အခန်း (၁၀၂) : ပါဝင်ငြိစွန်းမှု
ဆေးဘုရင် တောင်ထိပ်
သဏ္ဍာန်မဲ့ နတ်ဓားဂိုဏ်းရှိ တောင်ထိပ် အမည်တွင် "ဓား" ဟု မပါရှိသော တစ်ခုတည်းသော တောင်ထိပ် ဖြစ်လေ၏။ ထိုသည်က ယန်ချင်ယင်နေသော နေရာ ဖြစ်သည်။ ဆေးဘုရင် တောင်ထိပ်ကား ဝိညာဉ်ဆေးပင်များဖြင့် ဝေဝေဆာဆာ ရှိလှသည်ဟု ဆိုရိုး ရှိဖူးလေသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ အခြားသော တောင်ထိပ်များကဲ့သို့ ဖြစ်လာကာ ဝိညာဉ်ဆေးပင်များကို ကျင့်ကြံသူများက စိုက်ပျိုးနေကြရ၏။
မိုဝူကျီက ဆေးဘုရင် တောင်ခြေသို့ ရောက်သောအခါ သူ့အား ချက်ချင်း ဟန့်တားခံလိုက်ရ၏။ ထိုသည်က ဆေးပင် သယ်ယူရေး မိန်းကလေး ဖြစ်ကာ အသက်က ၂၀ ပင် မရှိလောက်သေးချေ။
"ဂျုနီယာ ညီမကို နှုတ်ဆက်ပါတယ် ကျွန်တော်က ပဒုမ္မာကြာ ဓားတောင်က မိုဝူကျီပါ စီနီယာ အစ်မယန်ကို လာတွေ့တာပါ တဆင့် သတင်းပို့ပေးပါဦး " မိုဝူကျီက သဏ္ဍာန်မဲ့ နတ်ဓားဂိုဏ်းတစ်ခုလုံးတွင် သူ့၏ ပဒုမ္မာကြာ ဓားတောင်တစ်ခုသာ အကာအကွယ်မရှိ ဖြစ်နေသည်ကို သိလိုက်ရ၏။ သူ့အတွက် မလိုအပ်၍ မဟုတ်ဘဲ ထိုသို့ ခန့်အပ်ရန် အာဏာ မရှိ၍သာ ဖြစ်၏။
"ပဒုမ္မာကြာ ဓားတောင်က စီနီယာ အစ်ကိုမိုကို ဆေးလုံးသခင်ယန် ထွက်မသွားခင် စီနီယာ လာရင် တိုက်ရိုက်ဝင်ခိုင်းလိုက်ပါ လို့ မှာသွားပါတယ်ရှင့် ယန်အာကို ပြန်ခေါ်သွားလို့ ရပါပြီ ...." ဆေးပင် သယ်ယူရေး မိန်းကလေးက အရိုအသေပြုကာ မြန်မြန် ပြောပြလိုက်သည်။
မိုဝူကျီက စိတ်မပျက်ဘဲ မနေနိုင်ချေ။ သူက ထပ်၍ မေးမြန်းလိုက်တော့သည် "စီနီယာ အစ်မယန် ဒီမှာ မရှိဘူးလား..."
ယန်အာကို လာခေါ်ရင်း ယန်ချင်ယင်ကို ပဒုမ္မာကြာ ဓားတောင်အကြောင်းကို မေးမြန်းရန် ကြံစည်ထားခြင်း ဖြစ်၏။ အဓိကကား သွေးပဒုမ္မာကြာ အကြောင်းကို သိချင်တာ ဖြစ်သည်။
"စီနီယာ အစ်မယန်ကို ဆေးလုံးဆရာများ ဖလှယ်ခြင်းမှာ ပါဝင်ဖို့ ဖိတ်ကြားထားတယ် ဒါနဲ့ စီနီယာ အစ်ကို အနားယူဖို့ ကျွန်မနောက်က လိုက်ခဲ့ပေးပါနော်" မိန်းကလေးက ယှဉ်ကျေးစွာ ပြောလိုက်သည်။
ယန်ချင်ယင်က ဆေးဘုရင် တောင်ထိပ်တွင် မရှိသောကြောင့် မိုဝူကျီက ဤနေရာတွင် အချိန်ဖြုန်းရန် မကြံတော့ပေ။ သူက ချက်ချင်း ပြန်၍ ပြောလိုက်သည် "ဂျူနီယာ ညီမကို ကျေးဇူးတင်ပါတယ် အခုက ယန်အာကို လာခေါ်ရုံတင်ပါ စီနီယာ အစ်မယန် ပြန်လာမှပဲ နောက်တစ်ခေါက် လာလည်ပါတော့မယ်...."
