အခန်း (၁၀၈) : ဝိညာဉ်လမ်းကြောင်းဖွင့် ဆေးကို နောက်တစ်ကြိမ် ဖော်စပ်ခြင်း
"ဦးလေးစွန်း ဘာလို့ ဝိညာဉ်ဆေးလုံး ပုလင်းတွေ အများကြီး ဖြစ်နေတာလဲ"လျှော်ဝတ်ရုံ ဝတ်ဆင်ထားသော ရိုးရိုးရှင်းရှင်းပုံဖြင့်လူငယ်က လျောက်လှမ်းလာလေ၏။ သူ့အသားရေက ဖြူဖျော့နေကာ သူ့အား နူးညံ့နေဟန် ဖြစ်ပေါ်စေသည်။ သူက ကြွေပုလင်းငယ်များဖြင့် ပြည့်နေသော စားပွဲကို မြင်လိုက်သောအခါ အံ့ဩတကြီး မေးကြည့်လိုက်သည်။
လမင်းကိုးစင်း ဆေးလုံးအိမ်တော်သည် ဆေးလုံး အရည်အသွေးအပေါ် ဈေးဖြတ်ခြင်းနှင့် ပတ်သတ်၍ လူသိများလေသည်။ ဆေးလုံးများကို ကြွေပုလင်းထဲများ ထည့်ထားသောကြောင့် ဘယ်သူက ထိုပုလင်းများကို သုံးမည်နည်း။
လူလတ်အမျိုးသားက မတ်တပ်ရပ်ကာ "ရှောက်ခယ် မင်းရောက်လာပြီပဲ ဒါတွေက ငါတို့ ဝယ်ထားတဲ့ ဆေးလုံးတွေလေ..."
လျှော်ဝတ်စုံနှင့် လူငယ်က အံ့ဩတကြီး မေးလိုက်တော့သည် "ဦးလေးစွန်းက ဒီဆေးလုံးတွေကို တခြားတယောက်စီက တကယ် ဝယ်ခဲ့တာလား တကယ့် နာမည်ကြီး ဆေးလုံးဆရာဆီကတော့ လာမပြောနဲ့နော် ဒါပေမဲ့လဲ မဟုတ်သေးပါဘူး....."
လျှော်ဝတ်ရုံနှင့် လူငယ်က ထိုဆေးလုံးများသည် နာမည်ကြီး ဆေးလုံးဆရာက ဖော်စပ်ထားတာ ဆိုလျှင် ထိုအရာများကို ကျောက်စိမ်းပုလင်းများနှင့် ထည့်ထားပြီး ကြွေပုလင်းနှင့်တော့ မဟုတ်ကြောင်း သိ၏။
"ငါ ဝယ်ထားတာ မဟုတ်ဘူး လာ ရှောက်ခယ် ဒီဆေးလုံးတွေကို လာကြည့်ပါဦး..." လူလတ် အမျိုးသားက ပြောရင်း ဆေးလုံးကို လူငယ်ဆီ လှမ်းပေးလိုက်သည်။
လူငယ်က ပြုံးကာ ဆေးလုံးကို လက်ခံလိုက်လေသည်။ ဆေးလုံးက မည်မျှပင် ကောင်းနေစေကာမူ အဆင့်တစ် ဆေးလုံးထက် မပိုချေ။
သူက ဆေးလုံးကို ကြည့်ရှုလိုက်သည့်အခါ မယုံကြည်နိုင်ခြင်းများ ဖြစ်ပေါ်လာလေသည်။ သူက ချက်ချင်းပင် ဆေးလုံး၏ အရောင်အဆင်းနှင့် အရည်အသွေးကို စစ်ဆေးလိုက်ကာ အချိန်အချို့အကြာတွင် သူက ဆေးလုံးကို ပါးစပ်ထဲ ကောက်ဝါးလိုက်ပြီး မျက်လုံး ပိတ်ထားလိုက်တော့သည်။
စက္ကန့် အနည်းငယ်အကြာတွင် လူငယ်က မျက်လုံး ပြန်ပွင့်လာပြီး တုန်လှုပ်စွာ ပြောလိုက်သည် "ဦးလေးစွန်း ဒီဆေးလုံးက ဘာကြီးလဲ ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့် ကျင့်ကြံသူတွေ အတွက် လုပ်ထားတာဆိုပေမဲ့ စွမ်းအင်ဖြည့် ဆေးလုံးထက် အဆများစွာ အာနိသင် ပိုရှိနေတာလား..."
