အခန်း (၈၂) : ပူးပေါင်းရန် ဆုံးဖြတ်ခြင်း
မိုဝူကျီက တိတ်တဆိတ် နေနေလေသည်။ သို့သော်လည်း ယန်ချင်ယင်က ရိုးရှင်းသော ဆေးလုံးဆရာ မဟုတ်ချေ။ ထို့အပြင် သူမက ငယ်ငယ်ရွယ်ရွယ်ဖြင့် သဏ္ဍာန်မဲ့နတ်ဓားဂိုဏ်းတွင် ဆေးလုံးဆရာအဖြစ် အမြင့်မားဆုံး နေရာကို ယူထားနိုင်လေသည်။ ဂိုဏ်းအတွင်းရှိ သူမ၏ အဆင့်အတန်းကား ဂိုဏ်းခေါင်းဆောင်နှင့်ပင် ယှဉ်လို့ ရလေ၏။ သူမက မိုဝူကျီ အမူအယာကို တစ်ချက် ကြည့်လိုက်ရုံဖြင့် သူသည် ထိုအရာကို မလုပ်ချင်ကြောင်း သိ၏။
"ဂျူနီယာ မောင်လေးမို..... ဒီအရဲစွန့်မှုက လက်တွေ့ဆန်ချင်မှ ဆန်လိမ့်မယ်..... ဒါပေမဲ့ ကျင့်ကြံခြင်းလောကမှာ အန္တရာယ်ကို ရင်မဆိုင်ဖူးတဲ့ ပါရမီရှင်တွေ မရှိဖူးဆိုတာ အပိုပြောတာ မဟုတ်ဘူးနော်...... အများစုက သေခြင်းတရားနှင့် လက်တလုံးခြား ကြုံတွေ့ခဲ့ရတာချည်းပဲ..... မင်းရဲ့ ကျင့်ကြံခြင်းလမ်းစဉ်မှာ ချော့မွေ့နေရင် ပါရမီရှင် ဖြစ်ဖို့ မဖြစ်နိုင်ဘူး...... မင်းရဲ့ ကျင့်ကြံခြင်းက ချောချောမွေ့မွေ့ ဖြစ်နေရင်တောင် သေခြင်း ရှင်ခြင်း အတွေ့ကြုံတွေမရှိဘဲ အစစ်အမှန် ကျင့်ကြံသူ ဖြစ်လာမှာ မဟုတ်ဘူး.... " ယန်ချင်ယင်က မိုဝူကျီဆီတွင် တစ်ခုခုကို သတိထားမိဟန်ဖြင့် စတင်၍ အကြံပေးလိုက်လေသည်။
မိုဝူကျီက ပြုံးလိုက်သော်ငြား ဘာမျှ ပြန်မပြောခဲ့ပေ။ စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သိနေ၏။ သူ့ကို လူများက အကြံဉာဏ်ပေးရန် မလိုအပ်ပေ။ သူက ဤကမ္ဘာကို ရောက်ရှိလာသည်မှာ အချိန်တိုတွင်း ဖြစ်သော်ငြား သူ့ရင်ဆိုင်ခဲ့ရသော သေခြင်း၊ ရှင်ခြင်းများကား သူ့ရှေ့တွင် ရှိနေသော မိန်းကလေးထက်ပင် ပိုများနိုင်သေး၏။
အကယ်၍ ထိုအရာက ထိုက်တန်လျှင် သူ့အား ဖြောင့်ဖြရန် မည်သူကိုမျှ မလိုပေ။ မဟုတ်ပါက သူသည် သူ့အသက်အား ပြက်လုံး တစ်ခုကဲ့သို့ မမြှပ်နှံ့နိုင်ချေ။
"ဂျူနီယာ မောင်လေးမို..... မင်းရဲ့ကျင့်ကြံအဆင့်က နိမ့်သေးတယ် ငါတို့ဂိုဏ်းအတွက် ဓားသိုင်းကျင့်စဉ် အကောင်းတစ်ခုက ဘယ်လောက်အရေးပါလဲဆိုတာ သိဦးမှာ မဟုတ်လောက်သေးဘူး......"
မိုဝူကျီက ထပ်၍ ရေငုံနှုတ်ပိတ် မနေတော့ဘဲ ယန်ချင်ယင် စကားများကို ဖြတ်ပြောလိုက်လေသည် "စီနီယာ အစ်မယန်.... ကျွန်တော်က အစေခံတပည့်ပဲလေ....."
