အခန်း (၇၀) : အမှောင်ထုထဲ
ဆေးဖော်စပ်ခန်း ၁၉ ကား မိုဝူကျီ နေရာနှင့် တော်တော်လေး အလှမ်းကွာ၏။ သူသည် လမ်းတလျှောက်လုံး အမြန်ပြေးလာခဲ့သော်လည်း ဆေးဖော်စပ်ခန်း ၁၉ ဝင်ပေါက်သို့ ရောက်ရန် သုံးမိနစ် အချိန်ယူခဲ့ရ၏။
ဆေးဖော်စပ်ခန်း တစ်ခုချင်းစီတွင် ဆေးလုံး စမ်းသပ်ခန်း ကိုယ်စီ ရှိကြ၏။ ထို့ကြောင့် ဆေးဖော်စပ်ခန်း ၁၉ နှင့် သက်ဆိုင်သော ဆေးစမ်းသပ်ခန်းကား ဆေးစမ်းသပ်ခန်း ၁၉ပင် ဖြစ်၏။ မိုဝူကျီသည် အဘယ်ကြောင့် ဆေးဖော်စပ်ခန်း ၁၉ တွင် ဆေးလုံးဖော်စပ်သူ အနည်းငယ်ပင် လာရောက်ဖော်စပ်ကြောင်း သိရှိသွားလေ၏။
အဖြေကား ဆေးလုံးဖော်စပ်မှု အောင်မြင်နှုန်းသည် ဤဆေးဖော်စပ်ခန်းတွင် အလွန်နိမ့်လေ၏။ မည်သူမဆို ဤနေရာသို့ လာရောက် ဆေးဖော်စပ်လျှင် တခြားသော ဆေးဖော်စပ်ခန်းများထက် ကျရှုံးမှုနှုန်း ပို၍ မြင့်မားပေ၏။ ခြားနားချက်ကား ရာခိုင်နှုန်း အနည်းမျှပင် မကချေ။ လူတော်တော်များများက ထိုအကြောင်းကို ကြားသောအခါ သူတို့သည် ဆေးဖော်စပ်ခန်း ၁၉ သို့ လာရောက်ခြင်းကို ရပ်တန့်လိုက်ကြသည်။
ဝူခိုင်း၏ မိုဝူကျီအတွက် ဤနေရာတွင် အလုပ်လုပ်ရန် စီစဉ်ပေးမှုသည် မိုဝူကျီက ဤအတွက် အမြဲကျေးဇူးတင်ရမည့်ပုံ ပေါ်နေ၏။ သို့သော် ထိုသည်က မိုဝူကျီ၏ အနာဂတ် အလားအလာများကို ချိုးနှိမ်ထားခြင်းသာ ဖြစ်သည်။ ထို့အပြင် မိုဝူကျီ၏ ဆေးလုံးများအကြောင်း ပိုမိုသိရှိလိုသည့် ရည်ရွယ်ချက်ကို ဝူခိုင်းက အစကတည်းမှ သိလေ၏။
ဤနေရာတွင် ဆေးလုံးဖော်စပ်သူ မရှိဘဲ သူသည် မည်သို့ သင်ယူနိုင်မည်နည်း......
အမှန်က ဝူခိုင်းတွင် မိုဝူကျီအား ဆေးဖော်စပ်ခြင်း မသင်ယူနိုင်ရန် ဆန္ဒရှိလေ၏။ ပြောရလျှင် မိုဝူကျီသည် နှစ်၁၀၀နေ၍ သင်ယူလျှင်ပင် ဘာမှ ဖြစ်ဖြစ်မြောက်မြောက် ဖြစ်လာမည် မဟုတ်ပေ။ သို့သော်လည်း ဝူခိုင်းက မိုဝူကျီသည် ဆေးလုံးဖော်စပ်ခြင်း ပါရမီရှင် ဖြစ်နိုင်ချေနှင့် ဆေးလုံးသခင်၏ တပည့်အဖြစ် လက်ခံနိုင်ချေကို ထည့်သွင်း မစဉ်းစားလိုပေ။
အကယ်၍ မိုဝူကျီက ဆေးလုံးသခင်၏ တပည့်ဖြစ်လာပါက သူသည်ပင် ဦးညွှတ်၍ အရိုအသေပေးရမည့် အဖြစ်ကို စိတ်ကူးကြည့်၍ မရပေ။
"မင်းက စည်းကမ်းတွေကို မသိဘူးလား.... ဘာလို့ နောက်ကျနေတာလဲ..."
