မေမဒီဆိုသော ထိုအမျိုးသမီးကို အဂ္ဂ ရင်းနှီးသည်။ မိခင်ဖြစ်သူနှင့်သူ့ကို ကြင်ကြင်နာနာဆက်ဆံတတ်သည့် ထိုအမျိုးသမီးသည် စိတ်ရင်းဖြူစင်ကာ သဘောကောင်းသည်။ ငြိမ်းအေးမှုရောသော သူမ၏အလှသည် ရှာမှရှားသော အလှမျိုးဖြစ်သည့်အပြင် ဒေသတွင်း ဒုတိယအာဏာရှိသူ ဦးသီဟ၏ ဇနီးမယားဖြစ်သော်လည်း မောက်မာခြင်းမရှိ။ အားလုံးကို တတ်နိုင်သမျှ ကူညီတတ်သူ။
သို့သော် မေမဒီသည် အဂ္ဂကို စမ်းသပ်ခန်းများထဲ ပိတ်လှောင်ခံရခြင်းမှ မကယ်တင်နိုင်ခဲ့။ မုန်းတီးစရာ အဖြူရောင်၀တ်စုံသည် သူ့ကိုယ်ခန္ဓာကို အဆပေါင်းများစွာ လေးလံစေသည်။ လေ၀င်ပေါက်သာရှိသည့် ကျဥ်းကျပ်သော အဆောင်များအတွင်း အချိန်တွေကြာခဲ့သည်။
စမ်းသပ်နေရာသို့ အဂ္ဂမိခင်နှင့်အတူ ရောက်လာတတ်သည့် ထိုအမျိုးသမီးကို မကြာမကြာ မြင်ရသည်။ စိတ်မပါသော်လည်း ခင်ပွန်းဖြစ်သူ ဦးသီဟ၏ ဖျောင်းဖျမှုကြောင့် လက်ခံခဲ့ရဟန်တူသည်။ သန္ဓေသားကို လွယ်ထားရသော ၀မ်းဗိုက်လေး ပြည့်လာသည်နှင့်အမျှ မေမဒီ၏ ကျန်းမာရေးသည် ချို့တဲ့လာသည်။ မွေးဖွားခါနီး နောက်ပိုင်းအချိန်များတွင် ထိုအမျိုးသမီးကို မတွေ့ရတော့။
"သားလေးမွေးတယ်၊ ချစ်စရာလေး သားကြီးရယ်၊ မင်းညီလေးကို ဂရုစိုက်နော်၊ မင်းတို့ ဒီနေရာမှာ တစ်ယောက်နဲ့တစ်ယောက် အဖော်ရတာပေါ့"
ဒီစကားတွေကို ပြောနေစဥ်က မိခင်၏ မျက်လုံးများသည် ရင်ကွဲနာကျနေသော သားပျောက်မိခင်တစ်ယောက်ပမာ။ သတင်းကောင်းတစ်ခုလို ပြောပြနေသော်လည်း ၀မ်းနည်းကြေကွဲကာ မျက်ရည်၀ဲနေခဲ့သည်။
"သား အဖော်မလိုချင်ဘူး"
ခေါင်းမာမာနဲ့ ငြင်းတော့ မိခင် မျက်ရည်ကျသည်။ သူ့ကိုဖက်ကာ မျက်ရည်ကျနေသော မိခင်ကို စိတ်နာခဲ့သည်။ အိမ်ပြန်မခေါ်သွားဘဲ အမြဲနှုတ်ဆက်ထွက်ခွာသွားသည်ကို ဆန့်ကျင်ဖို့ရန် စကားနည်းသည်ထက် နည်းလာသည်။ တွေ့ဆုံချိန်များတွင် မေးသည်များကို ဖြေချင်မှဖြေတော့သည်။ ကြောက်ရွံ့စွာရင်ဆိုင်ရသည့် ဦးရာဇာအကြောင်းကို မပြောဖြစ်တော့။
နှစ်အတော်ကြာမှ ထိုဖြူစွတ်စွတ်ကလေးငယ်ကို အဂ္ဂ ပထမဆုံးအကြိမ် တွေ့ဖြစ်ခဲ့သည်။ ညနေခင်းတိုင်း လွတ်လပ်စွာ ထွက်ခွင့်ရသော ချိုင့်၀ှမ်းလွင်ပြင်မှာဖြစ်သည်။ ဒန်းပေါ်တွင် ထိုင်နေသည့် ကလေးငယ်သည် နှစ်နှစ်အရွယ်ခန့်သာ ရှိဦးမည်။ အပြုံးများနှင့် ပျော်နေသော အမျိုးသမီးသည် ကလေးငယ်ကို ဒန်းလွှဲပေးနေသည်။