ယန်ချင်ယင်က ရုတ်ချည်း ရပ်တန့်လိုက်လေ၏။ ဟုတ်သား မိုဝူကျီက အစေခံတပည့်သာ ဖြစ်သေး၏။ သဏ္ဍာန်မဲ့နတ်ဓားဂိုဏ်းတွင် အစေခံတပည့်က ဂိုဏ်းနှင့် ပတ်သတ်နေသည်ဟု ပြော၍ မရပေ။ သူ့ကို ဓားသိုင်းကျင့်စဉ် ဖြင့် စွဲဆောင်သည်မှာ ကျွဲပါး စောင်းတီး ဖြစ်နေလေ၏။
သို့သော်လည်း ဂိုဏ်းကို ရောက်လာသောသူ မည်သူမဆို ကျင့်ကြံခြင်းနှင့် ပတ်သတ်လာလျှင် အစေခံတပည့်ပင် ဖြစ်နေပါစေ အတူတူ ဖြစ်ကြောင်း ယန်ချင်ယင်က နားလည်လေသည်။
"ဂျူနီယာ မောင်လေးမို.... အခု လက်ရှိ မင်းရဲ့ကျင့်ကြံစဉ်က ဘာလဲ....." ယန်ချင်ယင်က ကျင့်စဉ်များ၏ ရှုထောင့်ကနေ ခွဲခြားစိတ်ဖြာ ပြရန် ဆုံးဖြတ်လိုက်လေသည်။ သူ့အား သာလွန်လှသော ကျင့်စဉ်နှင့် နိမ့်ကျသော ကျင့်စဉ်များ၏ ခြားနားချက်ကို သိစေလိုသည်။
မိုဝူကျီ အမူအယာကား ရုတ်တရက် အလေးအနက် ဖြစ်သွားပြီး လက်ကို ဆုပ်ကာ ပြောလိုက်သည် "စီနီယာ အစ်မယန်.... ကျွန်တော်က အင်မော်တယ် မော်တယ် ကျင့်စဉ်ကို ကျင့်နေတာပါ....."
ယန်ချင်ယင်က မိုဝူကျီ စကားများ ကြားသောအခါ ပါးစပ်ဟာင်းလောင်း ဖြစ်သွားပြီး တံတွေးများပင် သီးထွက်လုမတတ် ဖြစ်သွားလေသည်။
'အင်မော်တယ် မော်တယ် ကျင့်စဉ်' ကို ထိုသို့သော အလေးအနက်ပုံဖြင့် ပြောခြင်းကို သူမအနေနှင့် ပထမဆုံး တွေ့မြင်ဖူးတာ ဖြစ်လေ၏။ ထို့အပြင် ထိုကဲ့သို့ လေးနက်မှုကား ကျင့်စဉ်ကို အစစ်အမှန် လေးစားရာမှ ထွက်ပေါ်လာခြင်းသာ ဖြစ်လေသည်။ အကယ်၍ သူမသာ ရယ်မောခြင်းကို နှစ်သက်သောသူ တစ်ယောက် ဖြစ်နေခဲ့လျှင် ဝက်ဝက်ကွဲ အူတတ်မတတ် ရယ်မောလိုက်လေပြီ။
ခဏအကြာတွင် သူမက ဆက်ပြောလိုက်လေသည် "ဂျူနီယာ မောင်လေးမို... 'အင်မော်တယ် မော်တယ် ကျင့်စဉ်'က ဈေးရောင်းသူတွေ ခေါ်တဲ့ အခေါ်အဝေါ်လေ...... နာမည်က အထင်ကြီးဖွယ် ဖြစ်ပေမဲ့လည်း တကယ်တမ်းကျ 'အခြေခံ ကျင့်စဉ်' တစ်ခုပဲလေ...... နောက်တစ်ခါကျ မင်း အဲဒါကို 'အင်မော်တယ် မော်တယ် ကျင့်စဉ်' လို့ ထပ်မခေါ်သင့်ဘူး....."
သူမက မိုဝူကျီ မျက်နှာပျက်သွားမည်ကိုလည်း စိုးရိမ်မိ၏။
မိုဝူကျီက ခေါင်းညိတ်လိုက်ပေမဲ့ ဆက်ပြောလိုက်လေ၏ "စီနီယာ အစ်မယန်..... ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်....ဒါပေမဲ့ ကျွန်တော်ရဲ့ 'အင်မော်တယ် မော်တယ် ကျင့်စဉ်'က အမှန်တကယ်ပါ.... တကယ်လို့ တစ်ယောက်ယောက် မေးရင်လည်း တူညီတဲ့ အဖြေပဲ ပေးမိမှာပါ..... အဲဒီအရာအတွက် ရှက်စရာ မလိုပါဘူး......"