မိုဝူကျီသည် ဆေးဖော်စပ်ခန်းသို့ ခြေချလိုက်သည်နှင့် အထဲမှ ဒေါသထွက်နေသည့် အသံကို ကြားလိုက်ရ၏။
မိုဝူကျီ၏ နားစည်ကွဲလုမတတ် ဖြစ်လာသောကြောင့် ခြေနှစ်လှမ်း နောက်ဆုတ်လိုက်လေသည်။ သူ့ကို အော်လိုက်သည့် လူကို တွေ့လိုက်ရသည့်အခါ ထိုလူတွင် ရှုပ်ယှက်ခတ်နေသော မုတ်ဆိတ်မွေးများနည်းတူ ရှပ်ပွနေသော ဆံပင်များရှိ၏။ ထို့အပြင် သူ့ခန္ဓာတွင် ဆေး အပေအကျံများ တင်ရှိနေလေသည်။
မိုဝူကျီက ဆက်၍ မကြည့်ရဲဘဲ အလျှင်အမြန် အရိုအသေ ပြုလိုက်လေ၏ "သခင်လိုမျိုး ဆေးလုံးသခင်တစ်ယောက်နဲ့တွေ့ဖို့ ကျွန်တော် ပြင်ဆင်နေရလို့ပါ.... အဲဒါကြောင့် ကျွန်တော် နောက်ကျနေတာပါ....."
တကယ်တမ်းက မိုဝူကျီသည် အိပ်စက်ချိန်ပင် မရခဲ့ပေ။ မိုဝူကျီသည် သူ့နေရာနှင့် ဤနေရာက ကွာဝေးလွန်းကြောင်း ပြောမိလျှင် ကြာပွတ် ပြစ်ဒဏ်ခံရမည်ကို စိုးရိမ်မိလေ၏။
မိုဝူကျီအပေါ် လူအိုကြီး၏ အသံနှင့် သဘောထားသည် မိုဝူကျီ၏ ရှင်းပြချက်ကို နားထောင်ပြီးသည့် အချိန်တွင် ပြောင်းလဲသွားလေသည်။ ထို့အပြင် သူက မိုဝူကျီကို ခေါ်လိုက်သည့်အခါ ကောင်းကင်တွင် အလင်းရောင်မှိန်ပျပျ ပင် ရှိသေး၏။
"ငါ့ စာရွက်ကိုယူပြီးတော့ ဝိညာဉ်ဆေးပင် သိုလှောင်ခန်းကနေ ဆေးပင်တွေ သွားယူလာခဲ့....မြန်မြန်လုပ်..... တစ်စက္ကန့်လောက် နှောင့်နှေးရင် ဒီမှာ အလုပ်လုပ်ဖို့ မေ့ထားလိုက်တော့..... " လူအိုကြီးက မိုဝူကျီကို ကျောက်စိမ်း အပိုင်းလေးနှင့်အတူ သားရေစာရွက်ကိုပေးကာ ပြောပြီးနောက် ဆေးဖော်စပ်ခန်းသို့ ပြန်ဝင်သွားလေ၏။
မိုဝူကျီက သူ့နှင့် ပြဿနာဖြစ်ရမည်ကို ထိတ်လန့်မိ၏။ ထို့ကြောင့် ဝိညာဉ်ဆေးပင် သိုလှောင်ခန်းသို့ ခြေသုတ်တင် ပြေးတော့သည်။
သဏ္ဍာန်မဲ့နတ်ဓားဂိုဏ်း၏ ဝိညာဉ်ဆေးပင် သိုလှောင်ခန်းသည် မိုဝူကျီ အရင်က စပ်စုခဲ့သည့် အလုပ်ခန်းမအတွင်း တည်ရှိလေ၏။ အလုပ်ခန်းမတွင် အစေခံတပည့်များက ကျင့်ကြံခြင်းအတွက် အရင်းအမြစ်များကို လာရောက်စုဆောင်းတတ်ကြကာ ချမှတ်ထားသော တာဝန်မစ်ရှင်များနှင့်တောင်းဆိုချက်များအပြင် သူတို့၏ ရမှတ်များလည်း ရရှိနိုင်လေသည်။ ထို့အပြင် ရမှတ်များရှိသရွေ့ သူလိုချင်သမျှ ဝယ်ယူနိုင်လေသည်။ အချုပ်အားဖြင့် ဤနေရာကား သဏ္ဍာန်မဲ့နတ်ဓားဂိုဏ်းတစ်ခုလုံးတွင် အစည်ကားဆုံးနေရာ ဖြစ်သည်။
