အခန်း (၈၄) : အသက်ဓာတ်စုပ် သားရဲ
မိုဝူကျီက ပါဝင်ပစ္စည်းများကို ရောနှောပြီးသည်နှင့် ဆေးအဆီအနှစ်များကို အတူတကွ ပေါင်းစပ်လိုက်လေသည်။ ယန်ချင်ယင်က ဆေးလုံးဖော်စပ်ခြင်းတွင် သူ့လုပ်ဆောင်ရည်ကား သူမထပ် မနိမ့်ကျကြောင်း သေချာလေ၏။ သန့်စင်မှုနှုန်းသည် သေချာပေါက် ၈၅ ရာခိုင်နှုန်းအထိ ရောက်လိမ့်မည်။ ပို၍ အရေးကြီးသည်က မိုဝူကျီက အဆင့်တစ် ဆေးလုံးဆရာမျှသာ ဖြစ်လေသည်။ ထိုမျှ ကြောက်လန့်ဖွယ် ပါရမီနှင့်လူသည် သေချာပေါက် မြေကမ္ဘာအဆင့် ဆေးလုံးဆရာ ဖြစ်လာလိမ့်မည်။
မိုဝူကျီ၏ ကျင့်ကြံခြင်းကို တွေးမိလိုက်သောအခါ ယန်ချင်ယင်က သက်ပြင်းသာ ချမိလိုက်တော့သည်။ သူသည် ဆေးလုံးဖော်စပ်ခြင်းတွင် ပါရမီပါသော်လည်း မြေကမ္ဘာအဆင့် ဆေးလုံးဆရာ ဖြစ်လာရန်က ဆေးလုံးဖော်စပ်ခြင်း တစ်မျိုးတည်းဖြင့် မရပေ။ ကျင့်ကြံခြင်းသည်လည်း တန်းတူ အရေးပါလေသည်။ ထိုကြောင့်သာ ဆေးလုံးဆရာများ နည်းပါးနေခြင်း ဖြစ်လေ၏။
ဖြစ်နိုင်သည်က သူမစကားများသည် အမှန်တကယ်ပင် အကျိုးသက်ရောက်မှု ရှိလေသည်။ ယန်ချင်ယင် စကားကိုနားထောင်ပြီးနောက်တွင် မိုဝူကျီ၏ လှုပ်ရှားမှုများကား ပုံမှန်ထက် ပို၍ ချောမွေ့နေလေသည်။ ဆေးအဆီအနှစ်များ အားလုံးပေါင်းစပ်သွားသည့်အထိ အမှား လုံးဝ မပါရှိသေးချေ။
မိနစ်အနည်းငယ် အကြာတွင် ပေါင်းစပ်ခြင်း ပြီးဆုံးသွားလေ၏။ မိုဝူကျီက စိတ်သက်သာရာ လေပူမှုတ်ထုတ် လိုက်လေသည်။ အရင်က ဆယ်ကြိမ်လုံးတွင် တစ်ခါမှ ဆေးလုံး ဖြစ်တည်ခြင်း အဆင့်ထိ မအောင်မြင်ခဲ့ပေ။ ယခုတော့ နောက်အဆင့်ထိ ရောက်လာခဲ့လေပြီ။ လက်ဟန်ကို အသုံးပြုလိုက်သောကြောင့် သူ့လက်မှ ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာကာ ဆေးအဆီအနှစ်များပေါ် ကျရောက်သွားလေ၏။ သို့သော် ဆေးလုံး ဖြစ်တည်လာရန် စတင်မည့် အချိန်မတိုင်ခင်တွင် ဆေးပင်များကား ရုတ်တရက် ဘုန်းခနဲ ပေါက်ကွဲသွားကာ ဆေးတူးနံ့များက လေထုထဲ ပြန့်နှံ့လာလေသည်။
မိုဝူကျီသည် ဆေးလုံး ဖြစ်တည်ခြင်း ဖြစ်စဉ်ကို ရပ်တန့်လိုက်ပြီး မျက်နှာကား မသာမယာ ဖြစ်နေကာ ယန်ချင်ယင်မှ အဖြေကို စောင့်နေလေသည်။ အရင်က ကျရှုံးမှုများ ပြီးဆုံးသွားလျှင်အဓိက ပြဿနာကို စမ်းစစ်နိုင်သော်ငြား ဒီတစ်ကြိမ်တွင် လမ်းညွှန်မှုမရှိဘဲ ဘာမှားယွင်းနေမှန်း မသိတော့ချေ။ ယန်ချင်ယင်က သက်ပြင်းချလိုက်ပြီး မိုဝူကျီကို ကြည့်ကာ ပြောလိုက်လေသည် "အဆင့်နှစ် ဆေးလုံးဖော်စပ်ခြင်းမှာ ဘာမှားနေလဲဆိုတာ မသိချင်ဘူးလား....."