မိုဝူကျီက ထိုကျင့်စဉ်ကို အမှန်တကယ် လေးစားယုံကြည်လေ၏။ သူ့အတွက် ထိုကျင့်စဉ်ကား နာမည်နှင့် လိုက်ဖက်သည်ဟု အမှန်တကယ် ခံစားမိလေသည်။
တချို့သော လူများက ကျင့်ကြံခြင်း နှေးကွေးခြင်းကြောင့် အမှိုက်သရိုက်ဟု သမုတ်ကြသော်လည်း မိုဝူကျီအတွက်တော့ ရွှေ ဖြစ်နေလေ၏။ သေမျိုးမှ အင်မော်တယ်အထိ တက်လှမ်းနိုင်သော တစ်ခုတည်းသော ကျင့်စဉ် ဖြစ်လေသည်။ သေမျိုးဝိညာဉ်ကြော ရှိသော သေမျိုးတစ်ယောက်အတွက် ထိုနာမည်တွင် မုသားများ မပါဝင်ကြောင်း သေချာလေသည်။
မိုဝူကျီက ခေါင်းမာသည်ကို မြင်သောအခါ ယန်ချင်ယင်က နားစပ်ကို ပွတ်ကာ ထပ်ပြောလိုက်လေသည် "အဲဆို ကောင်းပြီလေ.... မင်းက အင်မော်တယ် မော်တယ် ကျင့်စဉ်ကို ကျင့်ရင်တောင် တကယ့် တတ်ကျွမ်းသူ ဖြစ်ဖို့ ကျွမ်းကျင်မှုနဲ့ စွမ်းဆောင်ရည်တွေ လိုဦးမှာပဲလေ...... မင်းက ဝိညာဉ်တည်ဆောက်ခြင်း အဆင့်ကို တက်လှမ်းတဲ့အခါ အဲဒီစွမ်းအင် ကျင့်စဉ်တွေက အားကောင်းတဲ့ ကျင့်ကြံသူတွေအတွက်တောင် ဝှက်ဖဲ ဖြစ်လာနိုင်တယ်......."
ထိုစဉ် ယန်ချင်ယင်က ဆက်၍ မပြောတော့ပေ။ မိုဝူကျီက အစေခံတပည့်သာ ဖြစ်လေ၏။ သူ့တွင် ဆေးလုံးဖော်စပ်နိုင်စွမ်း ရှိသည်ကိုက အံ့ဩဖွယ် ဖြစ်နေပြီ ဖြစ်လေသည်။ သို့သော်လည်း သူ့ကျင့်ကြံခြင်းကား လိုအပ်နေ၍ သူ့ဝိညာဉ်ကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်မည် မဟုတ်လောက်ပေ။ ဝိညာဉ် တည်ဆောက်ခြင်းအဆင့်နှင့် သိမ်းသွင်းလျှင် ရိုးရှင်းလှလေ၏.........
ယန်ချင်ယင်က သက်ပြင်းချလိုက်ပြီး ပြောဆိုခြင်း ရပ်တန့်လိုက်လေသည်။ သူမက မိုဝူကျီ မသွားချင်သည့် အကြောင်းရင်းကို နားလည်လေ၏။ အကယ်၍ သူမသာ မိုဝူကျီနေရာတွင် ရှိနေပါက သူမလည်း သွားချင်မှာ မဟုတ်ပေ။ ထိုအဆင့်သို့ မရောက်နိုင်သောသူကို ဝိညာဉ်တည်ဆောက်ခြင်း အဆင့် စွမ်းအင်ကျင့်စဉ်များနှင့် ဖြားယောင်းခြင်းက သူသာ စွဲဆောင်ခံရပါလျှင် အထူးအဆန်း ဖြစ်နေမှာ အသေချာပင်။
စွမ်းအင်ကျင့်စဉ်တွေလား.......