လူလတ် အမျိုးသားက ခေါင်းခါလိုက်ပြီး "ငါလဲ သေချာမသိဘူး ဒါပေမဲ့ သူတို့ကို လာပေးတဲ့သူ ပြောတာကတော့ စွမ်းအားဖြည့်ဆေးလုံးတွေတဲ့.. တခြားဆေးလုံးတွေကိုလဲ ကြည့်ကြည့်ဦး...."
သူက လူလတ်အမျိုးသား၏ ဖိတ်ခေါ်မှုကိုပင် မစောင့်ဘဲ လူငယ်က စားပွဲပေါ်မှ တခြားကြွေပုလင်းများကို ဖွင့်ကာ တစ်လုံးချင်း ထုတ်ကြည့်လိုက်တော့သည်။
"ဒါတွေက အဆင့်မြင့် အဆင့်နှစ် ဝိညာဉ်ဆေးလုံးတွေမလား.... အဆိပ်ပြယ်ဆေးလုံး....နဂါးသွဲ့ ဆေးလုံး.." ကြွေပုလင်းများကို ချထားလိုက်ပြီးနောက်တွင် လူငယ်မျက်နှာတွင် တုန်လှုပ်ဖွယ် အမူအယာများ ဖြစ်ပေါ်နေ၏။
လူလတ်အမျိုးသားက ခေါင်းညိတ်ကာ "ဟုတ်တယ် ငါလဲ ဒီဆေးလုံးတွေကို စမ်းကြည့်ပြီးပြီ သူတို့က အဆင့်မြင့် ဆေးလုံးတွေ ဆိုပေမဲ့ ဆေးအာနိသင်က ထိပ်တန်းဆေးလုံးတွေထက် မနိမ့်ဘူး အဲဒါအပြင် ဆေးလုံးရဲ့ အရည်အသွေးက အမှန်တကယ် အများကြီး ကောင်းပေမဲ့ ဆေးလုံးဆရာရဲ့ ကျင့်ကြံဆင့်နဲ့ ကန့်သတ်ခံထားရတယ်.... ငါ ခန့်မှန်းတာသာ မမှားရင် ဆေးလုံးဆရာက အဆင့်နှစ် ထိပ်ဆုံး ဖြစ်ရင် ဖြစ် မဟုတ်ရင် အဆင့်သုံး ဖြစ်နိုင်တယ်.. "
"ဒီဆေးလုံးတွေကို စိတ်စွမ်းအင် ကျောက်တုံး ဘယ်လောက်နဲ့ ဝယ်လိုက်တာလဲ..." လူငယ်မျက်လုံးတွင် အရောင်များ လက်နေကာ သူတွေးနေသည့် အရာကို မသိနိုင်ချေ။
လူလတ်အမျိုးသားက သက်ပြင်းချကာ စိတ်မကောင်းစွာ ပြောလိုက်လေသည် "အဲဒီလူက စိတ်စွမ်းအင် ကျောက်တုံး အရေးတကြီး လိုနေသလိုပဲ အဲဒီဆေးလုံးတွေကို ဒီမယူလာခင်အထိ သေချာ အကဲမဖြတ်လိုက်ရတော့ကျ သူ့ကို စိတ်စွမ်းအင် ကျောက်တုံး ၁၀၇၀ တုံးပဲ ပေးလိုက်တယ်... "
လူငယ်က မျက်မှောင်ကျူတ်ကာ ချက်ချင်း ပြောလိုက်သည် "ဦးလေးစွန်း အဲဒီဈေးက အရမ်းနိမ့်နေတယ် ကျွန်တော်တို့ရဲ့ လမင်းကိုးစင်း ဆေးလုံးအိမ်တော်က ကျွန်တော်တို့ရဲ့ ဆေးလုံး အရည်အသွေးကြောင့် တင် မဟုတ်ဘဲ ဂုဏ်သိက္ခာ ကြောင့်ရော သာ ကျွန်တော်တို့ရဲ့ ကြာရှည်စွာ တည်ရှိနေတာ ပုံမှန်ဈေးကွက်မှာတောင် အဲဒီဆေးလုံးတွေက အနည်းဆုံး စိတ်စွမ်းအင် ကျောက်တုံး ၂၀၀၀ လောက် တန်တယ်လေ အခု ကျွန်တော်တို့က သူ့ကို တဝက်ဈေးပေးပြီးတော့ အနိုင်ကျင့်မိသွားပြီ... "
လူလတ်အမျိုးသားက ခေါင်းညိတ်လိုက်ပြီး "ငါလဲ သိပါတယ် ငါရောက်တဲ့အချိန်ကျတော့ မန်နေဂျာက ဆေးလုံးတွေကို ယူပြီးသွားပြီ ငါလဲ စိတ်ဝင်စားလို့ ရှာလိုက်ပေမဲ့ သူက ထွက်သွားခဲ့ပြီးပြီ..."