"သားကြီး..ဒီမှာ လာဦး"
မိခင်က သူ့ကို ဒီကလေးငယ်နှင့် အတင်းအကြပ် သူငယ်ချင်းဖြစ်စေချင်သောကြောင့် ပိုပြီး လက်မခံနိုင်။ သူ့မိခင်သည် အလုပ်ရှင်၏ မေတ္တာရအောင် ကြိုးစားနေခြင်းကို နားမလည်ခဲ့။
"ညီလေးကို ခေါ်ဦး သား၊ သူ့မှာ ကစားဖို့အဖော်မရှိဘူး"
"ထားလိုက်ပါ အစ်မကြီးရယ်၊ သူတို့အခုမှ စတွေ့တာ၊ နောက်ခင်သွားမှာပါ"
"အို.. သား.. မင်း ဘယ်လိုဖြစ်နေတာလဲ၊ ညီလေးကို သွားနှုတ်ဆက်လေ"
မိခင်လက်ထဲမှ အဂ္ဂ အတင်းရုန်းကာ ထွက်ပြေးသည်။
"ရပါတယ် အစ်မကြီးရယ်၊ နောက်ခင်သွားမှာပေါ့"
မေမဒီသည် သူ့ကို အပြစ်မမြင်ခဲ့။ အဂ္ဂသည်လည်း အားလုံး၏ ဂရုစိုက်ခံရသော ထို အခွင့်ထူးခံ ကလေးငယ်နှင့် ခပ်ေ၀းေ၀းသာ နေခဲ့သည်။ အတ္တနားတွင် ဖခင် သို့မဟုတ် မိခင် တစ်ဦးဦး အမြဲရှိနေတတ်သည်။ သို့မဟုတ်လျှင် သူနာပြုဆရာမများ တ၀ဲလည်လည်။ ပင်ကိုယ်ချစ်ဖို့ကောင်းသည့်အပြင် ဦးရာဇာ၏ တူ၊ ဦးသီဟ၏ သားဟူသော ဆက်နွယ်မှုကြောင့် သူတို့လိုသာမန် စမ်းသပ်ခံများနှင့်တော့ ကွာခြားသည်။ တူညီသည်ကတော့ ဦးရာဇာကို အရိပ်မြင်သည်နှင့် နေစရာမရှိအောင် ကြောက်ရသည်။ နှစ်အတော်ကြာသည်အထိ သူ ဒီကလေးငယ်နား မကပ်ခဲ့။ သို့သော် တစ်ညနေခင်းတွင် အဂ္ဂ မိခင်တောင်းဆိုသည်။
"သား.. ညီလေးကို ဒန်းလွှဲပေးပါဦး"
"သူ့အမေရော..."
"သိပ်နေမကောင်းဘူး၊ မေမေ ဆရာသီဟနဲ့ စကားပြောစရာရှိလို့ပါ သားရယ်၊ ညီလေးနဲ့ ခဏ ကစားပေးနော်"
မျက်နှာမကောင်းသော မိခင်၏တောင်းပန်စကားကို မငြင်းဆန်ချင်သောကြောင့် ပထမဆုံးအကြိမ် ထိုကလေးငယ်နားသို့ ချဥ်းကပ်ဖြစ်သည်။ စိုးရွံ့ရွံ့အကြည့်များကို အရင်ဆုံးသတိထားမိသည်။ မိမိကို ကြောက်နေဟန် ဒန်းလက်ကိုင်ကို အတင်းဆုပ်ထားသည်။
"ကိုယ့်ဘာသာ လွှဲလို့ရတယ်"
ခေါင်းကိုသာ ဘယ်ညာခါယမ်းနေသော ကလေးငယ်သည် မလုပ်တတ်ပါဘူးဟု ငြင်းဆန်နေသလို။ အေ၀းသို့ထွက်သွားသော အဂ္ဂမိခင်ကို လှမ်းကြည့်ကာ မျက်နှာမကောင်း။
"ခြေထောက်ကိုဆန့်၊ ပြန်ကျလာရင် ဒူးကိုကွေး၊ အဲ့ဒီ့လို အရှိန်ယူပြီး လွှဲရတယ်"
ကလေးငယ်သည် သူပြောတာကို ကြိုးစားလုပ်နေသော်လည်း ကိုယ်သာယိမ်းကာ ဒန်းသည် မလှုပ်တလှုပ်။
"အဂ.."