"ဟုတ်ကဲ့ ရပါတယ် ခဏလောက် စောင့်ပေးပါနော် ..." ထိုမိန်းကလေးသည် ယန်ချင်ယင်ဆီမှ ညွှန်ကြားချက်များ ရထားသည်မှာ သိသာလှ၏။ ထိုစကားကို ပြောရင်း သူမက မြန်မြန် အထဲသို့ ဝင်သွားလေသည်။
မိုဝူကျီသည် ထိုမိန်းကလေးက ယန်အာနှင့် အတူ ပြန်မလာခင်အထိ မိနစ်အနည်းငယ်သာ စောင့်လိုက်ရ၏။ တစ်ချိန်တည်းတွင် သူမက ကျောပေါ်တွင် အိတ်အကြီးကြီး သယ်ဆောင်ထားလေသည်။
"စီနီယာ အစ်မထွက်မသွားခင် ဒီဟာကို စီနီယာဆီ ပေးပေးဖို့ ပြောခဲ့တယ် ...." မိန်းကလေးက မိုဝူကျီကို ထိုအထုတ် လှမ်းပေးလိုက်သည်။
မိုဝူကျီကို ဆေးပင် အနံ့များကြောင့် အိတ်ကို ဖွင့်ကြည့်ရန်ပင် မလိုပေ။ ထိုသည်က ယန်ချင်ယင် သူ့ကို ကတိပေးဖူးသော အဆင့်သုံး ဆေးပင်များ ဖြစ်ပေလိမ့်မည်။
သူသည် ချီသွေးကြောများကို ဆက်၍ မဖွင့်နိုင်သည့်အချိန်တွင် ထိုဆေးပင်များက သူ့ဆီ အချိန်ကိုက် ရောက်လာလေသည်။ သူက မကျင့်ကြံနိုင်ပေ။ ထို့ကြောင့် ဤဆေးပင်များကို အသုံးချပြီး သူ့၏ ဆေးလုံးဖော်စပ်ခြင်း အဆင့်ကို တိုးတက်လာအောင် ပြုလုပ်ရမည်။ မိုဝူကျီက ယန်ချင်ယင်ကို ကြီးစွာ ကျေးဇူးတင်သွားလေ၏။
တကယ်တမ်းဆိုလျှင် သူသာ သူမကို ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ်ကို မပေးခဲ့လျှင်ပင် သူအနေနှင့် ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။ အခြားအမြင်မှ ကြည့်လျှင် ယန်ချင်ယင်က သူ့အား မေးခွန်း ထုတ်ခံရခြင်းမှ အကာကွယ်ပေးခဲ့လေ၏။ သို့သော် သူမက ကတိကို တည်ကာ အဆင့်သုံး ဆေးပင်များကို ထုတ်ပေးနေသေးသည်။
သူက ပဒုမ္မာကြာ ဓားတောင်သို့ ပြန်ရောက်ပြီးနောက်တွင် မိုဝူကျီက ဆေးပင်များကို မြင်ရန် အိတ်ကို မဖွင့်သေးချေ။ ထို့အစား သူက ဂိုဏ်း၏ စာကြည့်တိုက်ကိုသာ အပြေးအလွှား သွားလေ၏။