မိုဝူကျီ မျက်လုံးတွင် အရောင်လက်လာလေသည်။ သာမာန်ကျင့်စဉ်များက သူ့အား မစွဲဆောင်နိုင်သော်လည်း စွမ်းအင်ကျင့်စဉ်က စွဲဆောင်နိုင်လေ၏။ ယန်ချင်ယင် စကားများနောက် အသံယောင် လိုက်ရင်း ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ရောက်သည့်အခါ စွမ်းအင်ကျင့်စဉ်က အလွန်အရေးပါလိမ့်မည်။ တကယ်တမ်းတွင် သူသည် စွမ်းအင် ကျင့်စဉ်များ၏ သဘောသဘာဝကို သိသော်လည်း သူ့၏ အခြေခံကျင့်စဉ်ကို ရဖို့ပင် အလွန့်လွန် ခက်ခဲလှပေ၏။ တချို့သော စွမ်းအင် ကျင့်စဉ်များရရန်က စိတ်ကူးယှဉ် အိမ်မက်သာ ဖြစ်လေသည်။
"စီနီယာ အစ်မယန်.... စွမ်းအင် ကျင့်စဉ်တွေရှိတာ သေချာရဲ့လား....." မိုဝူကျီ မျက်လုံးများကား မေးခွန်း မေးလိုက်ရင်း တဖြတ်ဖြတ် တောက်ပနေလေ၏။
ယန်ချင်ယင်က မိုဝူကျီကို ကြည့်လိုက်ရင်း ပြန်ဖြေလိုက်လေသည် "အဲလိုအရာတွေ ရှိတာတော့ ဘယ်လိုလုပ် သေချာသိမှာလဲ...ဒါပေမဲ့ အဲဒီနေရာက သဏ္ဍာန်မဲ့နတ်ဓားဂိုဏ်းရဲ့ စီနီယာ တစ်ယောက်က ချန်ထားခဲ့တာဆိုတော့ စွမ်းအင်ကျင့်စဉ် တချို့တော့ တွေ့မှာပါ......."
"စီနီယာ အစ်မယန်.... ကျွန်တော် ပါမယ်ဗျာ.... ကျွန်တော်က ဘာလုပ်ဖို့ လိုတာလဲ ပြောပါဦး...." မိုဝူကျီက ပြောဖို့ရာ မတွ့န်ဆုတ်နေတော့ပေ။
ယန်ချင်ယင်က မိုဝူကျီကို တအံ့တဩ ကြည့်လိုက်လေသည်။ အရင်က သူမသည် သူ့အား စွဲဆောင်ရန် အားများစွာ ထုတ်ခဲ့ရသော်လည်း သူသည် အနည်းငယ်မျှပင် စိတ်မဝင်စားပေ။ သို့သော် သူမ လက်လျော့မည့် အချိန်မှ သူက သူမနှင့် သွားရန် သဘောတူလိုက်လေသည်။
"မင်းက စွမ်းအင် ကျင့်စဉ်တွေ လိုချင်တာလား....." ယန်ချင်ယင်က မိုဝူကျီသည် စွမ်းအင် ကျင့်စဉ်များ လိုချင်ကြောင်း မှန်းဆမိလိုက်၏။
မိုဝူကျီက ခေါင်းညိတ်ပြလိုက်ပြီး "ဟုတ်တယ်..... ကျွန်တော် ဘာသာ ကာကွယ်ဖို့ စွမ်းအင် ကျင့်စဉ်တချို့ လိုချင်တယ်....... ကျွန်တော် ကျင့်ကြံဆင့်က နိမ့်နေတာဆိုတော့ ဘယ်လို ကူညီပေးရမှာလဲ......"
ယန်ချင်ယင်က အားရပါးရ ပြန်ပြောလိုက်လေသည် "မင်းက ကူညီနိုင်ရုံတင်မကဘူး အများကြီး ကူညီနိုင်တယ်.... အသက်ဓာတ်စုပ် သားရဲကို ကြားဖူးလား......"