"ငါ့နာမည် အဂ္ဂ"
"ရဘူး"
နှုတ်ခန်းနီနီများ ရဲနေပြီ။ မျက်တောင်ရှည်များတွင် မျက်ရည်စိုခါနီး။ အမြဲ လိုတရနေသော ကလေးငယ်သည် ယခုလို အငိုလွယ်တာ မထူးဆန်းပါ။
"မာမာ ကိုခေါ်ပေး"
အဂ္ဂ စိတ်မရှည်နိုင်တော့။
"ငါ လွှဲပေးမယ်"
ဟု ဒေါသတစ်၀က်နှင့် ဟောက်လိုက်သောအခါ ငြိမ်သွားသည်။ ဒန်း၏နောက်ဖက်နားမှ အဂ္ဂ နေရာယူလိုက်သည်။ ဒန်းလေး၏ထိုင်ခုံကို မိမိရှိရာဆွဲယူစဥ်မှာ မြောက်တက်လာသော ကလေးငယ်၏ မျက်လုံးများသည် အရောင်တလက်လက်။ ကိုင်ထား ဟူသော နောက်ဆုံးအသိပေးသံနှင့်အတူ ဒန်းထိုင်ခုံကို လွှတ်ချလိုက်ချိန်မှာ နှစ်လိုဖွယ် ရယ်သံကို ကြားရသည်။
"အဂ.. အမြင့်ကြီးသွားမယ်"
ကောင်းကင်ရှိရာ မော့ကြည့်တောင်းဆိုနေသူသည် အမှန်တကယ်ပင် ပျံသန်းလိုသည့် ငှက်ငယ်လေးလို။
အခင်မင်ကြီးမဟုတ်သော်လည်း ဒန်းလေးနားမှာ ဆုံဖြစ်ကြသည့် အချိန်များတိုးလာခဲ့သည်။ နောက်ပိုင်းအချိန်များတွင် ခန္ဓာရော၊ စိတ်ပါ ကျန်းမာခြင်းမရှိတော့သည့် အတ္တ၏ မိခင် သိပ်မလာနိုင်တော့။ မေမဒီ့ကို ပြုစုစောင့်ရှောက်ရသည့် အဂ္ဂ မိခင်ကိုပါ မတွေ့ရတော့။ အလုပ်များနေသော ဦးသီဟသည်လည်း ကလေးငယ်ကို အချိန်မပေးနိုင်သည့်အခါ အတ္တလေးသည် လွတ်လပ်ချိန်ရတိုင်း အဂ္ဂနောက်သို့ ကပ်လိုက်သည်က များလာသည်။ အချိန်တွေကြာခဲ့သည်။ နှစ်တွေကုန်ဆုံးခဲ့သည်။ သူ့နောက်မှာ ကပ်လိုက်နေသည့် အတ္တလေးကို ဖယ်မရ၊ မောင်းထုတ်မရသည့် ကပ်ပါးကောင်လေး ဖြစ်မှန်းမသိဖြစ်လာခဲ့သည်။
"အဂ.. နာလား"
မှောင်နေသော အဆောင်ငယ်အတွင်းသို့ ဘယ်အချိန်က ဒီကလေးငယ် ၀င်လာခဲ့သည်ကို သတိမထားမိ။ နံရံကိုမျက်နှာမူရင်း ဒူးနှစ်ဖက်ကို ရင်ဘတ်နားထိရောက်အောင် ကွေးထားမိသည်။
"နာလား.. ငါ .. ငါ ဘာလုပ်ပေးရမလဲ"