လူငယ်က တစ်သတ်မတ်တည်း လေသံဖြင့် ပြောလိုက်သည် "အဲဆို မန်နေဂျာကို ထုတ်ပစ်လိုက် ဒီနေ့လိုမျိုး ဖြစ်လာမှတော့ နောင်လည်း အဲလို လုပ်နိုင်တယ် ကျွန်တော်တို့ရဲ လမင်းကိုးစင်း ဆေးလုံးအိမ်တော်က ဒီလိုလုပ်ဖို့ တည်ထောင်ထားတာ မဟုတ်ဘူး.. "
ခဏတာ စဉ်းစားကြည့်နေပြီး လူငယ်က ဆက်ပြောလိုက်လေသည် "တကယ်လို့ ကျွန်တော်တို့က အဲဒီ ဆေးလုံးဆရာကို ရှာတွေ့ပြီး သူ့ကို ထပ်ပြီးတော့ ပေးဆပ်နိုင်မဲ့ နည်းရှာရမယ် ပြီးတော့ သူနဲ့ စကားလက်ဆုံ ပြောကြည့်ချင်တယ် ... "
လူလတ်အမျိုးသားက ပြောလိုက်သည် "ရှောက်ခယ် သူ့ကို ဒြပ်ငါးမျိုး ကင်းမဲ့နယ်အတွက် ဆေးလုံးပြိုင်ပွဲမှာ လမင်းကိုးစင်း ဆေးလုံးအိမ်တော်ဘက်ကနေ ကိုယ်စားပြု စေချင်တာလား... "
လူငယ်က သက်ပြင်းချကာ "ဒါက ကျွန်တော်ရဲ့ တစ်ဖက်သတ် ဆန္ဒပါ တကယ်လို့သာ အဲဒီလူက ထူးခြားတဲ့ ဆေးလုံးကို ဖော်စပ်နိုင်တယ်ဆိုရင် တစ်ခြားတစ်ယောက်က သူ့ကို ခေါ်ပြီးလောက်ပြီ.."
လူလတ်အမျိုးသားက ဖျော့တော့တော့ ပြုံးကာ "မဟုတ်လောက်သေးပါဘူး တကယ်လို့သာ သူက တစ်နေရာရာကို ကိုယ်စားပြုမှာဆိုရင် ဆေးလုံးတွေက ဈေးချိုချိုနဲ့ လာရောင်းမှာ မဟုတ်ဘူး သူက နယ်လှည့် ဆေးလုံးဆရာကို ၈၀ ကနေ ၉၀ ရာခိုင်နှုန်းလောက်ထိ ဖြစ်နိင်တယ်... "
လူငယ် မျက်လုံးက မျှော်လင့်ချက် အရောင်လက်သွားသော်လည်း ဘာမှတော့ မပြောခဲ့ပေ။
စွန်ဖျားမြို့ ဆေးလုံး- ပန်းပဲ အလုပ်ရုံ
ထိုနေရာက စွန်ဖျားမြို့၏ အကြီးဆုံး ဆေးလုံးနှင့် လက်နက် ပန်းပဲ အခန်းများ ဌားရမ်းရာ နေရာ ဖြစ်သည်။ မိုဝူကျီက စိတ်စွမ်းအင် ကျောက်တုံးများ လက်ခံပြီးသည်နှင့် ပထမဆုံး သူလုပ်သည့်အရာကား စွန်ဖျားမြို့ရှိ ဆေးလုံးနှင့် လက်နက် ပန်းပဲ ဌားရမ်းနေရာဆီ အပြေးအလွှား သွားခဲ့ခြင်း ဖြစ်၏။ ထို့နောက်တွင် သူက ဆေးဖော်စပ်ရေး ကိရိယာများကို အခန်းထဲတွင် နေရာချထားလိုက်သည်။ သူက ဆေးလုံးဖော်စပ်ရန် အခန်းကို ဌားခဲ့ခြင်း မဟုတ်ဘဲ ဆေးပင်များကို သန့်စင်ရန် အတွက် ဖြစ်သည်။