မိုဝူကျီက ကျင့်ကြံစဉ်များကို ကြည့်ရန် လာခြင်း မဟုတ်ပေ။ သူ့မှာ ရှိသော အရာသည် သူ့အတွက် လုံလောက်နေချေပြီ။ သိုင်းကျမ်းများကို အသာထား သူ့အတွက် ဖတ်ရှုဖို့ရာ အဆင့်မမှီချေ။ ထို့အပြင် သူ့တွင် ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ်အပြင် ပျောက်ကွယ်ဓား ပညာရပ်လဲ ရှိသေး၏။
သူက ပဒုမ္မကြာ ဓားတောင်ကို စစ်ဆေးလေ့လာရန် ရောက်လာခြင်း ဖြစ်သည်။ အဆင့်မြင့် ဝိညာဉ် လမ်းကြောင်းဖွင့်ဆေး ဖော်စပ်နိုင်ရန် သူ့အတွက် အဆင့်မြင့် ဆေးပင်များ လိုအပ်လေသည်။ သူ့တွင် ရတနာ သွေးပဒုမ္မာကြာမှ လွဲ၍ အကုန် လက်ဝယ်ရှိလေ၏။ ဂိုဏ်းအတွင်းတွင် ကွမ်းလီက ရတနာ သွေးပဒုမ္မာကြာကို စိုက်ပျိုးခဲ့သူ ဖြစ်နေလေသည်။ ပုံမှန်အားဖြင့် မိုဝူကျီသည် ဂိုဏ်း၏ မှတ်တမ်းများမှ ရတနာ သွေးပဒုမ္မာကြာ အကြောင်း ဖြစ်စေ သို့မဟုတ် ကွမ်းလီ အကြောင်းဖြစ်စေ များများ တွေ့ရှိနိုင်ရန် မျှောင့်လင့်မိလေသည်။
မိုဝူကျီကို စိတ်ပျက်စေတာက တစ်ရက်တာလုံး ကုန်ဆုံးပြီး မရေတွက်နိုင်လောက်သည့် စာအုပ်များ လှန်လှော ကြည့်သော်လည်း အကြီးအကဲ ကွမ်းလီသည် ပဒုမ္မကြာ ဓားတောင်တွင် နေထိုင်ခဲ့ကြောင်းသာ ထွက်လာလေ၏။ အခြားသော အကြောင်းအရာများကို ရှာမတွေ့ချေ။
သို့သော်လည်း မိုဝူကျီက စိတ်အားမလျော့ချေ။ သူသည် ဖေးပင်းကျူကို မေးကြည့်ရန် ဆုံးဖြတ်လိုက်တော့၏။ ဖေးပင်းကျူသည် သူ့ထက် အရင် ရောက်ကာ အချိန်ကြာကြာ နေခဲ့ရသည့် သူဖြစ်သည့်အတွက် ပဒုမ္မကြာ ဓားတောင်အကြောင်းကို ထည်းထည်း ဝင်ဝင် သိပေလိမ့်မည်။
နောက်တစ်ကြိမ် မိုဝူကျီက အလုပ်ခန်းမသို့ ထပ်သွားရောက်ခဲ့သည်။ မိုဝူကျီကို မြင်သောအခါ အချို့သော တပည့်များက သူ့အား မှတ်မိကြ၍ လာရောက် အရိုအသေ ပေးကြသေး၏။ အချို့သော အပြင်စည်း တပည့်များပင် ရပ်တန့်ကာ အရိုအသေ ပြုကြလေသည်။
ဧည့် ဆေးလုံးဆရာကား ဂိုဏ်းအတွင်းတွင် လေးစားရသော အဆင့်အတန်း ဖြစ်လေသည်။
သူ ဝိညာဉ်ဆေးပင် သိုလှောင်ခန်းသို့ ရောက်သည့်အခါ ဖေးပင်းကျူကို ရှာမတွေ့ချေ။ ထို့အစား သူ အရင်က တစ်ခါမှ မမြင်ဖူးသော လူတစ်ယောက်သာ တွေိ့လိုက်ရလေ၏။
