"ဖယ်စမ်း မဖက်နဲ့.......ဖယ်........."
အတင်းအကျပ်ဖက်ထားသည်ကို အကြောက်အကန်ရုန်းရင်းအော်ဟစ်နေသည့် ညီ့ကြောင့် ချုပ်ထားသော်လည်း နှစ်ယောက်သားက ကုတင်ပေါ်တွင် ရုန်းကန်နေရသည်။
ကုတင်စောင်းသို့နောက်မှီလျက်ဖြစ်သွားသည့် ညီ့ကိုအတင်းပွေ့ဖက်ကာ တစ်ကိုယ်လုံးနဲ့ပါချုပ်ထားလိုက်ရသည်။
ဒေါသတို့ကြောင့် အသက်ရှူမြန်နေသည့် ညီ့ဆီမှ အကြည့်စူးစူးတွေနဲ့ မျက်ရည်ဝဲနေသည်ကိုမြင်ရသည်။
သို့သော်အောက်နှုတ်ခမ်းကိုကိုက်ကာ ကျွန်တော့်ကိုမျက်နှာလွှဲလို့ အသားတွေပါတုန်ကာ လက်သီးကိုလဲကျစ်ကျစ်ပါအောင်ဆုပ်ထားသေးသည်။ လက်တွေကိုပါချုပ်ထားသည်မို့ ထိုလက်သီး ကျွန်တော့်ထံမရောက်လာခြင်းပေ။
"ညီ......."
လုံးဝလှည့်မကြည့်ချင်ပါ။ တကယ်စိတ်ဆိုးမိသည်။ ပြန်တည့်ကြသည်က မနေ့ကမှပင်။ ကျွန်တော်ကလွဲ ဖွဲနဲ့ဆန်ကွဲဟုဆိုကာ အသည်းပိုအကဲပိုပြီး အလုပ်ကိုပင် ဂေါ်နဲ့ကော်ထုတ်ရသည့်လူက ပြန်လာတော့ လင်ဟောင်းရဲ့အနံ့က ကပ်ပါလာသည်ဆိုခြင်းမှာ ကျွန်တော်ဒေါသထွက်ပြီး သတ်ပစ်ချင်မိသည်က အမှားလား။ လူကိုလဲတက်ခွထားသေးသည်။
လက်တွေကိုလဲချုပ်ထားသည်။ သူ့အန္တရာယ်တော့သူသိသည့် လူလည်ကြီး သားသမီးပင်။ လွတ်လို့ကတော့ တကယ်နုတ်နုတ်ဆင်းမည်ဟုတေးထားသည်။
"ညီ........"
ကျောပြင်ထက်သို့ကျရောက်နေသည့် လက်ဝါးလျက်များ လက်သီးချက်များ၏ နာကျင်မှုကို မမှုနိုင်။ညီကျေနပ်ဖို့ကိုသာ မျှော်လင့်ပါသည်။ ညီ သာ စိတ်ဆိုးပြေမည်ဆိုလျှင် သေဆိုလျှင်တောင်သေရဲသည်။
တဘုန်းဘုန်းနဲထုရိုက်ရသည့် ကိုယ်ပဲမောသည်။ ရိုက်နေရင်း
ဒေါသတို့ကြောင့် မျက်ရည်တွေကလည်းထွက်လို့၊ နှာချေးတွေပါထွက်ပြီး သုတ်လို့ကလဲမရ။ လက်တစ်ဖက်နဲ့သုတ်လိုက် ဘာမှမပြောပဲ ထုရိုက်နေလိုက်နဲ့ တစ်ယောက်တည်းအလုပ်ကိုရှုတ်နေသည်ကအမှန်။ သူကတော့အေးချမ်းသည်။ ကျွန်တော့်ပခုံးထက်ခေါင်းမှီလို့ ငိုနေသည်ထင် ပခုံးသားပေါ် တစ်ချက်တစ်ချက်ကျလာသည့်အရည်တချို့ စိုစွတ်မှုတချို့ရနေသည်။ ငါးဖယ်လားလူလားလဲမသံကွဲ ထုရိုက်နေသည်ကိုတုပ်တုပ်မလှုပ်ပဲ အတင်းဖက်ထားပြီးငြိမ်နေသည်။
"လူယုတ်မာကောင်.... ယွံတယ်.... ငါ့ကို.....လွှတ်စမ်း......"