မီးကို ညှိပြီးသည့်နောက်တွင် ဆေးပြင်းမီးဖိုကို ဂရုတစိုက် သေချာ သန့်ရှင်းလိုက်ပြီး မိုဝူကျီက ဝိညာဉ်လမ်းကြောင်းဖွင့် ဆေးအတွက် ပါဝင်ဆေးပင်များကို မီးဖိုထဲ ထည့်လိုက်သည်။ မိုဝူကျီက ရတနာ သွေးပဒုမ္မကြာ ရှိနေသော သေတ္တာကို ဖွင့်လိုက်ကာ ပတ္တမြားရောင် အမြစ်ကို ဆွဲနှုတ်ကာ မီးဖိုထဲ ထည့်လိုက်တော့သည်။ ပုံမှန် ကြာအမြစ်နှင့် ယှဉ်လျှင် ရတနာ သွေးပဒုမ္မကြာကား ပို၍ ကြမ်းကာ ထူလေသည်။
တကယ်တမ်းတွင် မိုဝူကျီက ဝိညာဉ်ဆေးပင် တစ်ခုချင်းကို သန့်စင်ခြင်းက ပိုကောင်းသည့် ရလဒ်ထွက်လာနိင်မှန်း သိသော်လည်း သူ့စွမ်းဆောင်ရည်တွင် ကန့်သတ်ချက်များ ရှိနေလေ၏။ ထို့ကြောင့် သူက ဆေးပင်များကို အတူတကွ ထည့်လိုက်ပြီး သူ့လက်ဟန် ပညာရပ်ကို အသုံးပြုကာ သန့်စင်လိုက်သည်။
သုံးနာရီအကြာတွင် မိုဝူကျီက ဆေး အညစ်အကြေးကို ဖယ်ရှားလိုက်ကာ ဆေးအဆီအနှစ်များကို ကြွေပုလင်းထဲ ထည့်ထားလိုက်သည်။
ထိုမီးဖိုထဲမှ ပါဝင်ဆေးပင်များက ကြွေပုလင်း ခြောက်ပုလင်း ပြည့်သွားလေပြီ။
နာရီဝက်လောက် ကြာသောအခါ မိုဝူကျီက ဆေးပင်များကို ထပ်၍ မသန့်စင်တော့ဘဲ သူဆေးဖော်စပ်ရေး ကိရိယာများကို သန့်ရှင်းလိုက်တော့သည်။ ဝိညာဉ်လမ်းကြောင်းဖွင့် ဆေးအသစ်ကို ဖော်စပ်ရန် သူက အရင်ဆေးပင်များကို ဝိညာဉ်ဆေးပင်များနှင့် အစားထိုးကာ အသုံးပြုခဲ့၏။ သို့သော်လည်း သူက အလုပ်ဖြစ်၊ မဖြစ် မသိသေးပေ။
အကယ်၍ အလုပ်မဖြစ်ခဲ့ပါက ဝိညာဉ်ဆေးပင်များကို သန့်စင်ဖို့ အကြောင်းမရှိတော့ပေ။ ထို့အပြင် ထိုကြွေပုလင်း ခြောက်ပုလင်းကား သူ့အတွက် ဝိညာဉ်လမ်းကြောင်းဖွင့်ဆေးကို ဖော်စပ်ရန် ခြောက်ကြိမ်အထိ လုံလောက်လေသည်။
ယခုတွင် မိုဝူကျီက ထိုဆေးနှင့် ရင်းနှီးလွန်းသောကြောင့် မျက်လုံး ပိတ်လျက်နှင့်ပင် ဝိညာဉ်လမ်းကြောင်းဖွင့် ဆေးကို ဖော်စပ်နိုင်လေပြီ။ သာမန်ဆေးပင်များကို ဝိညာဉ်ဆေးပင်များနှင့် အစားထိုးလိုက်သော်လည်း နည်းလမ်းကား အတူတူပင် ဖြစ်၏။
ဆေးပင် တစ်ခုချင်းစီကို ဆေးဖော်စပ်ရေး ကိရိယာနှင့် အပိုင်းပိုင်း ဖြတ်လိုက်သည့်အခါ အရည်များ ထွက်လာသည်။ ကိရိယာအောက်တွင် ထိုအရည်များနှင့် ဆေးအဆီအနှစ်များကို ရောစပ်ကာ တဖြေးဖြေးချင်း ဓာတ်ပြုလာခြင်း ဖြစ်သည်။