"ဆေးလုံးသခင်မို...." ထိုတပည့်က မိုဝူကျီကို မှတ်မိလေ၏။ မိုဝူကျီ ရောက်လာသည်ကို မြင်သောအခါ ချက်ချင်းပင် အရိုအသေ ပေးလိုက်သည်။
မိုဝူကျီက သံသယဖြစ်စွာ မေးလိုက်လေ၏ "ဖေးပင်းကျူ ဘယ်ရောက်သွားလဲ သူက ပြောင်းရွေ့ခံလိုက်ရတာလား "
မိုဝူကျီက သူ့အား ဖေးပင်းကျူအကြောင်း မေးသောအခါ တစ်ခုခု လည်ချောင်းမှာ တစ်ဆို့နေဟန် ဖြစ်နေလေသည်။ ပြောပြချင်ပုံ မရှိပေ။
မိုဝူကျီ၏ အမူအယာက အလေးအနက် ဖြစ်လာပြီး လေသံပင် အေးစက်လာကာ "ဖေးပင်းကျူ ဘယ်သွားလဲ ငါ့ စိတ်ရှည်တာက ကန့်သတ်ချက် ရှိတယ် "
မိုဝူကျီ၏ ဒေါသအရိပ်အယောင်ကို မြင်၍ ချက်ချင်း ထုတ်ပြောလိုက်ရတော့၏ "ဒေါသကို ထိန်းပါ ဆေးလုံးသခင်မို ကျွန်တော် ဒီရောက်လာတဲ့အခါမှာ စီနီယာ အစ်ကိုဖေးက မရှိတော့တာပါ ကြားတာက ဆေးပင်တွေ ထုတ်ပေးတုန်းက အမှားအယွင်း ဖြစ်သွားလို့ ဆေးလုံးသခင်ဂျူကနေ သေမိန့်ချထားတယ်တဲ့ "
"အဲဒီ ဂျူ ပဲလား " မိုဝူကျီက စိတ်ထဲတွင် ဒေါသ အချောင်းချောင်း ထွက်နေလေသည်။ အကယ်၍ သူနှင့် ဆေးလုံးသခင်းဂျူတို့ကြားက အရင် အငြင်းပွားမှုက သေးငယ်သော်လည်း ယခုအခါ ဖေးပင်းကျူကို သတ်ရန် ကိစ္စကား သေးငယ်သည်ဟု သတ်မှတ်၍ မရတော့ပေ။
သို့သော်လည်း သူ့က ဆေးလုံး ဖော်စပ်နိုင်စွမ်းနှင့် ကျင့်ကြံနိုင်စွမ်းတို့တွင် ကန့်သတ်ထားခံရ၏။ ဖေးပင်းကျူကို ကယ်တင်ပြီး လက်စားချေရန် ဆေးလုံးသခင်ဂျူကို ရှာခြင်းက အဓိပ္ပါယ် မဲ့လှ၏။
မိုဝူကျီက အဓိပ္ပါယ် မရှိသည်များကို ဆက်၍ မပြောတော့ချေ။ ထိုတပည့်လေးအပေါ် ဒေါသထွက်ခြင်းက ဘာအကျိုးမှ မရှိ။
"ဆေးလုံးသခင်မို ခဏ စောင့်ပါဦး..." မိုဝူကျီ အလုပ်ခန်းမမှ ထွက်သွားတော့မည့်ဆဲဆဲတွင် အသံတစ်ခုက သူ့အား ရပ်တန့်လိုက်လေသည်။ လှည့်ကြည့်လိုက်သောအခါ ဖေးပင်းကျုလောက်ရှိသော လူငယ်တစ်ယောက်ကို မြင်လိုက်ရလေ၏။ သူ သွင်ပြင်အရ သူသည် အပြင်စည်း တပည့် တစ်ယောက် ဖြစ်ရမည်။