"မလွှတ်ဘူး.... ညီ စိတ်ဆိုးပြေတဲ့အထိ
ကြိုက်သလောက် ထုရိုက်ပစ်ပါကွာ......."
"ခင်ဗျားတော့မသိဘူး.... ကျုပ်လက်တွေနာနေပြီ သေနာကောင်ကြီးရဲ့....လွှတ်....ခင်ဗျားကိုမုန်းတယ်......."
အတင်းဖက်ထားပြီးငြိမ်နေရာမှ ညီ့စကားသံကြောင့် တကယ်လန့်သွားရလေပြီ။ ပခုံးသားကိုဆုပ်ကိုင်ကာ မျက်နှာချင်းဆိုင်ကြည့်လိုက်တော့ ညီ့ မျက်ဝန်းတွေထဲ မျက်ရည်တွေစိုကာရွှဲလို့။ ကျွန်တော့်ထက်ကို ပိုငိုထားသည့် ညီ၊ ကျွန်တော့်ကြောင့်နာကျင်ရလေပြီ။
"မုန်းတယ်တော့မပြောပါနဲ့ ကိုယ်ရူးသွားလိမ့်မယ်........
သိရဲ့လား.....သိရဲ့လား............. "
ပခုံးကနေကိုင်လှုပ်ကာ လူကိုနင်းကန်အော်နေသည့်ကိုဉာဏ်။ ဗိုက်နေ စောင့်ကန်ပစ်လိုက်သည်။
"ခင်ဗျားနဲ့မပေါင်းဘူး....ကွာရှင်းမယ်......"
ကုတင်ပေါ်ကဆင်းကာ တံခါးဆီသို့ဦးတည်နေသည့်
ကျွန်တော့်အနောက်ကိုအပြေးလာကာ သိုင်းဖက်ပြီး အတင်းကိုဆွဲခေါ်နေသည်မို့ ရုန်းကန်ရင်း ထိုးကြိတ်မိသည်။ဒါကိုပင်ဇွဲမလျော့သေးပါပဲ ဖက်တွယ်လာသည်မို့ ခြေဖနောင့်နှင့်လဲ သူ့ခြေဖျားကိုဖိကပ်နင်းချပစ်လိုက်သည်။ ကြိတ်ခံနေသည့် လူ ဘယ်လိုသတ္တဝါလဲ။ နာရကောင်းမှန်းမသိဘူးလား။ နောက်ဆုံးနောက်စေ့နဲ့ မျက်နှာကိုတိုက်ချလိုက်တော့ ထိသွားပြီနေမည် လူကိုလွှတ်ပေးလာသည်။ တံခါးဆီအပြေးသွားကာ ဆွဲဖွင့်လို့ထွက်ပြေးမိသည်။
"ညီ......"
