-3-

2.8K 349 46
                                    

နှောက်ကျိနေသော အသိဖြင့် ရှောင်းကျန့် နိုးထလာခဲ့သည်။ မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရသည့် မျက်နှာကျက်ကြောင့် အံ့ဩသွား၏။

သူရောက်နေတာ ဘုရင့်အိပ်ဆောင်...
ဒါဆို သူ ညက ပိုင်လီနဲ့ အတူအိပ်ဆောင်ဝင်ခဲ့မိတာလား...

ဆောင့်တက်လာသော ဒေါသတို့နှင့်အတူ အိပ်ရာဘေးကို ကပျာကယာကြည့်လိုက်သည်။ သို့သော် အေးစက်ပြန့်ပြူးနေသော နေရာလွတ်မှ လွဲ၍ ကျန်တာမတွေ့ရ။ ထိုအခါမှ စိတ်သက်သာရာရသွားလေသည်။ တစ်ဆက်ထဲမှာပဲ မျက်ခုံးတို့ တွန့်ချိုးသွားရသည်။

နေပါဦး...ပိုင်လီဟုန်ရိက ညက လာမအိပ်ဘူးဆိုရင်
ဘယ်များသွားအိပ်သလဲ...

ထိုစဉ် ညတုန်းက မျက်ရည်များပေကျံနေသော ပိုင်လီဟုန်ရိ၏ မျက်နှာကို ပြန်မြင်ယောင်လာသည်။
အဲ့ဒီနေရာမှာပဲ သူပစ်ထားခဲ့မိသည်ဆိုတာကို မှတ်မိသည်။

ဘယ်အချိန်အထိများ အဲ့နေရာမှာ သူချန်ထားတဲ့အတိုင်း ရှိနေခဲ့တာလဲ...

မနက်စောစော အကျိုးမပေးပဲ အတွေးထဲအာရုံများအောင် လာလုပ်သည့် ပိုင်လီကြောင့် သက်ပြင်းချကာ စိတ်ကုန်စွာဖြင့် မျက်နှာကို လက်ဖဝါးဖြင့် ပွတ်ချလိုက်သည်။

နေပါစေ...
သူဘာသူ ဘာဖြစ်ဖြစ်
ဒါသူ့တိုင်းပြည်...သူ့နန်းတော်...
သူ့အတွက် နေစရာမရှားသလို ဂရုစိုက်မည့်သူလည်းမရှားဟု တွေးကာ အိပ်ရာမှ ထလိုက်လေတော့သည်။
.
.
.
နန်းတော်ထဲတွင် လုပ်စရာမယ်မယ်ရရမရှိ၍ ရှောင်းကျန့် ဥယျာဉ်ထဲတွင် ထိုင်ကာ ကဗျာစာအုပ်တစ်အုပ်သာ ကောက်ဖတ်နေလိုက်သည်။

ပိုင်လီကိုတော့ မနက်ကတည်းကပင် မတွေ့ရ။

မတွေ့ရသေးဟု တွေးနေမိစဉ်မှာပင် ညီလာခံမှ ပြန်လာပုံရသည့် ပိုင်လီသည် အခြွေအရံများဖြင့် အိပ်ဆောင်ဘက်သို့ လာခဲ့လေသည်။ ရှောင်းကျန့်က ဥယျာဉ်ထဲကနေ လှမ်း၍ မြင်နေရသည်။

ရွှေရောင်ဝတ်စုံကို ဝတ်ထားပြီး ဆံပင်ကို အပြောင်းသိမ်းကာ စုထုံးထားသော ပိုင်လီသည် မနေ့ကပုံစံနှင့် ကွဲပြားကာ အရှိန်အဝါတွေ တောက်ပလျက်။ တည်တင်းနေသော မျက်နှာထားမှာလည်း တစ်ဖက်လူကို မျက်လုံးချင်းမဆုံရဲလောက်အောင် ဖြစ်စေသည်။

အချစ်ရယ်...မင်းပါပဲ [Completed]Where stories live. Discover now