မိုဝူကျီသည်သာ ရမှတ်မရရှိသေးသော တစ်ဦးတည်းသော အစေခံတပည့် ဖြစ်ကာ ရမှတ်များကို စုဆောင်းနိုင်သည့် အရည်ချင်းပြည့်မှီရန် အနည်းဆုံး တစ်နှစ်လောက် အလုပ်အကျွေးပြုရန် လိုအပ်ပေ၏။
မိုဝူကျီက သားရေစာရွက်ကို ကြည့်ကာ ဆေးလုံးဖော်မြူလာ ဖြစ်နိင်ကြောင်း မှန်းဆမိလိုက်၏။
စာရွက်တွင် မိုဝူကျီ သိသည့် အမျိုးအမည် ဆယ်မျိုးနှင့် အထက် ပါရှိပြီး သံဓာတ်ကြွယ်ဝသော အစက်ပျောက်ပန်း၊ မီးခိုရောင် လျှော်စေ့၊ အစိမ်းရောင် နဂါးမောက်သီး အစရှိသဖြင့် ပါဝင်လေ၏။ ဆေးပင်များ၏ ပင်ကိုယ် လက္ခဏာအရ မိုဝူကျီသည် ထိုဖော်မြူလာကား တည်ငြိမ်မည့် ဆေးဖြစ်နိုင်ကြောင်း ခန့်မှန်းမိလိုက်၏။ ထိုသည်က ဝိညာဉ်လမ်းကြောင်းမျာကို တည်ငြိမ်နိုင်သည့် ဆေးဖြစ်လိမ့်မည်။
မိုဝူကျီသည် အရင်က တခါမှ မမြင်တွေ့ဖူးသော်လည်း ထိုဖော်မြူလာတွင် တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိလိုက်၏။ သူ့ဆေးဖော်စပ်နိုင်စွမ်းက ထိုလူအိုထက် သာလွန်နေခြင်း မဟုတ်ပေမဲ့ ဆေးနည်းစာအုပ်မှ သူ့ဗဟုသုတများနှင့် ဆေးပင်များ၏ ပင်ကိုယ် လက္ခဏာကြောင့်သာ ဖြစ်၏။
အစက်ပျောက်ပန်းနှင့် တိမ်တိုက်ဝါးနု ရောစပ်လိုက်ခြင်းသည် အစိမ်းရောင် နဂါးမောက်သီး၏ ဆေးအာနိသင်ကို မတည်မငြိမ် ဖြစ်စေလိမ့်မည်ဟု သူ့အနေနှင့် ယုံကြည်၏။ အပင်တစ်ပင်မှ အဆင့်မြင့် ဝိညာဉ်ဆေးပင်များပင် ဖြစ်နိုင်ကြောင်း ယုံကြည်မိသည်။ ဝိညာဉ်ဆေးပင်များလျှင် ဇီဝဗေဒ၏ သဘောသဘာဝမှ ဘယ်တော့မှ မလွတ်မြောက်နိုင်ပေ။
အစက်ပျောက်ပန်းနှင့် တိမ်တိုက်ဝါးနုတို့ကို ဆေးနည်းစာအုပ်မှ ဖော်ပြချက်အရ သူတို့နှစ်ခု၏ ရောစပ်မှုသည် အစိမ်းရောင် နဂါးမောက်သီး၏ သစ်သားဓာတ်ကို ပျောက်ဆုံးစေလိမ့်မည်။ ဆေးလုံးဖော်စပ်သူ အများစုသည် အစိမ်းရောင် နဂါးမောက်သီးကို အသုံးပြုသည်မှာ သူ့၏ သစ်သားဓာတ်ကြွယ်ဝမှုကြောင့် ဖြစ်ကာ ထိုအရာ၏ ဓာတ်များ ဆုံးရှုံးသွားပါက သုံးရန် အကြောင်းမရှိတော့ပေ။
အဆင့်မြင့် ဆေးလုံးဖော်စပ်သူက ထိုအရာသုံးမျိုးကို ထိန်းချုပ်နိုင်စွမ်းရှိသည်မှာ မှန်ကန်ပေ၏။ သို့သော်လည်း မိုဝူကျီက ထိုလူအိုသည် ထိုမျှ စွမ်းဆောင်နိုင်လိမ့်မည်ဟု မယုံကြည်ပေ။
မိုဝူကျီတွင် ဆေးလုံး အောင်အောင်မြင်မြင် ဖော်စပ်နိုင်ရန် ထိုအစိမ်းရောင် နဂါးမောက်သီးသည် မည်မျှ အရေးပါ၍ အရေးကြီလှကြောင်း မသိပေ။
ဆေးလုံးသခင်ရှီရဲ့ ရည်ရွယ်ချက်က အစိမ်းရောင် နဂါးမောက်သီးမှ သစ်သားဓာတ်ကို လျော့ကျစေဖို့ဆိုတာ မည်သူသိမည်နည်း......