အော်နေသည့်အသံကိုလည်းမကြားချင်တော့ပေ။ မြင်လဲမမြင်ချင်။ ကားနဲ့အဖေ့အိမ်သို့ ပြေးချင်သော်လည်း
ကားသော့အပေါ်မှာကျန်ခဲ့သည်။ ရှင်းပြလို့နားထောင်ပြီးလျှင် လိမ်တာမလိမ်တာ၊ ဟုတ်တာမဟုတ်တာအသာထား
ခွင့်လွှတ်နေမိပေဦးမည်။ စိတ်တကယ်ဆိုးမိတာအမှန်ပင်။
လက်ချိုးရေလျှင် နာရီပေါင်းက ၂၄နာရီပင်မပြည့်သေး။ပူပူနွေးနွေးလေးအချိန်မှာပဲ ရည်းစားဟောင်းရဲ့အနံ့အသက်က ကပ်ပါလာတယ်ဆိုတာကြီးက ရင်ထဲဘယ်လောက်ဒေါသထွက်ဖို့ကောင်းနေသည်လဲ။ စိတ်နာမိသည့်အဆင့်ထိတော့မဖြစ်သေးသော်လည်း တကယ်စိတ်ဆိုးပြီး မတွေ့ချင်သေးပေ။ ပြေးထွက်လာသည်က ခြံဝပင်ရောက်နေလေသည်။ အိမ်တံခါးရှေ့ရောက်တော့ တစ်ညီညီနဲ့ အနောက်ကပြေးလိုက်လာသည့် ကိုဉာဏ့်ကြောင့် ဖိနပ်ပင်မစီးနိုင် ခြံပြင်
ထွက်ပြေးမိသည်။
ပြေးထွက်သွားသည့် ညီက ခြံပြင်ကိုရောက်လို့နေလေပြီ။
ညီထွက်ပြေးသည့်အချိန်မှာပဲ ကားအဖြူတစ်စီးကဖြတ်မောင်းဖြတ်မောင်းလာသည် ညီကလည်း တစ်ဖက်လမ်းသို့ဖြတ်ပေးသည်။
'ကျွီ........ဒုန်း........'
"အမလေး........သားငယ်လေး........."
အခန်းထဲအော်ဟစ်နေကြပြီး ရန်ဖြစ်နေကြသည်။
ယခုနက ဉာဏ်သုအခန်းထဲရောက်ပြီးမကြာ ညီသုအော်သံကြားရသည်။ ကလေးတွေကို မိနပ်တို့နှစ်ယောက်ကိုလာခေါ်ဟုပြောလာသည့် ညီသုကြောင့် ဘာတွေဖြစ်နေသည်မသိရ။ ကလေးတွေလဲအပြင်ရောက်ရော တံခါးကိုလော့ခ်ချပြီး အခန်းထဲငြိမ်နေသည်။ မကြာလိုက်တော့ ဝုန်းဒိုင်းနဲ့အသံတွေ တဗုန်းဗုန်းနဲ့ထုနေသံတွေကြားရသည်။ မကြာလိုက်ပါပဲ
အခန်းတံခါးရှေ့သို့ မျက်ရည်တွေနဲ့ပြေးထွက်လာသည့် ညီသု၊ နှာခေါင်းမှာလည်းသွေးတွေနဲ့ မျက်ကွင်းကလည်းညိုပြီး
နှုတ်ခမ်းလည်းပေါက်ပြဲလို့ အကျီတွေလဲကျေမွကာ ရုပ်ပျက်ဆင်းပြတ်ဖြစ်နေသည့် ဉာဏ်သုလည်း နှာခေါင်းသွေးတွေတောင်မသုတ်နိုင် ညီသုနာမည်ခေါ်ကာ အပြေးလိုက်သွားသည်။ ခြံပြင်ထွက်ပြေးသွားသည်ထင် အနောက်မှအပြေးလိုက်ကြည့်မိတော့ အမေ့အော်သံကြားရလေသည်။ ဘာတွေဖြစ်ကြသည်ကိုတော့မသိရသေး။
"ညီ..........."
"ညီ.........."
ခေါ်သံနှစ်ခုထွက်လို့လာပြီး ခြံအပြင်ဘက် ကြမ်းပြင်ပေါ်လဲကျသွားသည့်ကောင်လေးတစ်ယောက်လည်းရှိနေသလို
ထိုလဲကျနေသည့်ကောင်လေးအနားသို့ နေရာနှစ်ခုမှ အပြေးလာနေသည့် ကောင်လေးနှစ်ယောက်လည်းရှိနေသည်။
ကားထဲကကားမောင်းသူကတော့ တုန်ရီလို့နေလေတော့သည်။
..........