"မင်းက ...." မိုဝူကျီက သူ့အား လှမ်းခေါ်သည့် လူငယ်လေးကို ကြည့်လိုက်၏။
အပြင်စည်း တပည့်က မြန်မြန် ပြောပြလိုက်တော့သည် "ကျွန်တော်က အပြင်စည်း တပည့် ဝူယောင်ကျီပါ ဂျူနီယာ ညီလေးဖေးကို မခေါ်သွားခင် သူက စီနီယာကို ရှာဖို့ တောင်းဆိုခဲ့တယ် ဒါပေမဲ့ အဲအချိန်တုန်းက စီနီယာက ပဒုမ္မာကြာ ဓားတောင်မှာ မရှိဘူး တကယ်တမ်း ဂျုနီယာ ညီလေးဖေးက ဆေးပင်တွေ ထုတ်ပေးတာ မှားလို့ မဟုတ်ဘူး စီနီယာဘက်က ပြောပေးလို့ ခေါ်သွားခံလိုက်ရတာပါ "
"ဘာတွေ ဖြစ်ခဲ့တာလဲ " မိုဝူကျီ မျက်နှာက ချက်ချင်းပင် အေးစက်သွား၏။ အကယ်၍ သူ့ကြောင့် ဖေးပင်းကျူက ပါဝင်ငြိစွန်းသွားကာ ရလဒ်က ထိုဂျူကောင်စုတ်ရဲ့ သတ်မိန့်ကို ကျခံရသည်ဆိုလျှင် မိုဝူကျီအနေနှင့် သေချာပေါက် လက်စားပြန်ချေမည် ဖြစ်၏။ ယခု မဟုတ်လျှင်ပင် အနာဂတ်တွင် ဖြစ်လာအောင် လုပ်မည်။
ဝူယောင်ကျီက ချက်ချင်း ရှင်းပြလိုက်သည် "တစ်ရက်ကျ အလုပ်ခန်းမထဲ လူတွေက ဆေးလုံးသခင်ဂျူတစ်ယောက် မြေကမ္ဘာအဆင့်ကို ဘယ်လို တက်လှမ်းမလဲဆိုတာ ဆွေးနွေးနေကြတာ ဆေးလုံးသခင်ယန် ပြီးရင် သူက ဂိုဏ်းထဲမှာ ပါရမီအကောင်းဆုံး ဆေးလုံးဆရာ ဖြစ်လိမ့်မယ်ဆိုပြီး .... အစပိုင်းက ဘာမှ မဖြစ်ကြဘူး ဒါပေမဲ့ တစ်ယောက်က ဆေးလုံးသခင်မို အကြောင်း ပြောတာကြားလိုက်ရတယ် ဆေးလုံးသခင်ဂျုက အရည်ချင်းရှိပြီးတော့ စီနီယာကိုကျ ဆေးလုံးသခင်ယန်ပေါ် မှီခိုနေတယ်တဲ့ ဆေးလုံးသခင်ယန်ကြောင့် မဟုတ်ဘူးဆိုရင် ဆေးလုံးသခင်ဂျူရဲ့ ဖိနပ်ကို သန့်ရှင်းပေးဖို့တောင် အဆင့်မမှီဘူးတဲ့
အဲအချိန်မှာ ဂျူနီယာ ညီလေးဖေးက ဝင်ပြောပြီး ကာကွယ်ပြောလိုက်တာ သူက
"ဆေးလုံးသခင်ဂျူက အမှန်တကယ် အရည်ချင်း ရှိပေမဲ့ ဆေးလုံးသခင်မိုရဲ့ အောင်မြင်မှုက ဆေးလုံးသခင်ယန်ကြောင့် မဟုတ်ဘူး သူ့၏ ဆေးလုံးဖော်စပ်ခြင်း ဗဟုသုတတွေကြောင့်ပဲ ဆေးလုံးသခင်မိုက သာမာန် အစေခံ တပည့်ဖြစ်လို့ သူ့အတွက်