မိုဝူကျီက ထပ်မစဉ်းစားတော့ပေ။ သူသည် ဆေးပင်တစ်ခုချင်းစီ၏ ပင်ကိုယ် လက္ခဏာကို နားလည်ရုံမျှသာ ရှိသေး၏။ သူက ဆေးနည်း ဖော်မြူလာများကို လုံးဝ မသိရှိသေးချေ။
အလုပ်ခန်းမတွင် မနက်စောစောကတည်းက အလုပ်ရှုပ်ကာ စည်ကားနေလေ၏။ မိုဝူကျီက ဝိညာဉ်ဆေးပင် သိုလှောင်ခန်းသို့ သွားလိုက်ပြီး ကျောက်စိမ်းနှင့်အတူ သားရေစာရွက်ကိုပါ "ဆေးဖော်စပ်ခန်း ၁၉" ဟု ပြောရင်း လှမ်းပေးလိုက်သည်။
ဝိညာဉ်ဆေးပင်များကို စီစဉ်ပေးရသည့် လူက မြင်လိုက်သောအခါ ရယ်မောလိုက်ပြီး မိုဝူကျီ လိုသည့်အရာများကို စနစ်တကျ ထုတ်ပေးလိုက်လေသည်။
"ဆေးဖော်စပ်ခန်း ၁၉ က အားယားနေပုံပဲ....." တာဝန်ရှိ လူက မိုဝူကျီကို ဆေးပင်များ လှမ်းပေးရင်း ပြောလိုက်သည်။
မိုဝူကျီက သူ့၏ ထေ့ငေါ့မှုကို မခံစားရသောကြောင့် ရယ်မောရင်း ပြန်ဖြေလိုက်သည် "ဟုတ်ပါ့ဗျာ.... လဝက်အတွင်း ပထမဆုံး အလုပ်ရှိတာပဲဗျို့....."
တာဝန်ရှိသူက ရုတ်တရက် အံ့ဩပြီး ရေရွတ်လိုက်လေသည် "ညီလေး.... မြန်မြန်သာ နေရာပြောင်းဖို့ လုပ်တော့....."
"ဘာလို့လဲ....."
"မင်းက ဒီဖော်မြူလာက ဘာအတွက်ဆိုတာရော သိရဲ့လား...ဒီဖော်မြူလာက ဆေးလုံးသခင်ရှီ လိုအပ်နေတဲ့ ဝိညာဉ်လမ်းကြောင်း တည်ခြင်းဆေးလုံးဖော်စပ်ဖို့ကွ.....ကြားတာကတော့ ဒီဆေးလုံးက ဝိညာဉ်လမ်းကြောင်းတွေကို တည်ရှိစေပြီးတော့ ကျင့်ကြံသူဖြစ်လာစေတဲ့ အလားအလာ ရှိတယ်.... ဒီဆေးက အဆင့်သုံး ဝိညာဉ်ဆေးလုံးထဲ ပါတာ...ဆေးလုံးသခင်ရှီက အဆင့်နှစ် ဆေးလုံးတွေပဲ ဖော်စပ်နိုင်လို့ အဲကြောင့် သူ့အတွက် အရမ်းခက်ခဲတယ်.... မင်းကို သတိပေးတာ...ဆေးလုံးသခင်ရှီက သူ့စမ်းသပ်မှု ကျရှုံးတိုင်း လူလဲလေ့ရှိတယ်..... သူက စမ်းသပ်ခန်းနဲ့အတူ သူ့အောက်က အစေခံတွေပါ ပြောင်းပစ်လေ့ရှိတယ်...."