နှစ်နာရီအတွင်း ဝိညာဉ်လမ်းကြောင်းဖွင့် ဆေး ပျစ်ပျစ်ကို ထုတ်လုပ်ပြီးလေပြီ။ ထို့နောက်တွင် ကျောက်စိမ်းပုလင်းထဲသို့ စီးလာလေ၏။
ကျောက်စိမ်းပုလင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်ပြီး မိုဝူကျီက အားရပါးရ လေပူများ မှုတ်ထုတ်လိုက်တော့သည်။ သူ့စိတ်ထဲတွင် စိုးရိမ်မှု အနည်းငယ် ရှိနေလေ၏။ အကယ်၍ သူ့ဆေးသာ အလုပ်မလုပ်လျှင် ဖွားဖွားလင်းလောင်နှင့် တွေ့ခွင့်ကား အဆများစွာ ပို၍ ခက်ခဲသွားလိမ့်မည်။ အနာဂတ်တွင် ကျင့်ကြံနိင်မည့် နည်းလမ်း အသစ်ရှာတွေ့လျှင်ပင် ယန်အာက ရှိနိုင်တော့မည် မဟုတ်ပေ။
ခဏတာ ရပ်တန့်လိုက်ပြီးနောက်တွင် မိုဝူကျီက ဝိညာဉ်လမ်းကြောင်းဖွင့် ဆေးကို ပါးစပ်ထဲ လောင်းချလိုက်တော့သည်။
သူ့လည်ချောင်းထဲတွင် ပူရှိန်းရှိန်း ဖြစ်လာကာ မီးကြောင်းတစ်ခု ဖြတ်သန်းသလို ဖြစ်ပေါ်လာသည်။ နောက်အခိုက်အတန့်တွင် မီးကြောင်းက အပ်သဖွယ် ဖစ်လာပြီး မိုဝူကျီ၏ ခန္ဓာတစ်ကိုယ်လုံးကို ထိုးဆွနေလေ၏။ ပြင်းထန်သော နာကျင်မှုက ပြန့်နှံ့လာသော်ငြား မိုဝူကျီက လုံးဝလျစ်လျူရှုထားသည်။ သူက ဆေးဖော်စပ်ရေး ကိရိယာကို ကိုင်ထားရင်း သူ့မျက်လုံးများက စိုစွတ်နေသည်။
မိုဝူကျီက အလွန်အမင်း စိတ်လှုပ်ရှားနေသည်။ အကြောင်းမှာ ဝိညာဉ်လမ်းကြောင်းဖွင့် ဆေးအသစ်က အလုပ်ဖြစ်၍ မဟုတ်ဘဲ သူ့အတွက် အဆင့်သုံး ဆေးလုံးဆရာအဖြစ် တက်လှမ်းနိုင်ရန် အခွင့်အရေး တစ်ခု ရလာ၍သာ ဖြစ်၏။ သူသာ အဆင့်သုံး ဆေးလုံးဆရာ ဖြစ်လာပါက ဖွားဖွားလင်းလောင်ကို တွေ့နိုင်မည့် အခွင့်အရေးကား ပို၍ များလာလိမ့်မည်။
သူသာ ဖွားဖွားလင်းလောင်နှင့် တွေ့နိုင်သရွေ့ ယန်အာတွင် အသက်ရှင်ရန် မျှော်လင့်ချက် တချို့ ရှိလာလိမ့်မည်။
တစ်နာရီ အကြာတွင် မိုဝူကျီ၏ စိတ်လှုပ်ရှားမှုများက လျော့ကျသွားလေ၏။
ဝိညာဉ်လမ်းကြောင်းဖွင့် ဆေးအသစ် အောင်မြင်မှုက အရင်ဆေးအဟောင်းသည် သူ့ခန္ဓာကြောင့် အကျိုးသက်ရောက်မှု မရှိကြောင်း မီးမောင်းထိုးပြနေသည်။ သူ့ခန္ဓာတွင် ချီသွေးကြောများ များလာသည်နှင့် သာမာန်ဆေးပင်များက အလုပ်မဖြစ်တော့ပေ။ သူက ဝိညာဉ်ဆေးပင်များကိုသာ ဆက်လက် အသုံးပြုရမည်။