သူမက စွမ်းအင်ကျင့်စဉ်များကို မိုဝူကျီထံ ရှင်းပြသည်က အသုံးမဝင်ကြောင်း သိ၍ လေးတွဲ့နေမိသည်။
မိုဝူကျီက ခေါင်းခါလိုက်လေ၏။ သူက ဆေးပင်များနှင့် ပတ်သတ်လာလျှင် ဗဟုသုတရှိသည်ဟု ယူဆ၍ ရသော်လည်း သားရဲများနှင့် နတ်ဆိုးသားရဲများတွင် သူကား လူသစ်သာ ဖြစ်လေ၏။
ယန်ချင်ယင်က မိုဝူကျီ အသက်ဓာတ်စုပ် သားရဲကို မသိသည့်အကြောင်းမှာ ထူးဆန်းလှသည်ဟု မထင်မိချေ။ သူမက ဂရုတစိုက် ရှင်းပြလိုက်လေသည် "အသက်ဓာတ်စုပ် သားရဲက သားရဲတွေထဲမှာ အတော်ကို အဖိုးတန်တယ်..... လူအများကြီးက အဲဒီသားရဲကို ရချင်ကြပေမဲ့လည်း မရရှိနိုင်ကြဘူး..... အဲဒီသားရဲမှာ စွမ်းရည်တစ်ခုပဲ ရှိတယ်..... သူများတွေရဲ့ အသက်ဓာတ်ကို ခိုးပြီး စုပ်ယူတာပဲ...... အသက်ဓာတ်ကို ဆေးပင်တွေက ဖြစ်စေ ကျင့်ကြံသူတွေဆီက ဖြစ်စေ အသက်ဓာတ်ရှိသရွေ့ စုပ်ယူနိုင်တယ်..... "
"စီနီယာ အစ်မယန်..... အဲဆို ဒီမှာ အသက်ဓာတ်စုပ် သားရဲရှိတယ်လို့ ပြောတာလား...... အဲဒါကြောင့် ဆေးပင်တွေရဲ့ အသက်ဓာတ်အားလုံး စုပ်ယူခံလိုက်ရပြီး ခြောက်သွေ့သွားကြတာလား......"
ယန်ချင်ယင်က ပြန်ဖြေလိုက်လေသည် "အမှန်ပဲ.... ဒါပေမဲ့လည်း ဆေးပင်တွေက အသက်ဓာတ်တွေက အဲဒါကြောင့် စုပ်ယူခံလိုက်ရတာလားတော့ မသေချာဘူး..... သားရဲပိုင်ရှင်ရဲ့ လက်ချက်လည်း ဖြစ်နိုင်တယ်...... ဒီနေရာမှာ သားရဲက မှော်ဆန်ဆန် ပေါ်လာတာတော့ မဖြစ်နိုင်ဘူး...... တစ်ယောက်ယောက်ကသာ ခေါ်ခဲ့လို့ မဟုတ်ဘူးဆိုရင် အသက်ဓာတ်စုပ် သားရဲက နတ်ဓားတောင်ထဲ ဝင်နိုင်မယ် ထင်လား......"
မိုဝူကျီ မျက်နှာတွင် လေးနက်သော အမူအယာ ဖြတ်ပြေးသွားလေသည်။ သူသည် အရင်တုန်းက အသက်ဓာတ်စုပ် သားရဲကို မမြင်ဖူးချေ။ သို့သော် ယန်ချင်ယင်၏ ပုံစံအရ သူ့အတွက် အတော်အလှမ်းကွာကာ အင်အားကြီးမည် ဖြစ်ကြောင်း သိလိုက်သည်။ အကယ်၍ ပိုင်ရှင်နှင့်သာ ထိပ်တိုက်ဖြေရှင်းရလျှင် သေခြင်းကို လက်ယပ်ခေါ်နေခြင်းသာ ဖြစ်ရမည်။
မိုဝူကျီ အတွေးများကို ထိုးဖောက်သိနေသကဲ့သို့ ယန်ချင်ယင်က ပြုံးကာ ပြန်ပြောလိုက်လေသည် "အရမ်း စိုးရိမ်ဖို့ မလိုပါဘူးတကယ်လို့ ဒီသားရဲငယ်လေးကို ဒီအတိုင်း ထားခဲ့ပုံ ထောက်ရင် ..... အသက်ဓာတ်စုပ် သားရဲ ပိုင်ရှင်က မရှိလောက်တော့ဘူး....ပြီးတော့ ငါ ထွက်ပြေးလာတုန်းက သားရဲက အလွန်ဆုံး အဆင့်သုံး သားရဲအဆင့်ပဲ ရှိသေးတယ်....ငါတို့ရဲ့ အဆင့်အနေနဲ့ဆိုရင် လူသားအဆင့်လွန်နဲ့ အဆင့်တူတယ်.....သားရဲသာ ငါ့ကို ရုတ်တရက် တိုက်ခိုက်တာ မဟုတ်ရင် ဒီလိုမျိုး ဆိုးရွားလှတဲ့ ရလဒ်ဖြစ်လာမှာ မဟုတ်ဘူး......"
