အခန်း (၆၇) : ဂိုဏ်းသို့ ဝင်ရောက်ခြင်း
"သူမက ဘယ်သူလဲ....." ချင်ရှုန်းယုက မိုဝူကျီကျောပေါ်က ယန်အာကို သတိပြုမိလိုက်ကာ မေးလိုက်လေ၏။ မိုဝူကျီကို နှုတ်ဆက်ပြီးသည့်နောက်တွက် သူမက ယန်အာကြောင်း မေးကြည့်လိုက်သည်။
မိုဝူကျီက ပြန်ဖြေလိုက်၏ "သူမက ငါရဲ့ မိသားစုဝင်ပါ... သူမ အခြေအနေက တော်တော်ဆိုးနေတယ် အဲကြောင့် ငါနဲ့အတူတူ ခေါ်လာခဲ့လိုက်တာ...."
ချင်ရှုန်းယုက ချက်ချင်း ပြန်ပြောလိုက်၏ "ရပါတယ်... အစေခံ တပည့်အများစုက သူတို့မိသားစုကိုပါ ခေါ်လာလေ့ရှိတယ်.... အချိန်တစ်ခုကြာပြီးသွားရင် မိသားစုဝင်တွေလဲ အစေခံတပည့် အဖြစ် ဝင်လို့ရတယ်....."
နှစ်ယောက်သား စကားပြောရင်း ဝန်းထဲသို့ လျှောက်လှမ်းလာကြသည်။
"ဂိုဏ်းတူညီမလေးချင်....."
"ဂိုဏ်းတူအစ်မချင်...."
........
........
မိုဝူကျီက ချင်ရှုန်းယုနောက်မှ လိုက်လာရင်း လမ်းတလျှောက်ရှိ များစွာသော လူများက သူမကို နှုတ်ဆက်ကြ၏။ ကြည့်ရသည်မှာ ချင်ရှန်ုးယုကား ဤနေရာတွင် နာမည်ကြီးကာ ကောင်းကောင်းဆက်ဆံခံရပုံပေါ်၏။
ချင်ရှန်ုးယု နာမည်ကြီးသည့်အချက်ကား သူမ၏ လှပသောပုံပန်း သဏ္ဍာန်အပြင် သူ့မောင်လးကြောင့်လဲ ပါနိုင်သည်ဟု မိုဝူကျီက မှန်းဆလိုက်မိ၏။ သူသည် သေချာပေါက် အဆင့်နိမ့်ထဲမှ မဟုတ်ပေ။
"မင်း မောင်လေးရော ဒီမှာပဲလား... ငါ သူ့ကို ကျေးဇူးတင်သင့်တယ်လို့ ထင်တယ်... " မိုဝူကျီက မေးလိုက်လေသည်။ သဏ္ဍာန်မဲ့နတ်ဓားဂိုဏ်းသို့ ဝင်နိုင်ခြင်းမှာ ချင်ချန်းကြောင့် ဖြစ်၏။ အကယ်၍ ချင်ချန်းသာ ဤနေရာတွင် ရှိပါက သူ့ကို ကျေးဇူးတင်ချင်သည်။
"သူက သွားပြီ..... အဖြစ်အပျက် အကြီးကြီး ဖြစ်လာတော့မယ်လို့ ကြားလိုက်တယ်.... အဲကြောင့် သူပိုပြီး ကျင့်ကြံဖို့ လိုအပ်တယ်ဆိုပြီး ပြောသွားတယ်....." ချင်ရှန်းယုက ရှင်းပြလိုက်လေသည်။
မကြာခင်တွင် နှစ်ယောက်သား အခန်းတစ်ခု၏ အပြင်ဘက်သို့ ရောက်ရှိလာ၏။ မိုဝူကျီက "အစေခံတပည့် မှတ်သားရေးဌာန" ဟု ရေးထွင်းထားသော ဆိုင်းဘုတ်ကို တွေ့သည်။ ထိုသည်က အစေခံဖြစ်ခြင်း အတွက် မှတ်ပုံတင်ရမည့် နေရာ ဖြစ်လောက်၏။
ချင်ရှန်ုးယုက မိုဝူကျီကို တီးတိုးပြောပြလိုက်သည် "ဒီလူက အစေခံတပည့်တွေကို တာဝန်ယူအုပ်ချုပ်နေတဲ့ တာဝန်ခံ ဝူခိုင်းတဲ့.....သူ့ကို ရှင့်အကြောင်း ပြောပြထားတယ်.... အဲ့ကြောင့် စိတ်မပူနဲ့....."