မိုဝူကျီက တိတ်တဆိတ် နေလိုက်ပြီး တွေးတောနေလေ၏။ မပြောပြဘူးလား.....
"မင်းက ငါတွေ့ဖူးသမျှထဲ အရည်ချင်းအရှိဆုံး ဆေးလုံးဆရာပဲ.... အစကနေ အဆုံးအထိ မင်းရဲ့ ဆေးလုံးဖော်စပ်ခြင်းမှာ အမှားလုံးဝ မတွေ့ရဘူး....." ယန်ချင်ယင်က ပြန်ဖြေလိုက်လေသည် "ပြဿနာက ဆေးလုံးဖော်စပ်ခြင်းမှာ မဟုတ်ဘူး မီးတောက်က အဓိက ပြဿနာပဲ..... မင်းက ဆေးဖော်စပ်ဖို့ မီးကျောက်တုံးကို သုံးတယ် အဲဒါက သာမာန်မီးတောက်ကို သုံးတာထက် ပိုခက်ခဲတယ်.... ပြီးတော့ မင်းက အရည်သွေးနိမ့် ကျောက်တုံးကို ရွေးထားသေးတယ်..... အနီရောင် ကျောက်တုံးက အပူချိန်နိမ့်ရုံသာမက တည်ငြိမ်မှု မရှိဘူး..... ရလဒ်က ဆေးအဆီအနှစ် ပေါင်းစပ်ခြင်းမှာ မပြီးပြည့်စုံခြင်းကို ဖြစ်စေတာပဲ....."
သူမက သူ့ကို ထပ်ရှင်းပြမည်ဟု ယုံကြည်နေရင်း မိုဝူကျီက ယန်ချင်ယင်စကားများကို တိတ်တိတ်လေး နားထောင်နေလေသည်။ မျှော်လင့်ထားသည့်အတိုင်း သူမက ဆက်ပြောလိုက်လေ၏ "မင်းမြင်တဲ့အတိုင်း ဆေးလုံးသခင်ဂျူ နဲ့ ဆေးလုံးသခင်ရှီတို့က အဆင့်သုံး ဆေးလုံး ဖော်စပ်နိုင်ကြတယ် ဒါပေမဲ့ ဆေးလုံးသခင်ဂျူက အဆင့်လေး ဆေးလုံးသခင်ဖြစ်ဖို့ သိပ်မလိုတော့ဘူး ဆေးလုံးသခင်ရှီကတော့ မင်းအကူညီနဲ့ ဆေးလုံးဖော်စပ်ခဲ့ရတယ်.....အရေးကြီးဆုံးက သူတို့ရဲ့ ကျင့်ကြံခြင်းတွေက မင်းထက် မြင့်နေတာပဲ အဲဒါကြောင့် မီးတောက်ကို ထိန်းချုပ်ရာမှာ ဝိညာဉ်စွမ်းအားကို ထည့်သုံးတော့ ပိုမို လွယ်ကူသွားတယ်...... တကယ်လို့ ငါသာ မမှားရင် မင်းက ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့် အစောပိုင်းမှာ ဖြစ်လောက်မယ်..... အဆင့်နှစ် ဆေးလုံးဆရာမှာ အနိမ့်ဆုံး ဝိညာဉ်လမ်းကြောင်းဖွင့် မြင့်မားတဲ့ အဆင့်လောက် ရှိသင့်တယ်....."
ထိုသို့ဆိုလျှင် သူ့၏ ကျင့်ကြံဆင့်နှင့် ပြဿနာ ရှိနေသည်လား....