လမ်းခွဲရအောင်ဟုဆိုကာ လမ်းခွဲစကားပြောပြီးနောက်ပိုင်း
ဖုန်းလည်းမကိုင်တော့ပေ။ ကုမ္ပဏီလဲမလာဟုဆိုကာ
ကိုကိုဘာတွေလုပ်နေသည်လည်းမသိရချေ။ ကုမ္ပဏီသို့အပြေးသွားကာ ရုံးခန်းထဲနေ့တိုင်းထိုင်စောင့်သည် လုံးဝရောက်မလာပေ။ နောက်ဆုံးကိုကို့အိမ်ရှေ့ ရောက်သွားကာ ဘယ်ဆီမှာများရှိနေမလဲဆိုသည့်အတွေးတို့နဲ့ အိမ်ရဲ့မလှမ်းမကမ်းတွင်ထိုင်စောင့်နေမိသည်။ အရိပ်အယောင်ပင်မမြင်ရချေ။
တစ်ရက်ကျတော့ တစ်ညလုံးမပြန်ပါပဲတစ်မနက်လုံးငုတ်တုပ်ထိုင်ကာ အိမ်ရဲ့မလှမ်းမကမ်းလေးမှာကားရပ်လို့စောင့်ကြည့်မိသည်။ နာရီပေါင်းများစွာကြာပြီးနောက်တော့ ကိုကို့ကားကိုတွေ့ရလေပြီ။ ဘယ်ဆီသွားနေသည်လဲမသိပေ။ နေ့လည်၁၁နာရီခွဲဆိုသည်ကြောင့် ရုံးသွားသည်လားလဲမသိ။
ရွှေပုစွန်ကိတ်ဆိုင်ထဲဝင်သွားသည့်ကိုကိုက ကုမ္ပဏီသို့သွားသလိုဝတ်သည့်အကျီမျိုးနဲ့မို့ လူကြီးတွေ၊ဧည့်သည်တွေဖြင့် ချိန်းထားသည်ဟုထင်ကာ ကိုကို့ကိုအဝေးကပဲထိုင်ကာငေးကြည့်နေမိသည်။ မကြာလိုက်သောအချိန်မှာပဲ လူကြီးတစ်ယောက်ရောက်လာသည်။ ဧည့်သည်လူကြီးဟုထင်မိပြီး ကိုယ်ပြသနာသွားမရှာမိတာကိုပဲ ကျေနပ်နေမိသည်။ အလုပ်လုပ်နေစဥ်အာရုံနောက်သည်ကိုမကြိုက်သည့်ကိုကိုကြောင့် မနှောင့်ယှက်မိသည်မို့ ပျော်မိသည်ကအမှန်ပင်။
မနေ့ကတစ်နေ့လုံးကားထဲတွင် ရေသောက်လိုက် ဝယ်ထားသည့်ပေါင်မုန့်တွေစားလိုက်နှင့်ထိုင်နေပြီး မနက်ကစားထားသည့် ကိတ်သေးသေးလေးကြောင့် ယခုဗိုက်ဆာနေသည်မို့
ဝယ်ထားသည့်ကိတ်ကိုအလုအယက်လည်ပင်းအတွင်းထိုးသွင်းပြီး အအေးကိုမော့လို့ ငုံ့ကာစားနေသည်။ မကြာလိုက်တဲ့အချိန်မှာပဲ ကိုကို့ကိုမတွေ့ရတော့ပေ။ ဆိုင်အတွင်းယခုနကဟိုလူကြီးကိုလဲမတွေ့ရ။ ကားပါကင်ကိုပြေးကြည့်တော့ ကားကရှိနေသေးသည်။ ဆိုင်ထဲပတ်ရှာသည်။ တွေ့ရလေပြီ။ ဒူးထောက်နေသည့်ကိုကို ငိုနေသည်ပဲ။ ရှေ့ကိုကြည့်မိတော့ ညီသု။ ဘာတွေလဲ အတွေးတို့ကမဆုံးသေး။ မနေ့ကလမ်းခွဲစကားဆိုပြီး ထားရက်ခဲ့နိုင်တာ 'ကိုယ် မချစ်ပါဘူး' လို့ပြောခဲ့ဖူးတဲ့ ညီသုအတွက်လား။
မင်းနဲ့ငါနီးစပ်ဖို့ ငါကြိုးစားနေတာဆိုတဲ့ ကိုကိုကလေ.....