ပြောလိုက်ပြီးနောက် ချင်ရှန်းယုက တံခါးခေါက်လိုက်သည်။ ခဏအကြာတွင် တံခါးက ပွင့်လာလေ၏။ ဆံပင်ဖို့ရိုးဖားရားနှင့် မိန်းမငယ်လေး ထွက်ပေါ်လာကာ သူမခြေလှမ်းများက ပုံမှန်မဟုတ်သလို မျက်နှာတွင်လဲ အနီရောင် သမ်းနေလေ၏။
မိုဝူကျီက စိတ်ထဲတွင် ကျိန်ဆဲမိလိုက်၏။ သူက အရူးတစ်ယောက်မဟုတ်ပေ။ တချက်တည်းဖြင့် သူနှင့် ချင်ရှန်ုးယုက ဝူခိုင်း၏ ပျော်စရာ အချိန်လေးများကို နှောင့်ယှက်မိကြောင်း သိလိုက်၏။
ဝူခိုင်းက ကြမ်းကြုတ်ဟန် မျက်နှာနှင့် သက်လတ်ရွယ် အမျိုးသားတစ်ယောက်ဖြစ်၏။ သူ့မျက်လုံးများက မှေးကာ နှုတ်ခမ်းက ငေါထွက်နေ၏။ ရှင်းရှင်းပြောရလျှင် ရုပ်ဆိုးသော သူတစ်ယောက် ဖြစ်လေ၏။ မိုဝူကျီ ဝင်လာသည်ကို မြင်သောအခါ သူ့အမူအယာက ပို၍ပင် ရုပ်ဆိုးလာကာ မျက်လုံးတွင်လဲ စိတ်မရှည်မှု အရိပ်အယောင်များကို မြင်တွေ့နေရ၏။ သို့သော်လည်း သူက ချင်ရှုန်းယုကို မြင်သောအခါ သူ့၏ စိတ်မရှည်သည့် အမူအယာကို ချက်ချင်း ဖုံးကွယ်ထားလိုက်ပြီး ရယ်မောကာ မေးလိုက်၏ ""ဂျူနီယာ ချင်က ကျွန်တော့်ကို လာရှာတာလား....
ချင်ရှန်ုးယုက ပြုံးကာ ဘာမှ မပြောခင် ခါးညွှတ်နှုတ်ဆက်လိုက်လေ၏ "တာဝန်ခံ ဝူ....ဒါက ကျွန်မရဲ့ မိတ်ဆွေ မိုဝူကျီပါ.... နောင်ကျ သူက ရှင့်လက်အောက်မှာ အလုပ် လုပ်လိမ့်မယ်..... တာဝန်ခံဝူ သူ့ကို စောင့်ရှောက်ပေးပါဦး......"