မိုဝူကျီက သူ့ကိုယ်သူ ညဉ်းညူမိလေ၏။ အရင်က ကျရှုံးသောအခါ သူ့ကျင့်ကြံဆင့်ကား အလွန်နိမ့်ကျနေသည့်အတွက် ဖြစ်ရမည်ဟု မယူဆခဲ့ဘူးလား....... သူ့ဝိညာဉ်စွမ်းအားများသည် ပေါင်းစပ်ခြင်း ဖြစ်စဉ်အတွက် သူ့မျှော်မှန်းထားသည့်အတိုင်း လက်ဟန်ဖြင့် မပေါင်းစပ်နိုင်ပေ။
"အဲဆို ဆေးလုံးဖော်စပ်ခြင်းကလဲ ကျင့်ကြံခြင်းနဲ့အတူတူ တိုးတက်ဖို့ လိုအပ်တာပေါ့...." မိုဝူကျီက စိတ်မရှည်စွာ ထပ်မေးလိုက်သည်။
"လိုအပ်ချက်တော့ မဟုတ်ဘူး... တချို့ ဆေးလုံးသခင်တွေက သူတို့ကျင့်ကြံဆင့်ကို ပိတ်ထားပြီး ထိပ်တန်းဆေးလုံး ဖော်စပ်နိုင်ကြတယ်...... ဒါပေမဲ့ အဲလိုမျိုး ဆေးလုံးသခင်က အလွန်လွန် ရှားပါးတဲ့ မျိုးစိတ်ပဲ......သူတို့အတွက်တောင် ကျင့်ကြံခြင်းမပါရှိဘဲ အဆင့်တက်ဖို့ဆိုတာ မဖြစ်နိုင်ကြဘူး...... " ယန်ချင်ယင် စကားများ ကြားပြီး မိုဝူကျီက ထပ်မေးလိုက်လေ၏ "ကျွန်တော်က စီနီယာနဲ့ မသွားချင်တာ မဟုတ်ပါဘူး ကျွန်တော်ရဲ့ လက်ရှိအနေအထားအရ မူလအသက် ဆေးလုံးကို ဖော်စပ်နိုင်မယ် မထင်ဘူးဗျာ....."
တွေဝေစွာဖြင့် ယန်ချင်ယင်က လိမ္မော်ရောင် ကျောက်တုံးကို ထုတ်ယူလိုက်ပြီး "ငါ့မှာ လိမ္မော်ရောင် မီးကျောက်တုံး ရှိတယ်....သူ့မီးတောက်ရဲ့ အပူချိန်က အနီထက်စာရင် ပိုမြင့်တယ် ပြီးတော့ အခြားသော မြေကမ္ဘာအဆင့်မီးတောက်တွေနဲ့ ယှဉ်လို့ရတယ်...... အဲကြောင့် မင်းက မူလအသက်ဆေးလုံးကို ဒါနဲ့ ဖော်စပ်လိုက်ရင် ဖြစ်နိုင်လောက်တယ်..... ဒါပေမဲ့ ငါ့ဆီမှာ တစ်ခုပဲ ရှိတယ် အဲဒါကြောင့် အရင်ဆုံး မင်းက အမှားလုပ်လို့ မရဘူး..... တကယ်လို့ မင်း အရဲစွန့်ရဲတယ်ဆိုရင် ငါတို့ အခုထွက်သွားကြမယ်..... ဒါပေမဲ့ မှတ်ထားဖို့က အသက်ဓာတ်စုပ် သားရဲ နှောင့်ယှက်လိုက်တာနဲ့ မင်းမှာ ဆေးလုံးဖော်ဖို့ အခွင့်အရေး တစ်ကြိမ်ပဲ ရမယ်....."
ပြောပြီးသည့်နောက်တွင် ယန်ချင်ယင်က မိုဝူကျီ သဘောတူမလားဆိုတာ မသေချာသည့်အတွက် ထပ်လောင်း ပြောလိုက်လေ၏ "တကယ်လို့ အဲဒီမှာစွမ်းအင်ကျင့်စဉ်တွေ ရှိရင် မင်းကို အရင်ရွေးခွင့် ပေးမယ်..... တကယ်လို့ မရှိဘူးဆိုရင်တောင် ငါတို့ အသက်ရှင်လျက် ထွက်သွားနိုင်ရင် မင်းအတွက် တစ်ခုရှာပေးမယ်လို့ ကတိပေးပါတယ်...."
"ကောင်းပြီလေ စီနီယာနဲ့အတူတူ သွားပါ့မယ်....." သူ့တွင် စွမ်းအင်ကျင့်စဉ် ရမည်ဟူသော အာမခံချက်နှင့် ဘာကို တွေဝေနေမည်နည်း။ သူသည် ကျင့်ကြံနိုင်ပြီ ဖြစ်၍ သူ့တွင် စွမ်းအင် ကျင့်စဉ်သာ ရရှိပါက အနည်းဆုံးတော့ အန္တရာယ် ကြုံတွေ့လာလျှင် ပြန်လည်တိုက်ခိုက်နိုင်ဦးမည် ဖြစ်၏။
ယန်ချင်ယင် မျက်လုံးကား ကျေးဇူးတင်မှုနှင့်အတူ အရောင်လက်လာလေ၏ "ဂျူနီယာ မောင်လေးမို.... မင်းက ငါ့ကိုစိတ်မပျက်စေဘူး.... ငါ ဦးဆောင်သွားမယ် အခုသွားကြစို့....."