"ကိုကို...."
အနားသို့အပြေးသွားဖို့ကျန်တော့ လှမ်းဆွဲလာသည့်လူ။
Smith ဆိုသည့် လုပ်ငန်းပါတနာလူက ယခုနကိုကိုနဲ့စကားပြောနေသည့် လူကြီးနဲ့ ရပ်နေပြီး ကျွန်တော့်ကိုတားနေသည်။ နောက်ဆုံးအတင်းဆွဲကာ ကားထဲပိတ်ထားသည်။
ရန်ဖြစ်ကြပြီး စကားတွေများကြသည်။ အတင်းဆွဲထားသည့် ထိုလူကလည်း ကားထဲက လုံးဝမလွှတ်ပေး။
နောက်ဆုံးလွှတ်ပေးလိုက်သည့်အချိန် ထိုနေရာကိုအပြေးသွားတော့ ကိုကိုမရှိတော့ပေ။ ကားဆီအပြေးလာကြည့်တော့လဲ ကားကို မတွေ့ရတော့ချေ။
.........
အိမ်ကိုပြန်လာပြီး ကိုကောင်းမြတ်ကို ဖုန်းဆက်ခေါ်လိုက်သည်။ ဘီယာတွေကပ်လိုက်ဝယ်ကာ တစ်ဗူးပြီးတစ်ဗူးသောက်လို့ တော်တော်လေးကုန်နေလေပြီ။မျှော်သူကတော့ရောက်မလာသေးပေ။
"နန္ဒ......"
ဖုန်းဆက်သည်မို့အလုပ်ထဲရောက်နေရာကနေ အချိန်ခဏညှိလို့ထွက်လာခဲ့လိုက်ရသည်။ နည်းနည်းနောက်ကျမှရောက်သွားရသော်လည်း စောင့်နေမည်ကိုသိလေပြီ။ ကောင်လေးအသည်းကွဲနေပြီခင်သည်။ ဉာဏ်သု ထားရစ်ခဲ့လေပြီလား။
Videoပို့လိုက်သည်ကိုတော့ Sentသာရောက်ပြီး Seenမပြသေးပေ။ ဘာတွေဖြစ်ကြသည်တော့မသိသေး။
အခန်းလျို့ဝှက်နံပါတ်ကို ယခုဏကဖုန်းဆက်စဥ် ပြောပြထားသည်မို့ ဒီအတိုင်းသာဝင်ခဲ့လိုက်သည်။
ကြမ်းပြင်ပေါ်ခွေခွေလေးအိပ်ပျော်နေသည့် ကောင်ငယ်လေး။ ဘေးမှာဘီယာတွေကလည်း ကော်ဇောကနေအပြင်သို့စိမ့်ထွက်နေလေပြီ။ ဘီယာပုလင်းကြီးကလည်း အပြိုပြိုအလဲလဲကြမ်းပြင်ပေါ်တွင် အတုန်းအရုန်းအပြိုင်အဆိုင်အိပ်နေကြသည်က ကောင်ငယ်လေးလိုပင်။
"နန္ဒ......."
"ကိုကို......."
ဖက်တွယ်လာပြီး ရင်ခွင်ထဲဝင်လာသည့်ကောင်လေး ငိုနေသည်ပြီးနောက် ကိုကို ဟုထပ်ခေါ်ကာ အိပ်ပျော်သွားပြန်သည်။ မူးရူးလို့ လူမှားနေတာဖြစ်မည်။
နာရီပေါင်းတော်တော်ကြာကြာစောင့်လိုက်ရသည်။ ၃နာရီလောက်ကိုကြာသွားလေပြီ။ အမူးသမားကတော့တုပ်တုပ်မလှုပ်ပေ။ နောက်ဆုံးထိုင်စောင့်ရင်း နာရီဝက်လောက်အကြာ
လှုပ်ကာ နိုးလာလေပြီ။
"ကိုကောင်းမြတ်....ခင်ဗျားဘာလို့ခုမှလာတာလဲ...."