ထိုသည်ကပင် မိုဝူကျီကို လမ်းအသစ် ဖောက်ပေးသကဲ့သို့ ဖြစ်နေသည်။ အကယ်၍ သူ့ဝိညာဉ်လမ်းကြောင်းဖွင့် ဆေးအသစ်သာ အကျိုးသက်ရောက်မှု မရှိလျှင် ယခင်ကအတိုင်း သူ့အတွက် အကူညီကင်းမဲ့နေမှာ ဖြစ်သည်။
သုံးရက်အကြာတွင် ပြာများနှင့် ပေတူးနေသော မိုဝူကျီက စွန်ဖျားမြို့ ဆေးလုံး- ပန်းပဲ အလုပ်ရုံမှ ထွက်လာခဲ့သည်။ သို့သော်လည်း သူ့၏ ပြင်ပသွင်ပြင်သာ ပေကျံနေခြင်း ဖြစ်ကာ သူ့စိတ်ထဲတွင် ထိုသို့ မဟုတ်ပေ။ သူ ပထမဆုံး အကြိမ်လာတုန်းက သူ့စိတ်ထဲတွင် တည်ငြိမ်မနေဘဲ ခြေလှမ်းများက အလျှင်စလို ဖြစ်နေသည်။ ယခုအခါ သူခြေလှမ်းများက ပို၍ လွတ်လပ်နေလေ၏။
ထိုသုံးရက်အတွင်း သူက ဝိညာဉ်လမ်းကြောင်းဖွင့် ဆေး ၄၉ ပုလင်းကို ဖော်စပ်နိုင်ခဲ့သည်။ တစ်ခါ သောက်ပြီးသည့်နောက် ၄၈ ပုလင်းသာ ကျန်ရှိတော့သည်။ သို့သော်လည်း မိုဝူကျီက ယခုဆေးအသစ်သည် အရင်တစ်ခုထက် ပို၍ အကျိုးသက်ရောက်နိုင်စွမ်း ရှိမည်ဟု ပြောနိုင်သည်။ ထို ဆေး ၄၉ပုလင်းသည် သူ့အား အနည်းဆုံး ချီသွေးကြော ၃၀ ကို ဖွင့်ရန် ကူညီပေးနိုင်လိမ့်မည်။
ချီသွေးကြော ၆၀ အထက်ဖြင့် သူသည် ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့်ထဲမှ နောက်အဆင့်များအထိ ကျင့်ကြံနိုင်လိမ့်မည်။ ထိုကျင့်ကြံဆင့်နှင့် အဆင့်သုံး ဆေးလုံးများကို ဖော်စပ်သည့်အခါ ခက်ခဲမှု များစွာ ကြုံရမည် မဟုတ်တော့ပေ။
သူက မြောက်ရေ တည်းခိုခန်းသို့ ပြန်ရောက်သောအခါ သူ့ကိုယ်သူ သန့်ရှင်းရေး လုပ်ရန်ပင် စိတ်ထဲမထားပေ။ သူက ဆေးဖော်စပ်ရေး ကိရိယာကို ချထားလိုက်ပြီး အင်မော်တယ် လေ့ကျင့်ရေး မျှော်စင်ဆီ ချက်ချင်းပင် ထထွက်သွားသည်။
"လျှပ်စီးအခန်းအတွက် ကျောက်စိမ်းပြား ပေးပါ..." မိုဝူကျီက လုပ်ရိုးလုပ်စဉ်များကို သိနေသောကြောင့် စိတ်စွမ်းအင် ကျောက်တုံး တစ်ရာကို ကောင်တာဆီ ထုတ်ပေးလိုက်သည်။ ပထမအကြိမ် ရောက်လာစဉ်က အခါနှင့်ယှဉ်လျှင် သူသည် ပို၍ပင် သဘောထားကြီးနေပြီ ဖြစ်သည်။
အကယ်၍ သူ့တွင် စိတ်စွမ်းအင် ကျောက်တုံးများ ပြတ်လပ်သွားပါက ဂိုဏ်းသို့ ပြန်ကာ အလုပ်တချို့ လက်ခံလိုက်ရုံ ဖြစ်၏။ ဆေးလုံးဆရာများသည် အမှန်ပင် အားကျဖွယ် အလုပ်ဖြစ်ကာ သို့သော်လည်း ထိုသည်က ဆေးလုံးဆရာ ဖြစ်လာမှသာ ဖြစ်၏။
