာသောကိုကိုက ပကတိစိုးရိမ်နေသော မျက်ဝန်းများနှင့် သူ့ဆီ ပြေးလာလေသည်။ ပိုင်လီဟုန်ရိ ရင်ခုန်ကြည်နူးရမည့်အစား တဟားဟားနှင့်ပင် အော်ရယ်လိုက်ချင်တော့သည်။

"ရှောင်းကျန့်...မင်း ဘာသတ္တိတွေနဲ့ ငါ့ကို လာမေးနေတာလဲ။ မင်း အဲ့လောက် မျက်နှာပြောင်တယ်ပေါ့။ ငါ့ကို စိတ်ပူရဲ့သေးတယ်ပေါ့။ အော်...မှားလို့ စိတ်ပူချင်ယောင်ဆောင်ရဲသေးတယ်ပေါ့"

နှုတ်ခမ်းထက်ဝယ် မထီပြုံးကို ချိတ်ဆွဲလို့ ခပ်ထေ့ထေ့မေးလိုက်၏။ အရက်နာကျထားသော အရှိန်ကြောင့် လည်ချောင်းသံတို့မှာ ခပ်အက်အက်ဖြစ်နေသော်လည်း မာထန်နေသော လေယူလေသိမ်းအရ ပိုင်လီဟုန်ရိ၏ ဒေါသကို ခန့်မှန်း၍ ရနိုင်ခဲ့လေသည်။

အချစ်ရယ်...မင်းပါပဲ [Completed]Where stories live. Discover now