လူသားအဆင့်လွန်ဖြစ်နေသော အဆင့်ကို ငယ်သည်ဟု ယူဆ၍ ရသည်လား......
နောက်တစ်ဆင့်သာ ထပ်တက်လျှင် ယွန်ဒန်အဆင့်သို့ ရောက်ပေတော့မည်။ ထိုအဆင့်ကား စိတ်ကူးယဉ် မြေကမ္ဘာအဆင့်ထဲမှ တစ်ခု ဖြစ်လေ၏။
"အဲဆို စီနီယာ အစ်မယန် က ဘယ်အဆင့်လဲ...... " မိုဝူကျီက တခြားသူများ၏ ကျင့်ကြံဆင့်ကို မေးခြင်းက ရိုင်းမှန်း သိသော်ငြား ထိုကိစ္စတွင် သူ့အသက်လေးပါ ပါဝင်နေသည် မဟုတ်ပါလော။ ထို့ကြောင့် မေးကြည့်ရန် လိုအပ်လေသည်။
"ငါက လူသားအဆင့်လွန် ပြီးပြည့်စုံအဆင့်ပဲ..... တကယ်လို့ ငါတွေ့ခဲ့တာက အသက်ဓာတ်စုပ် သားရဲ မဟုတ်ဘူးဆိုရင် အဲနေရာကို ဝင်ဖို့ အကူအညီ လိုမှာမဟုတ်ဘူး...." ယန်ချင်ယင်က ပြတ်ပြတ် ပြောလိုက်လေသည်။
မိုဝူကျီက စိတ်ထဲတွင် ငြီးတွားနေလေ၏။ သူမသည် အသက်ဓာတ်စုပ် သားရဲနှင့် အဆင့်တူတွင် ရှိနေသေးသည် ဖြစ်ကာ မည်ကဲ့သို့ သူမက ဖြေရှင်းနိုင်လိမ့်မည်ဟု သေချာနေသနည်း။ ထို့အပြင် သူ့ကျင့်ကြံဆင့်က နိမ့်သည့်အတွက် မည်ကဲ့သို့ အကူညီ ဖြစ်မည်နည်း။
"ဂျူနီယာ မောင်လေးမို..... ငါ့မှာ မူလအသက်ဆေးလုံး ဖော်စပ်နည်း ရှိတယ်.... အဆင့်နှစ် ဆိုပေမဲ့ မင်းရဲ့ အသက်ဓာတ်ကိုတော့ ပြန်လည် ဖြည့်တင်းပေးပြီး လျော့နည်းခြင်းကို ကာကွယ်ပေးလိမ့်မယ်..... ဒါပေမဲ့ ဆိုးကျိုးတစ်ချက် ရှိတယ်.... ဆေးစွမ်းက ခဏတာပဲ ခံမယ်.... ဖော်စပ်ပြီး တစ်ခါတည်း စားဖို့ လိုအပ်တယ်....."
ယန်ချင်ယင် စကားဆုံးသည်ကို မစောင့်ဘဲ မိုဝူကျီက သူမ၏ ရည်ရွယ်ချက်ကို နားလည်သွားလေ၏ "စီနီယာ အစ်မယန်..... ကျွန်တော်ကို ခင်ဗျားနောက်လိုက်ပြီး မူလအသက်ဆေးလုံးကို ဖော်စပ်ဖို့ ကူညီစေချင်တာလား......"
ယန်ချင်ယင်က ခေါင်းညိတ်ပြလိုက်ပြီး "ဟုတ်တယ်..... ငါက သားရဲ တိုက်ခိုက်မှုတွေကို ကာပေးထားမယ် မင်းက ဆေးလုံးဖော်ရုံပဲ..... ငါတိုက်နေတုန်းမှာ မင်းက ဆေးလုံးကို ငါ့ပါးစပ်ထဲ ထည့်ပေးရမယ်....."
သူ့အကူအညီ လိုအပ်သည်မှာ မထူးဆန်းတော့ချေ။ သူမက သူ့အား ဆေးလုံးဖော်စပ်ရန် လိုအပ်ခြင်း ဖြစ်လေ၏။ သူမ၏ အစီအစဉ်ကို နားထောင်ပြီး မိုဝူကျီက ကိုးရို့ ကားယား ပြောလိုက်လေသည် "ဒါပေမဲ့ စီနီယာ အစ်မယန် ကျွန်တော်က အခုမှ အဆင့်တစ် ဆေးလုံးဆရာ ဖြစ်ခါစလေ......"