ကျောက်စိမ်းပြားကို လက်ခံပြီးသည်နှင့် မိုဝူကျီက မစောင့်တော့ဘဲ အပြေးအလွှားသွားလိုက်သည်။
သူက ကိုးလွှာရှိ လျှပ်စီးအခန်း တစ် သို့ မကြာခင် ရောက်လာကာ တံခါးမြောင်းအတွင်း ကျောက်စိမ်းပြားကို ချပေးလိုက်သည်။ လျှပ်စီးအခန်းမှ တံခါးကား ဖြေးဖြေးချင်း ပွင့်လာလေ၏။
"ခဏနေပါဦး..." မိုဝူကျီ အခန်းသို့ ဝင်ခါနီးတွင် အသံတစ်သံ ထွက်ပေါ်လာသည်။
မိုဝူကျီက လှည့်ကြည့်လိုက်သောအခါ မယှဉ်နိင်လောက်အောင် ခန့်ညားသည့် အမျိုးသားကို တွေ့လိုက်ရသည်။ သူပထမဆုံးအကြိမ် ကျောက်စိမ်းပြားကို လာယူစဉ်က ထိုလူကို တွေ့ဖူးလေသည်။ သူက လျှပ်စီးအခန်းမှ ထွက်လာသောအခါတွင်လဲ ထိုလူကို တွေ့သေး၏။ ယခု သူက လျှပ်စီးအခန်းသို့ ဒုတိယအကြိမ် ဝင်တော့မည့် အကြိမ်တွင်လဲ ထိုလူကို တွေ့နေဆဲ ဖြစ်သည်။
"ဘာများလဲ..." မိုဝူကျီက သူ့ချီသွေးကြောများ ဖွင့်ရန် အလောတကြီး ဖြစ်နေ၍ သူက စိတ်မရှည်စွာ ပြောလိုက်သည်။
"ငါက ကျောက်စိမ်းကွန်ယက်က ဟော်ကျင့်ထီပါ ဒီက မိတ်ဆွေကို တောင်းဆိုစရာလေး ရှိလို့ပါ ငါ့ကို လျှပ်စီးအခန်း အရင်သုံးခွင့် ပေးနိုင်မလား မင်းကို မနှိမ်ပါဘူး မင်းကို ပေးဖို့.... "
"ငါလဲ ကိစ္စရှိသေးတယ်..." မိုဝူကျီက တခြားလူ စကားပြောဆုံးအောင်ပင် မစောင့်တော့ပေ။ သူက စကားကို အပြတ်ပြောလိုက်ပြီးတော့ လှည့်ကာ အခန်းထဲ ဝင်သွားလိုက်တော့သည်။ ထို့နောက်တွင်တံခါးက ပိတ်သွားလေ၏။
ဟော်ကျင့်ထီ၏ ခန့်ညားလှသော မျက်နှာတွင် ရုပ်ဆိုးအကျည်းတန် အမူအယာ ဖြစ်သွားလေ၏။ သူက မိုဝူကျီကို စိတ်စွမ်းအင်ကျောက်တုံးများ ကပ်စေးနှဲ အဖြစ် မြင်ထားခြင်း ဖြစ်၏။ အကယ်၍ သူသာ စိတ်စွမ်းအင် ကျောက်တုံးတချို့သာ ပေးလိုက်လျှင် မိုဝူကျီက သူ့ကို အခန်းပေးဖို့ရာ တွေဝေမနေလောက်ချေ။ သူ မမျှော်လင့်ထားသည်က သူ့စကားမဆုံးခင် တံခါးကို ပိတ်ကာ ဝင်သွားလေ၏။
ထို့အပြင် ကျောက်စိမ်းကွန်ယက်သည် ကောင်းကင်တပိုင်း အဆင့်ဂိုဏ်းဖြစ်သည်။ မြို့အသေးလေးမှ ကျင့်ကြံသူ တစ်ယောက်က သူ့အား မျက်နှာသာ မပေးခဲ့ပေ။ ထိုသည်ကလည်း သူက ဂိုဏ်းနာမည်ကို ထုတ်ပြောပြီးမှ ဖြစ်နေလေ၏။