မိုဝူကျီက ထိုအရာကို ကြားပြီး စိုးရိမ်လာလေ၏။ သူ့စွမ်းဆောင်ရည်ကို အပြစ်တင်ရမည့်အစား အစေခံအပေါ် မည်သို့ ပုံချရဲတာလဲ....အကယ်၍ ထိုအရာသာ အမှန်ဖြစ်ပါက သူသည် ဝရုန်းသုန်းကား အခြေအနေအတွင်းသို့ ကျရောက်နေလေပြီ။ အကယ်၍ ဆေးလုံးသခင်ရှီမှ မောင်းထုတ်ခြင်း ခံလိုက်ရပါက ဝူခိုင်းက ဆေးလုံးသခင်ရှီကို ဖြောင့်ဖြပေးကာ သွေးပဒုမ္မာကြာကန်တွင် ဆက်နေခွင့်ပေးမလားတော့ သံသယဖြစ်မိလေ၏။
မိုဝူကျီက နောက်ဆုံးတွင် အတည်တကျ ဖြစ်ကာ ကျင့်ကြံနိုင်သည့် နေရာကို တွေ့ရှိပြီး အနာဂတ်တွင် ကျင့်ကြံခြင်းအကြောင်း ပိုမို သိရှိရန် အခွင့်အရေး ရကာစ ဖြစ်လေ၏။ သူသည် ထွက်မသွားချင်ပေ။
သူက မိုဝူကျီ၏ ကြောင်တောင်တောင် ပုံစံကို သတိပြုမိပြီး တာဝန်ခံက ဆက်ပြောလိုက်လေ၏ "ညီလေး... မင်း မြန်မြန်သွားပြီး ဆေးပင်တွေ သွားပေးတာ ကောင်းလိမ့်မယ်... ပြီးတော့ အဖြေရှာဖို့ တာဝန်ခံဝူကို ရှာကြည့်ပေါ့....."
မိုဝူကျီက ဆေးဖော်စပ်ခန်း ၁၉ သို့ရောက်လာခြင်းမှာ တာဝန်ခံဝူက နောက်ကွယ်က ရှိကြောင်း ယုံကြည်၏။
"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို....ဒါနဲ့လေ. ဒီမှာ ရေဗေဒါပင် ရှိလား......" မိုဝူကျီက သူ့အတွက်သူ မေးခြင်း ဖြစ်လေသည်။ အစက်ပျောက်ပန်းနှင့် တိမ်တိုက်ဝါးနုတို့ နှစ်မျိုးကို ရည်ရွယ်ချက်ရှိရှိ အသုံးပြုခြင်း မဟုတ်လျှင် ဆေးလုံးသခင်ရှီ၏ ပေါ့ဆမှုကြောင့်သာ ဖြစ်နိုင်လေသည်။
အမျိုးသားက ခေါင်းညိတ်ပြလိုက်ပြီး "ရှိတယ် ဒါပေမဲ့ ဆေးလုံးသခင်ရှီရဲ့ စာရင်းထဲ မပါဘူး တကယ်လို့ ကိုယ်တိုင် ဝယ်ချင်ရင် မင်းရဲ့ ရမှတ်နဲ့ လဲလို့ ရမယ်....."
မိုဝူကျီက အနည်းငယ် ရှက်ရွံစွာ ပြောလိုက်လေသည် "ကျွန်တော့်မှာ ရွှေပြားပဲ ပါတယ်.. ကျွန်တော်က ရမှတ်တွေ စုဆောင်းဖို့ အရည်ချင်းမမှီသေးဘူး...... ရွှေပြား တစ်ထောင်ဆိုရင်ရော ရေဗေဒါအတွက် လဲလှယ်လို့ ရနိင်မလား....."
အမျိုးသားက ရေဗေဒါပင်ကို ချက်ချင်း ထုတ်ယူလိုက်ပြီး "ရေဗေဒါက အတွေ့များတော့ အများဆုံး ရွှေပြား တစ်ရာဆို လုံလောက်ပါပြီ....."