တစ်နာရီအကြာတွင် ယန်ချင်ယင်က လျှိုစောက်ဝန်းကျင်တွင် ရပ်တန့်လိုက်လေ၏။
"ဒီနေရာလား..." မိုဝူကျီက သူ့ကျောတွင် ဆေးပြင်းမီးဖိုကြီး သယ်ဆောင်ကာ သူမအား မေးလိုက်သည်။ ထိုလျှိုစောက်ရှိ မြင်ကွင်းတစ်လျှောက်တွင် စိမ်းစိုမှုက ဖုံးလွှမ်းထားလေသည်။ သူ အရင်က အသုံးပြုခဲ့ဖူးသော ဆေးပင်များထက်ပင် ပို၍ အဖိုးတန်လေ၏။ ဝိညာဉ်စွမ်းအားများ သိပ်သည်းမှုလည်း မြင့်မား နေလေသည်။
ယန်ချင်ယင်က ခေါင်းကို ညိတ်လိုက်ပြီး "ဟုတ်တယ် အဲဒါပဲ.... ဒီလျိုစောက်ကနေ မီတာ ၆၀လောက် ဝင်သွားလိုက်ရင် အသက်ဓာတ်စုပ် သားရဲ တည်နေရာကို မြင်ရလိမ့်မယ်...."
"ဒါပေမဲ့ ဒီနားမှာ အသက်စွမ်းအင်တွေ အများကြီးပဲ ...."
ယန်ချင်ယင်က မိုဝူကျီစကားကို ဖြတ်ပြောလိုက်လေ၏ "အသက်ဓာတ်စုပ် သားရဲက အသက်ဓာတ်အားလုံး ကင်းမဲ့တဲ့ နေရာမှာ နေပါ့မလား..... ယုန်တောင် အသိုက်နားက မြင်ကို စားရိုးထုံးစံမှ မရှိတာ.... သားရဲလည်း အဲလိုပဲပေါ့..... သားရဲက အသက်စွမ်းအင် အကြွယ်ဝဆုံးနေရာကို ရွေးချယ်ပြီး အသိုက်လုပ်တတ်ကြတယ်....... အမြင်အရ အသက်ဓာတ်စုပ် သားရဲက ဒီနယ်တစ်ဝှက်မှာ ဘုရင် ဖြစ်လောက်တယ်....."
သူမ စကားဆုံးသည်နှင့် ခါးကို ခါလိုက်သောအခါ ဓားက သူမလက်ထဲတွင် ဗြုန်းခနဲ ရောက်ရှိလာလေသည်။ သူမက မိုဝူကျီကို မျက်လုံးမှ တဆင့် အချက်ပြလိုက်ပြီး လျိုစောက်ထဲသို့ သတိထားကာ ဝင်ရောက်သွားလိုက်သည်။
"စီနီယာ အစ်မယန်.... အသက်ဓာတ်စုပ် သားရဲက ဝိညာဉ်စွမ်းအား အများကြီးရှိတဲ့နေရာကို ရှာနိုင်လို့ လူတွေက အဲဒီသားရဲကို အလိုရှိကြတာလား....." မိုဝူကျီက ယန်ချင်ယင်နောက်မှ လိုက်လာရင်း တိုးတိုးလေး မေးလိုက်လေသည်။
သူမက မိုဝူကျီကို ရှေ့သို့ ဆက်လျှောက်ရင်း တတ်နိုင်သမျှ အာရုံစိုက်ထား၍ ဖြေလိုက်သည် "ဒါက အသေးစား အကြောင်းပြချက်တွေပါ... အသက်ဓာတ်စုပ် သားရဲမှာ အသုံးဝင်တဲ့ နည်းလမ်းရှိတယ်.... သူ့ခန္ဓာမှာ အသက်စွမ်းအင်တွေနဲ့ ပြည့်နှက်နေတာ.... အဲလိုမျိုး စွမ်းအင်မျိုးက ကျင့်ကြံခြင်း နိယာမတွေကို ချုံ့ပစ်နိုင်ပြီးတော့ နောက်တစ်ဆင့်ကို အလွယ်တကူ ရောက်ရှိသွားနိုင်တယ်......ဥပမာအနေနဲ့ဆိုရင် ငါက လူသားအဆင့်လွန် ပြီးပြည့်စုံခြင်း အဆင့်မှာ ရှိနေတယ် သားရဲကို လက်နဲ့ ထိတွေ့နိုင်သရွေ့ ငါက ယွန်ဒန်အဆင့်ထိ တက်လှမ်းပြီး မြေကမ္ဘာအဆင့် ကျင့်ကြံသူ ဖြစ်လာမှာ ၁၀၀ရာခိုင်နှုန်း သေချာတယ်....."