စကားတစ်ခွန်းပင် မပြောချင်။ မလှုပ်တာတောင် တစ်ကိုယ်လုံး ခံရခက်စွာ နာကျင်သည်။ မဟုတ်သေး။ နာကျင်ရုံသက်သက်မဟုတ်။ စူးအောင့်မှုပါရောသည်။ ခန္ဓာတွင်းရှိ ကြွက်သားများအတွင်းရှိဆဲလ်တစ်ခုချင်းစီ ၀ါးမြိုခံနေရသလို။ လည်ချောင်းတစ်လျှောက် မီးပူသံချောင်းနှင့် ထိုးခံရသလို နာပြီး ပူလောင်နေသည်။ ချစ်ချစ်တောက်ပူနေသော အပူချိန်သည် သာမန်မဟုတ်။
"ရေ သောက်မလား"
အခန်းထောင့်ရှိ ရေကရားရှိရာ ပြေးလို့သွားပြီ။ ဆယ်နှစ်အရွယ် အတ္တသည် ကြွေရုပ်လေးလို ချစ်ဖို့ကောင်းနေပြီ။ မို့ဖောင်းဖောင်း ပါးပြင်သည် ထာ၀စဥ်ပန်းရောင်သန်းနေတတ်သည်။ ရေခွက်ကို နှုတ်ခမ်းနားထိ တိုးပေးသည်။ အငမ်းမရ သောက်ချင်သော်လည်း တကယ်တမ်းတော့ မြိုကျဖို့ပင် မတတ်နိုင်။ ချောင်းတွေဆိုးကာ အကုန်ပြန်အန်ထွက်သည်။
"မင်း နေမကောင်းဘူးလား၊ ငါ ငါ.. ပါးပါးကို သွားခေါ်ပေးမယ်"
"မသွားနဲ့"
"အ.. နာ.. နာ"
လက်ကောက်၀တ်ကို အတင်းဆွဲထားသောကြောင့် မျက်လုံးများ ၀ိုင်းနေပြီ။
"မသွားနဲ့"
နောက်တစ်ခွန်းသာ ပြောနိုင်ပြီး သတိလစ်မေ့မြောသွားခဲ့သည်။ သူ နိုးလာချိန်မှာ အရာရာသည် ဘာမှမဖြစ်ခဲ့သလို။ ကိုယ်ခန္ဓာတွင် လှုပ်ရှားနိုင်စွမ်းမရှိသော နုံးချိမှုမျိုးသာ ကျန်ခဲ့သည်။ နာကျင်မှုများက ပျောက်ကွယ်သွားသည် မဟုတ်သော်လည်း ခံနိုင်စွမ်းရှိလောက်အောင် သက်သာလာခဲ့ပြီ။
"မင်း ဘာလုပ်နေတာလဲ"
ဘေးနားတွင် ငုတ်တုတ်ထိုင်နေသူကို ဟောက်လိုက်သော်လည်း နေရာမှရွေ့မည့်ဟန်မရှိ။
"အဂမှနေမကောင်းတာ"
"ပြန်တော့"
"မင်း နေကောင်းပြီလား"
"အေး"
"အရမ်းနာလား အဂ"
"မင်း သိတယ်"
အတ္တ ခေါင်းငုံ့သွားသည်။ ဒီလိုနာကျင်မှုမျိုးသည် အတ္တအတွက်လည်း အထူးအဆန်းမဟုတ်။ ကလေးငယ်၏ လက်မောင်းသေးလေးသည် ဒဏ်ရာများနှင့် ပြည့်နေပြီ။ ထို့အပြင် ရိုးတွင်းခြင်ဆီကိုပါ ရအောင် ထုတ်ယူသည့်အခါများ ရှိသည်။ မသေရုံတမည် နာကျင်ရမှုများသည် သူတို့အတွက် မကြာမကြာ ကြုံနေရသော အိပ်မက်ဆိုးများပင်။ အစမ်းသပ်ခံဘ၀မှလွဲပြီး မျှော်လင့်ချက်ဆိုတာမရှိ။ နေ့စဥ်ရက်တိုင်းသည် လောကငရဲတွင် တစ်ရက်ပို အသက်ရှင်ကာ တစ်ရက်ပို နာကျင်ဖို့ရန်သာ ဖြစ်သည်။