အထောက်အပံ့တွေ သင်ကြားရေး လက်မခံရပေမဲ့ အဆင့်နှစ် ဆေးလုံးဆရာ ဖြစ်လာဖို့ အားလုံးထက် ကြိုးစားခဲ့ရတယ်"
အဲနေ့မှာ တိုက်တိုက်ဆိုင်ဆိုင် ဆေးလုံးသခင်ဂျူရဲ့ ဆေးပင် သယ်ယူရေး ကောင်လေးလဲ အလုပ်ခန်းထဲ ရှိနေခဲ့တာဆိုတော့ ဂျူနီယာညီလေးဖေး စကားတွေက သူ့ကို ဒေါသထွက်စေခဲ့ပုံပဲ အဲကောင်လေးက အလွန်ယုတ်မာတယ် ဘာမှ မပြောပေမဲ့ ဂျူနီယာ ညီလေးဖေးကို သူ့အတွက် ဆေးပင် ထုတ်ခိုင်းလိုက်တယ် ညကျတော့ ပြစ်ဒဏ်စီမံရေး ခန်းမက လူတွေခေါ်ပြီး ရောက်လာတယ် သူက ဂျူနီယာဖေးက အပြစ်လုပ်မိပြီး ဆေးလုံးသခင်ဂျူရဲ့ ဆေးလုံးဖော်စပ်ခြင်းကို ကျရှုံးစေခဲ့တယ် လို့ပြောခဲ့တယ် ပြစ်ဒဏ်စီမံရေး ခန်းမက လူတွေက ဂျူနီယာဖေးကို ချက်ချင်းခေါ်သွားခဲ့တာပဲ "
မိုဝူကျီ၏ မျက်နှာသွင်ပြင်ကား ကြည့်မကောင်း ဖြစ်လာလေ၏။ ဆေးလုံးသခင်ဂျူက အဆင့်သုံး ဆေးလုံးဆရာ ဖြစ်ကာ ဆေးပင်အမှားကို ယူလာတာကိုတောင် မပြောနိုင်ဘူးလား ပြီးတော့ သူ့ရဲ့ ထိုကောင်လေးက တော်တော် သတ္တိကောင်းနေတာပဲ ဆေးပင်အမှားတွေ ပို့ရဲတယ်ပေါ့...
"ဆေးလုံးသခင်မို ကြားတာက အခု ဆေးလုံးသခင်ဂျူက ဆေးလုံးသခင်ယန်နဲ့အတူ ဆေးလုံးဆရာ ဖလှယ်ပွဲ တက်နေတယ်တဲ့ ကျွန်တော် ထင်တာတော့ ဂျူနီယာဖေးကို ပြစ်ဒဏ် စီမံရေး ခန်းမမှာ ပိတ်.....ထားတာ ဖြစ်လောက်မယ်...."ဝူယောင်ကျီက အနည်းငယ် တွ့န်ဆုတ် တွန့်ဆုတ် ဖြင့် ပြောလိုက်လသည်။
မိုဝူကျီက ဝူယောင်ကျီ စကား နောက်ကွယ်က အဓိပ္ပါယ်ကို ချက်ချင်း သဘောပေါက်သွားပြီးတော့ တွေဝေခြင်း အလျှင်းမရှိ ပြောလိုက်လေသည် "အခု ငါ ပြစ်ဒဏ် စီမံရေး ခန်းမကို သွားလိုက်ဦးမယ် "
အကယ်၍ ဖေးပင်းကျူသာ အသတ်ခံပြီးပြီ ဆိုလျှင် မိုဝူကျီက အနာဂတ်တွင် သူ့အတွက် လက်စားချေပေးမည် ဖြစ်၏။ သို့သော် ဖေးပင်းကျူက အသက်ရှင်သေးသည့်အတွက် မိုဝူကျီက သူ့အသက်ကို ကယ်ဖို့ရာ အစွမ်းကုန် ကြိုးပမ်းရလိမ့်မည်။