"ငါရောက်နေတာ ၃နာရီကျော်ပြီ...."
ငူငိုင်ငိုင်နဲ့ကောင်ငယ်လေးက မျက်ရည်တွေလဲကျလို့ပင်။
တရှုံ့ရှုံ့နဲ့ငိုနေသည်မို့ တစ်သျှူးထုတ်ပေးရုံမှအပ ဘာမှမတတ်နိုင်ချေ။ ဝမ်းနည်းပြီး ငိုချင်နေသည်က ငိုတော့ကောင်းတာပဲမဟုတ်လား။
"ကိုကောင်းမြတ်..ကိုကိုက ကျွန်တော့်ကိုထားခဲ့ပြီ...."
တဟီးဟီးနဲ့ရှိုက်ကာငိုနေသည့်ကောင်လေးကိုကြည့်ကာ
သက်ပြင်းချပြီး စိတ်မကောင်းဖြစ်ပေးလိုက်ပါသည်။
"ကိုကောင်းမြတ်သိလား.....ကျွန်တော်စိတ်ဆိုးရင်တောင် မချော့တတ်တဲ့ ကိုကိုက မချစ်ပါဘူးဆိုတဲ့လူရှေ့မှာငိုပြီး ဒူးထောက်နေတယ်...... ကျွန်တော်သူ့ကိုထားခဲ့ဖူးတယ်....
နောက်တစ်ယောက်နဲ့လဲ အိပ်ခဲ့တယ်.... သူ့ကိုမမေ့နိုင်လို့
သူ့ဆီပြန်သွားဖြစ်တယ် ကိုကောင်းမြတ်ရယ်....."
နှာခေါင်းကိုရှုံ့လို့ပြောနေသည့် ကျွန်တော့်ကို တစ်သျူးကမ်းပေးလာသည်မို့ သုတ်ဖယ်ပစ်လိုက်သည်။ နည်းနည်းတော့ပေါ့သွားသလိုပါပဲ။
"အဲ့အချိန်က သူပြောခဲ့တာ 'ပြန်လာမယ့်အချိန်စောင့်နေတာပါတဲ့..... ချစ်သူဖြစ်တဲ့ကျွန်တော့်ကို ဆွဲမထားခဲ့ဘူး...လိုက်မခေါ်ဘူး..... သူ့ကိုစိတ်ကောက်ပြီးထားခဲ့တာကို ပြန်မခေါ်လို့ နောက်တစ်ယောက်ထားပြီး သူ့ကိုမေ့ကြည့်တယ်....
သတိတွေကရနေတာပါပဲ..လိုက်မခေါ်တော့ ကိုယ်တိုင်ပဲ ပြန်ရတာပေါ့......ပြီးတော့ ကိုကိုလဲမသိပါဘူး
ကျွန်တော်နောက်တစ်ယောက်နဲ့ရှုပ်ခဲ့တာကို ဒါကြောင့်သူ့ဆီပြန်သွားတော့ လက်ခံပေးတာပေါ့ဗျာ....."
ရှိုက်ငိုလိုက်၊ နှာရည်တွေကိုသုတ်လိုက်၊ မျက်ရည်တွေကိုသုတ်လိုက်နဲ့ အမူးကလဲပြေသေးပုံမပေါ်။ မျက်ဝန်းများကရီဝေလို့ ဆက်ပြောလာပြန်သည်။
"အခုတော့လေ....အခုတော့.....
အတုအယောင်လက်ထပ်ထားပါတယ်ဆိုတဲ့
လူကထားခဲ့ခါနီးအချိန်ရောက်တော့ ကျွန်တော့်ကိုထားခဲ့တယ်......"
"မင်းပြန်ရအောင် ကြိုးစားကြည့်လေ....
ဘာနည်းပဲဖြစ်ဖြစ်မင်းသုံးတတ်ပါတယ်ကွာ......
မင်းချစ်သူက မင်းကိုချစ်တယ်ဆိုရင် သူပြန်လာမှာပါ....."