"စီနီယာအစ်ကို ကို ကျေးဇူးတင်ပါတယ်......ကျွန်တော် နာမည်က မိုဝူကျီပါ......" မိုဝူကျီက ငွေရရှိမည့် အခွင့်အရေးကို မယူသည့် ထိုသို့သော အကျင့်ကောင်းသော လူကို အမှန်တကယ် ကျေးဇူးတင်လိုက်သည်။
"ငါ့နာမည်က ဖေးပင်းကျူပါ..... မြန်မြန်ပြန်တော့ ဆေးလုံးသခင်ရှီရဲ့ ဒေါသက သိပ်မကောင်းဘူးကွ....." အမျိုးသားက မိုဝူကျီကို ထပ်၍ သတိပေးလိုက်သည်။
မိုဝူကျီက နှုတ်ဆက်ကာ အလျှင်အမြန် ထွက်လာလိုက်သည်။ သူသည် ရေဗေဒါကို လိုခြင်းမှာ အစိမ်းရောင်နဂါးမောက်သီး၏ ဂုဏ်သတ္တိကို ထိန်းထားနိုင်စွမ်း ရှိသောကြောင့် ဖြစ်၏။ ထို့အပြင် ဆေးဖော်စပ်မှု အောင်မြင်နှုန်းကို တိုးမြင့်လာစေလိမ့်မည်။
ဆေးစာအုပ်၏ အစပျိုးချက်အရ အစက်ပျောက်ပန်းနှင့် တိမ်တိုက်ဝါးနုတို့ကို ပေါင်းစပ်ခြင်းက ရွှေရောင်စွမ်းအင်တွေ ရရှိလာလိမ့်မည်။ စွမ်းဆောင်နိုင်စွမ်း ရှိသည့် ဆေးလုံးဖော်စပ်သူ ဆိုလျှင် ထိုရွှေရောင်စွမ်းအားကို ဆေးအရည်အသွေး တိုးလာအောင် အသုံးပြုနိုင်လိမ့်မည်။ သို့သော်လည်း မကျွမ်းကျင်သည့် ဆေးလုံးဖော်စပ်သူအတွက် ရွှေရောင်စွမ်းအားကို တလွဲအသုံးပြုပြီး အစိမ်းရောင် နဂါးမောက်သီး၏ အာနိသင်ကို ပျက်ပျယ်စေလိမ့်မည်။ ရေဓာတ်ကြွယ်ဝသော ရေဗေဒါက သစ်သားစွမ်းအင်ကို အစိုပြန်အောင် ပြုလုပ်ပေးပြီး သစ်သားစွမ်းအင်ကုန်ဆုံးခြင်းမှ လျော့ချပေးလိမ့်မည်။
မိုဝူကျီက နောက်ဆုံး ဆေးလုံးရလဒ်တွင် အကျိုးသက်ရောက်မည်ကို စိုးရိမ်သောကြောင့် ရွှေရောင်စွမ်းအားကို ထိန်းချုပ်ပြီး အသုံးမပြုရဲပေ။ သို့သော်လည်း ယခု အစိမ်းရောင် နဂါးမောက်သီး၏ ဆေးအာနိသင်ကို လိုအပ်ကြောင်း သိလိုက်ရသည့်အတွက် ရေဗေဒါကို ထည့်၍ အသုံးပြုနိင်လေ၏။ တခြားစကားဖြင့် ဆိုရလျှင် တတိယအဆင့် ဆေးလုံးကို အဆင့်နှစ်ဆေးလုံးကို ရေဗေဒါထည့်သုံးပေးခြင်းဖြင့် ဖော်စပ်နိုင်လေ၏။ တစ်ခုတည်းသော ဆိုးကျိုးကား ဆေးအရည်အသွေးက အနည်းငယ် လျော့ကျသွားနိုင်လေသည်။
မိုဝူကျီက ရေဗေဒါကို ဒီအတိုင်း ယူမသွားနိုင်ချေ။ သူက ရေဗေဒါကို ပေါင်းစပ်မှုတွင် ထည့်ပြီးနောက် ထိုပေါင်းစပ်မှုကို အစိမ်းရောင် နဂါးမောက်သီး၏ အပေါ်ယံအလွှာတွင် ဖြန့်ပေးရမည် ဖြစ်၏။
ထိုချည်းကပ်မှု၏ အောင်မြင်နိုင်နှုန်းသည် ကံပေါ် မူတည်လေသည်။ အကြောင်းရင်းမှာ မီးကို ကောင်းကောင်း မထိန်းချုပ်နိုင်ပါက ရေဗေဒါ၏ အာနိသင်သည် ကွယ်ပျောက်သွားပြီး အသုံးမဝင် ဖြစ်သွားလိမ့်မည်။ မိုဝူကျီသည် သူ့ကံကို ယုံ၏။ အကြောင်းမှာ အဆိုးရွားဆုံး အခြေအနေတွင် သူက ထွက်သွားရုံသာ ဖြစ်လေသည်။
စာစဉ် (၅) ပြီးပါပြီနော်