ဝူခိုင်းက တက်တက်ကြွကြွ ရယ်မောရင်း ပြောလိုက်လေသည် "ဒါပေါ့ ဒါပေါ့.... အစားအစာ ဌာနက အခုတလော လူတွေ လိုနေတာ သူအဲမှာ လုပ်လို့ရတယ်.....အဲမှာဆိုရင် အေးအေးဆေးဆေးနဲ့ ကောင်းကောင်းစား ကောင်းကောင်းနေနိုင်လိမ့်မယ်..... ဒါက ဝတဲ့ အလုပ်ပေါ့ဗျာ"
မိုဝူကျီက မျက်မှောင်ကျုတ်ကာ သူကား ဝက်မဟုတ်ပေ။ ထို့ကြောင့် ကောင်းကောင်းစားသောက်ရန် မလိုချေ။ ထို့အပြင် သူသည် အစားအစာဌာနတွင် ထိုမျှစားသောက်ရလိမ့်မည် မဟုတ်လောက်ပေ။ သူက ချက်ပြုတ်ရမည့်သူ သာ ဖြစ်နေလိမ့်မည်။
ချင်ရှန်ုးယုက မိုဝူကျီအကြောင်းကို အနည်းငယ် နားလည်၏။ သူမသည် မိုဝူကျီက သဏ္ဍာန်မဲ့နတ်ဓားဂိုဏ်းသို့ ဝင်ရောက်လာခြင်းမှာ အစားအစာအတွက် မဟုတ်ကြောင်း သိ၏။ မိုဝူကျီက ကျင့်ကြံခြင်းအကြောင်း ပို၍ နားလည်လိုသောကြောင့်သာ ဂိုဏ်းသို့ ဝင်ကာ အစေခံတပည့်လုပ်ရန် ဆန္ဒရှိခြင်း ဖြစ်လေ၏။
မျှဝေအိမ်ရာတွင် မိုဝူကျီက အမြဲတမ်း ကျင့်ကြံခြင်းအကြောင်း လေ့လာစုံစမ်းနေလေ့ရှိသည်။ ထို့မှတဆင့် သူမက ကျင့်ကြံခြင်းအပေါ် သူ့၏ စိတ်ဝင်စားမှုကို မှန်းဆမိလေ၏။
"တာဝန်ခံဝူ..... တခြားနေရာတွေရော မရှိတော့ဘူးလား.... ကျင့်စဉ်ခန်းမကို သန့်ရှင်းရေး လုပ်ရတာမျိုး ဖြစ်ဖြစ်ပေါ့....." ချင်ရှန်ုးယုက အစေခံဌာနအကြောင်း သေချာမသိပေ။ သို့သော် မိုဝူကျီက ကျင့်ကြံခြင်းကို စိတ်ဝင်စားသောကြောင့် ကျင့်စဉ်ခန်းမ သန့်ရှင်းရေးက သူ့အတွက် ကောင်းပေလိမ့်မည်။
ဝူခိုင်းက အားနာစွာ ပြောလိုက်လေ၏ "နည်းနည်း ခက်ခဲမှာကို စိုးရိမ်မိပါ့..... ဒီနေရာက ပြည့်သွားပြီ.... သူ့အတွက်နဲ့ အဲလူကို ဖယ်ထုတ်လို့ မရဘူးလေ......"
အကယ်၍ ချင်ရှုန်းယုရဲ့ မောင်လေးက သဏ္ဍာန်မဲ့နတ်ဓားဂိုဏ်းက ထိပ်တန်းပါရမီရှင်ဆယ်ယောက်ထဲမှ မဟုတ်ပါက သူမကို ထိုမျှ ပြောပြနေစရာ မလိုပေ။ ချင်ချန်း မရှိလျှင် သူမကဲ့သို့ အပြင်စည်း တပည့်အား ထည့်မတွက်သင့်ပေ။
မိုဝူကျီက ချင်ရှန်ုးယု၏ ရည်ရွယ်ချက်ကောင်းကို နားလည်သော်လည်း သူကား အစေခံသာသာမျှ မဖြစ်ချင်ပေ။ သူသည် အခွင့်အရေးကောင်းရကာ တပန်းသာသော လူဖြစ်ချင်၏။
မိုဝူကျီက ဝူခိုင်းသည် ထိုသို့ ပြောနေခြင်းမှာ သူ့အား မကူညီချင်မှန်း သိသာနေ၏။ ထို့အပြင် သူတို့ တံခါးခေါက်လိုက်သည့်အခါ သူ့၏ ပျော်စရာအချိန်များကို နှောင့်ယှက်မိလိုက်၏။
ထိုအရာကို တွေးမိပြီး မိုဝူကျီက ချင်ရှုန်းယုကို တည့်တည့်ပြောလိုက်သည် "စီနီယာအစ်မချင်..... အလုပ်မများဘူးလား.... အရင်ပြန်နှင့်လိုက်ပါ့လား... ကျွန်တော်ပဲ တာဝန်ခံနဲ့ ထပ်ပြောကြည့်လိုက်ပါ့မယ်......"