ငိုင်တွေသွားသည့်ကောင်လေးက မငိုတော့ပါပဲ အငိုတိတ်သွားလေပြီ။ ဘာတွေပြောမှန်းလဲ သိပ်နားမလည်ပါ။
အရက်သမား၊အမူးသမားက စကားတွေလဲပြောသာပြောနေတာ ဟိုရောက်၊ဒီရောက်နဲ့မို့ အပေါ်ယံသာပြောလိုက်မိသည်။
"ကိုကို့ကို ပြန်ရအောင် ခေါ်မယ်......
ကိုကောင်းမြတ်ကူညီပါဦးဗျာ......"
ဆက်ခနဲ လက်ကိုဆွဲလို့ ခေါင်းမော့ကြည့်လာပြီး သနားကမားရုပ်လေးနဲ့ အငိုမျက်ဝန်းရဲဲကြီးများဖြင့်ကြည့်လာသည့်ကောင်လေး။
"ငါက ငါချစ်တဲ့ကောင်လေးကိုရှာနေတာ နန္ဒ.....
ငါသူ့ကိုအရမ်းတွေ့ချင်တယ်.... ပြန်တွေ့ရရင် မပျောက်သွားအောင် ဖွက်ထားမိမှာ.......မင်းလဲ မင်းရဲ့ချစ်သူကိုအရမ်းချစ်ရင် သေချာသိမ်းထားလေ.........
တခါတလေ အချစ်က အတ္တကြီးသင့်ရင်လဲ အရောင်တင်ပေးရတယ်...... "
လေပူတစ်ချက်မှုတ်ထုတ်ကာ အခန်းတံခါးဝသို့ကြည့်လိုက်ပြီး ကိုကောင်းမြတ်ဆက်ပြောလာသည်။
"ဒါက ငါမင်းကိုညီအကိုလို ခင်ခဲ့ဖူးတဲ့သံယောဇဥ်တွေကြောင့် နောက်ဆုံးကူညီလိုက်မယ်....
မင်းနဲ့ငါ ဒီကိစ္စပြီးရင် လမ်းခွဲကြစို့ကွာ.....
မပတ်သတ်ဖူးတဲ့လူတွေလိုပဲနေကြရအောင်......"
"ဒီတစ်ခါနောက်ဆုံးပါပဲ.........."
.....
တစ်ညလုံးကိုကို့ကိုဖုန်းဆက်သည်။ လုံးဝမကိုင်ပေ။ မုန့်ဆိုင်ကပြန်သွားပြီးတည်းက ဘယ်မှာမှန်းမသိတော့ချေ။ အိမ်မှာပဲနေမည်ဆိုပြီး တစ်ယောက်တည်းလောင်မြိုက်နေသည့် အသည်းက တဟုန်းဟုန်းတောက်နေသည့် ကောက်ရိုးမီးလိုပင်။ အသည်းလည်းမမာနိုင်တော့ အရည်တွေပျော်ကာ အငွေ့ပင်ပျံပျောက်ကွယ်ပစ်ချင်တော့၏။
ထိုင်ကာပင်တစ်မနက်လုံးစဥ်းစားသည်။ အကြံကပေါင်းစုံရပါ၏။သို့သော်လည်း မဖြစ်သေးပါဘူးဟုတွေးကာ လက်လျော့လိုက်၊ လုပ်ရင်ကောင်းမလားဟုတွေးလိုက်နှင့်နောက်ဆုံးမနက်စာပင် စားချိန်ကျော်နေလေခဲ့ပြီ။ ၂နာရီထိုးတော့မည်။
အစာမစားရခြင်းကြောင့် ဗိုက်လည်းအောင့်ပါသည်။ သေတော့မသေသေးပါ။ ကိုကို့ရုံးဖုန်းကိုဆက်ကာ အသံလေးနားထောင်ချင်သည်မို့ ခေါ်လိုက်မိသည်။
"ဟယ်လို....အမိန့်ရှိပါ....
CEO ဉာဏ်သုခမောင်ပြောနေပါတယ်.........."