"ပြန်တော့ အတ္တ၊ မင်း ဒီမှာရှိနေရင် ငါပါပြဿနာတက်မယ်"
"ငါ ဒီမှာအိပ်မယ်လေ"
"မရဘူး"
"ဘာလို့လဲ"
"ငါ မင်းနဲ့မနေဘူး"
"ဘာလို့လဲ"
"မင်းက ဦးသီဟ သားမို့လို့"
လေသံမာမာနှင့် ပြတ်ပြတ်ပြောသည့်တိုင် အတ္တသည် ချက်ချင်းနားလည်ဟန်မတူ။ ငြိမ်သက်ကာ တွေ ကြည့်နေသည်။
"ပါးပါးက မင်းကိုနာအောင်လုပ်လို့လား"
"မင်းအဖေရော၊ မင်းဦးလေးရော.. နှစ်ယောက်လုံး လူ မဟုတ်ဘူး၊ ဒီအဆောင်က လူတွေအားလုံး လူမဟုတ်ဘူး၊ တစ်နေ့နေ့ သူတို့အားလုံးကို ငါ သတ်ပစ်မယ်"
အဂ္ဂ၏ ဒေါသတကြီးစကားများကြောင့် ခေါင်းငုံ့နေသူသည် မရဲတရဲ လှမ်းမော့ကြည့်ပြီးမှ ချက်ချင်းခေါင်းပြန်ငုံ့သွားသည်။
"ငါ့ကိုရော သတ်မှာလား"
ညှိုးငယ်သော မျက်နှာကို လက်ကျန်အလင်းရောင်အောက်မှာ မြင်နေရသည်။
"ဟင်.. အဂ.. ငါ့ကိုရော သတ်မှာလား"
အဂ္ဂ မဖြေရက်သောကြောင့် အံကြိတ်ထားသည်။ အတ္တသည် သူမုန်းတီးရသူများနှင့် ဆက်နွယ်နေသော်လည်း သူ့လိုပင် အစမ်းသပ်ခံ ကလေးတစ်ယောက်။ စမ်းသပ်ခန်းထဲမှ အတ္တ၏ နာကျင်စွာအော်ဟစ်တောင်းပန်သံများကို အကြိမ်ကြိမ် သူကြားခဲ့ရဖူးသည်။ အခန်းထဲမှမထွက်နိုင်လောက်အောင် အားပြတ်လဲနေသည့် အချိန်များလည်း မနည်းပါ။ သူတို့နှစ်ယောက်စလုံးသည် တစ်ယောက်နှင့်တစ်ယောက် ဖေးမဖို့ရန် မဖြစ်နိုင်သော ဒဏ်ရာများနှင့် လူသားများသာ။
"မနက်ဖြန် ငါတို့ ဒန်းစီးမလား"
"ဘာ.."
"မင်း ဒန်းစီးမလား၊ ငါ တွန်းပေးမယ်"
"ရူးနေလား"
ဒေါသတကြီး လှမ်းအော်ချိန် အတ္တ နောက်ဘက်သို့ ခြေတစ်လှမ်းဆုတ်သည်။
"ငါ.. ငါ .. ဦးဦးရာဇာရှေ့ရောက်တိုင်း မင်းနဲ့အတူတူ ဒန်းစီးနေတာကို တွေးတယ်၊ အဲဒါ့ဆို နည်းနည်းသက်သာတယ်၊ အဲ့ .. အဲ့ဒါကြောင့် ..."
ထစ်ထစ်အအ စကားလုံးများ ပြောနေသော ကလေးငယ်။ နှုတ်ခမ်းများ ပေါက်ထွက်လုနီးနီး အံကိုကြိတ်ရင်း အကြည့်ချင်းမဆုံအောင် ကြိုးစားမိသည်။