ချင်ရှုန်းယုက မိုဝူကျီကို အံ့ဩတကြီး ကြည့်လိုက်လေ၏။ ဝူခိုင်းအသံမှ ဝူခိုင်းသည် မိုဝူကျီအား ကူညီရန် ဆန္ဒမရှိကြောင်း ရှင်းလင်းနေ၏။ လက်တွေ့တွင် အကယ်၍ ဝူခိုင်းသာ သူမကို မကူညီပါက သူမတွင် အကူညီမဲ့လှ၏။ သူမသည်လည်း သဏ္ဍာန်မဲ့နတ်ဓားဂိုဏ်းသို့ ဝင်ရောက်နိုင်ခြင်းမှာ သူမ မောင်လေးကြောင့်သာ ဖြစ်ကာ သူမအရည်အချင်းကြောင့် မဟုတ်ပေ။
ဝူခိုင်းက စိတ်ထဲတွင် လှောင်ပြောင်လိုက်သော်ငြား အပြင်ဘက်တွင် ပျူဌာဖော်ရွေသည့်ပုံစံဖြင့် ပြောလိုက်လေ၏ "ဂျုနီယာညီမလေးချင်..... စိတ်မပူပါနဲ့ ...နောင်ကျ သူက ကျွန်တော့်လူတွေထဲက တစ်ယောက်ဖြစ်လာမှာပဲလေ..... ဒါပေါ့ ဂရုစိုက်ရမှာပေါ့....."
"ဟုတ်ပြီ....အဲဆို ကျွန်မ သွားနှင့်တော့မယ်.....အစ်ကိုမို... တစ်ခုခု လိုအပ်ရင် ကျွန်မကို လာရှာပေးပါနော်....." သူမ ထွက်မသွားခင် ချင်ရှန်ုးယုက မိုဝူကျီကို သတိပေးလိုက်လေ၏။
မိုဝူကျီက ချင်ရှန်ုးယုနှင့် ဆက်ဆံရေးကို အမှီပြုပြီး သဏ္ဍာန်မဲ့နတ်ဓားဂိုဏ်းတွင် ဝင်ခွင့်ရခဲ့၏။ ထို့အပြင် ချင်ရှန်ုးယုကား လူသစ်သာ ဖြစ်သေးသည့်အတွက် လုပ်ပိုင်ခွင့် အာဏာမရှိချေ။ ထို့ကြောင့် မိုဝူကျီက သူမအား ထိုကိစ္စနှင့် ပတ်သတ်ပြီး ဒုက္ခမပေးလိုပေ။
ချင်ရှုန်းယု ထွက်သွားပြီးနောက်တွင် ဝူခိုင်း၏ အပြုံးကား ချက်ချင်းပင် ပျောက်ကွယ်သွားကာ အလေးမထားဘဲ ပြောလိုက်လေ၏ "တကယ်တမ်း ငါတို့မှာ အစေခံတပည့်တွေ လုံလုံလောက်လောက် ရှိတယ်.... ဂျူနီယာညီမလေးချင်ကြောင့်သာ မဟုတ်ရင် မင်းက ဂိုဏ်းကိုတောင် ဝင်နိုင်မှာ မဟုတ်ဘူး..... အစားအစာဌာနသာ ဝင်လိုက်တော့..."
မိုဝူကျီက ပြုံးလိုက်လေ၏။ သူက အေးအေးဆေးဆေး ထိုင်လိုက်ပြီးတော့ သူ့နောက်ကျောတွင် ရှိနေသည့် ယန်အာကို ညွှန်ပြကာ "တာဝန်ခံဝူ.... ခင်ဗျား မြင်တဲ့အတိုင်း ကျွန်တော်မှာ နေမကောင်းတဲ့သူ ပါလာတယ်....ပြီးတော့ ကျွန်တော်က ဆေးဖော်စပ်ခြင်းအကြောင်း သိတယ် ကိုယ်ပိုင် ဆေးဖော်စပ်ရေး ကိရိယာတွေပါ ပါလာတယ်.... တာဝန်ခံဝူက ကျွန်တော်ကို ဆေးဥယျာဉ်မှာ အလုပ်တာဝန်ချပေးဖို့ မျှော်လင့်ပါတယ်.... ပြီးတော့ ကျွန်တော်က အစွန်းအဖျားက သီးခြားနေရာမှာ နေချင်တယ် အဲကြောင့် တစ်ယောက်တည်း နေချင်တယ်....."