ရေသောက်နေသည်မို့ အသံကမထွက်တော့ အမြန်ထူးချင်ဇောလောပြီး ကိုကိုခေါ်လိုက်ချိန် ရေတွေနှာခေါင်းထဲကပြန်ထွက်လို့ သီးသွားလေသည်။
"ကိုကို.....ကျွန်....ကျွန်တော်......ဗိုက်....ဗိုက်အောင့်ပြီး...."
အဟွတ်အဟွတ်နဲ့သီးနေသည်က ခဏရပ်သွားချိန် အကြံဉာဏ်ကလည်းပေါ်သွားသည်။ တစ်ဖက်ကဘာအသံမှထွက်မလာသည့် ကိုကို့ကို အသံပြုလိုက်မိသည်။
"ကိုကို...."
"ငါ မ......"
သူ့အားစကားတို့ကို အဆုံးထိအပြောမခံနိုင်ပါ။ လိုရာကိုဖြတ်ပြောလိုက်သည်က သနားကမားအသံနဲ့ပင်။
"အစာအိမ်အောင့်ပြီး မထနိုင်တော့ဘူး......
ဖေဖေ့ကိုဖုန်းဆက်မရလို့....... ကယ်ပါ............
မ ရ....မရ....တော့ဘူး....အရမ်းအောင့်နေပြီ........."
"မင်းရဲ့မိထွေး မဟုတ်ရင် အမေကိုဖုန်းဆက်လေ........"
"ကိုကို......ကယ်ပါ......ကျွန်တော့်မှာ အစာအိမ်......အစာအိမ်ရောဂါရှိတာ......"
ဆက်မပြောတော့ပဲ အသံကိုတိတ်ပစ်လိုက်သည်။
ကျွန်တော့်မှာအစာအိမ်ရောဂါရှိတာ သူသိသည်မို့
လာမည်ဆိုတာသေချာပါ၏။
တစ်ဖက်မှ ကိုကို့ရဲ့ ဟယ်လို အော်သံထွက်လာသည်။ ပြီးနောက် စိမ်းစိမ်းကားကားနဲ့ကိုခေါ်သည့် နာမတစ်ခု 'နန္ဒမိုးနေ' ဟူ၍။
'ငယ်' ဟုပင် မသုံးနှုန်းနိုင်လောက်အောင်ကို ကိုကိုတကယ်ရက်စက်နေလေပြီ။
အသဲတွေအူတွေကို ချွန်မျနေတဲ့ လက်သည်းကြီးနဲ့ကုတ်ဖဲ့ခံလိုက်ရသလို၊ ရင်ဘတ်ကို စုတ်ဖြဲခံနေရသလိုနာလွန်းသည်။
'နန္ဒမိုးနေ.....ကြားရဲ့လား........
နန္ဒမိုးနေ.......မင်းအဆင်ပြေလား.......'
ဘာမှပြန်ပြောမနေပဲ ကိုကို့အသံကို စပီကာဖွင့်ပြီးသာ နှုတ်ပိတ်၍နားထောင်နေရင်း မျက်ရည်တွေကလည်းကျလာတော့သည်။ ကိုကို ဖုန်းချသွားသည်။
မကြာလိုက်သည့်အချိန်အတွင်း တစ်နာရီပင်မပြည့်သည့်အချိန်အတွင်း ကျွန်တော့်ဆီရောက်လာသည့်ကိုကို
တံခါးလော့ခ်နံပါတ်ကိုဖွင့်လို့လာပြီနေမည်။ အသံတို့ကိုကြားရသည်။ အခန်းတံခါးကိုပိတ် အိပ်ယာပေါ်တက်ကာ ဖုန်းကိုဘေးချပြီး သေချင်ယောင်ဆောင်နေလိုက်သည်။
တွေး
၁၄၉၂၀
ဒီနေ့မမျှော်ပါနဲ့နော်.....
ကိုယ်ဒီညနေအလုပ်သွားစရာလေးရှိလို့ပါ.....
ညကျလဲ စာလုပ်ရမှာမို့ အခြေအနေအရပါပဲလို့......
Love you all~~~±♥♥♥