"ကျွန်တော်လဲ စီနီယာက အသက်ဓာတ်စုပ် သားရဲကို ဖမ်းဆီးနိုင်ပြီး ယွန်ဒန်အဆင့်ကို တက်လှမ်းနိုင်ပြီး မြေကမ္ဘာအဆင့် ကျင့်ကြံသူ ဖြစ်လာပါစေလို့ ဆုတောင်းပေးပါတယ်....ဒါနဲ့ စီနီယာအစ်မယန် ခင်ဗျားရဲ့ ခါးက အဝတ်အိတ်သေးသေးလေးက ဘာလဲ......လှုပ်လိုက်တာနဲ့ ဓားကို ပေါ်လာအောင် လုပ်လို့ရတယ်လား...." မိုဝူကျီတွင် စွမ်းအင်ကျင့်စဉ် တစ်ခုရှိသည်နှင့် သူက ကျေနပ်ပြီ ဖြစ်လေ၏။ အသက်ဓာတ်စုပ် သားရဲကား သူ့အတွက် အသုံးမဝင်လှပေ။
သို့သော် သူက ယန်ချင်ယင်၏ ခါးပေါ်မှ အဝတ်အိတ်လေးကို သိချင်နေသည်မှာ ကြာလှပြီ ဖြစ်လေ၏ "ဒါက သိုလှောင်အိတ်လေ..... အရွယ်အစား ကြီးတဲ့အရာတွေကို သိမ်းထားလို့ ရတယ်.... ဒါက ငါ့ဆရာဆီက လက်ဆောင်ရထားတာ....." ယန်ချင်ယင်က ပြန်ဖြေလိုက်လေ၏။ ဘေးမှ အပင်များနင့် ခြုံပုတ်များကို ဖြတ်သန်းသွားရင်း အရှိန်မြင့်လိုက်လေသည်။
သိုလှောင်အိတ်လား..... မိုဝူကျီက ထိုအရာကို နှစ်သက်သွားကာ တစ်ခုပင် လိုချင်လာလေ၏။ မဟုတ်လျှင် သူ့အတွက် ခရီးသွားလာဖို့ရန် သိပ်၍ အဆင်မပြေလှချေ။ သူ့၏ ကီလိုဆယ်ချီလေးသာ ဆေးပစ္စည်း ကိရိယာများကို တရွတ်တိုက် ဆွဲမသွားနိုင်ချေ။
"ငါတို့ ရောက်တော့မယ်..." ယန်ချင်ယင်၏ စကားများက မိုဝူကျီ အတွေးဆက်ကို ဖြတ်တောက်လိုက်လေသည်။ သူက အစိမ်းရောင်နွယ်တွေ မရေမတွက်နိုင်အောင် ဖုံးလွှမ်းနေသာ ဂူကို ကြည့်မိလိုက်သည်။
"အသက်ဓာတ်စုပ် သားရဲက အိပ်နေတာ ဖြစ်ရမယ်.... ဆေးလုံး စဖော်တော့.... မင်း စလိုက်တာနဲ့ သားရဲက ငါတို့ တည်ရှိမှုကို သတိပြုမိသွားလိမ့်မယ်.... မင်းကို အသက်ဓာတ် ဆုံးရှုံးမှုကနေ ကာကွယ်ပေးထားမယ် ကျန်တာက မင်းအပေါ်မှာ မူတည်တယ်...."
သူမ စကားမဆုံးခင်တွင် သူတို့နှစ်ယောက်ထံ ကြောက်မက်ဖွယ် ဆွဲငင်မှု အင်အားတစ်ခု သက်ရောက်လာလေ၏။ မကြာခင်တွင် မိုဝူကျီ ခန္ဓာတစ်ကိုယ်လုံးကား အသက်ဓာတ် စုပ်ယူခံလိုက်ရသည့်အလား စက္ကန့်နှင့်အမျှ အားနည်းလာလေ၏။
T/n::: အခု fb page မှာ ပရိုမိုရှင်း အစီအစဉ်လေး ရှိပါတယ်နော် မသိလိုက်မှာစိုးလို့ပါ