ဝူခိုင်းက စိတ်ထဲတွင် သရော်လိုက်သည်။ ကြည့်ရသည်မှာ ဤလူက သူကိုယ်သူ အရေးပါလှပြီဟု ထင်နေဟန် ရ၏။ နိမ့်ကျသော အစေခံက ထိုသို့သော တောင်းဆိုချက်များစွာကို ပြုလုပ်ရဲ၏။ လက်တွေ့တွင် အစေခံတပည့်များက တစ်ယောက်တည်း နေခွင့်ရသော်လည်း သူက သူနေချင်သည့်နေရာကို ပြန်ရွေးချယ်ချင်သေးသည်လား...... ထို့အပြင် သူက သူလုပ်ရမည့် အလုပ်ကိုပင် ရွေးနေသေး၏။
မိုဝူကျီက ဝူခိုင်း၏ တုံ့ပြန်မှုကို မစောင့်ဘဲ သားရေအိတ်ကို ထုတ်ယူကာ ဝူခိုင်းရှေ့တွင် ချပေးလိုက်ရင်း ပြောလိုက်၏ "တာဝန်ခံဝူ.... ဒါက ပင်လယ်ကျားသစ်ပျံဥပါ.... တာဝန်ခံဝူက ကျွန်တော့် တောင်းဆိုချက်တွေ လက်ခံပေးလို့ ကျေးဇူးအရမ်းတင်ပါတယ်.... အဲကြောင့် ကျွန်တော့် ကျေးဇူးတင်မှုကို ပြသည့်အနေနဲ့ တာဝန်ခံဝူကို ဒီဥလေး လက်ဆောင်ပေးပါ့ရစေ...."
မိုဝူကျီက ထိုစကားများကိုပြောဖို့ရန် ခက်ခဲသောအချိန်များ ရှိခဲ့၏။ သို့သော် နေရာ တစ်နေရာစာ ရရန်အတွက် သူသည် အပေးအယူလုပ်ရန် လိုအပ်လေ၏။ လူများက စွမ်းဆောင်ရည် ကင်းမဲ့သောအခါ သူတို့သည် အမျိုးမျိုးသော အပေးအယူမျိုးကို တွေ့ကြုံဖို့ လိုအပ်လှ၏။ မိုဝူကျီက ကမ္ဘာမြေပေါ်တွင် ထိုသင်ခန်းစာနှင့် ပတ်သတ်ပြီး နက်ရှိင်းစွာ နားလည်ခဲ့၏။
"ပင်လယ်ကျားသစ်ပျံလား...." ဝူခိုင်းက မိုဝူကျီကို လှောင်ပြောင်သရော်ရန် ရည်ရွယ်ထားသော်ငြား စကားလုံးများကို မျိုချလိုက်ရ၏။ သူက သားရေအိတ်ကို ယူလိုက်ပြီး ဖွင့်ကြည့်လိုက်သည်။
မကြာခင်တွင် သူ့မျက်လုံးတွင် လောဘစိတ်များ ထင်ဟပ်လာလေ၏။ ထိုသည်က အမှန်တကယ်ပင် ပင်လယ်ကျားသစ်ပျံ၏ ဥ ဖြစ်ကာ ဥအတွင်းမှ ရှင်သန်မှုကိုပင် အာရုံခံမိ၏။
ပင်လယ်ကျားသစ်ပျံဥကား အလွန်အမင်း အဖိုးတန်လေ၏။ ပင်လယ်ကျားသစ်ပျံသည် သန်မာရုံသာမက ရှာတွေ့ဖို့ရန်လဲ ခက်ခဲလှ၏။ အကယ်၍ ပင်လယ်ကျားသစ်ပျံကို ရှာမတွေ့နိုင်လျှင် ဥဆိုသည်မှာ ဝေးလာဝေးဖြစ်၏။ ပင်လယ်ကျားသစ်ပျံဥရှိခြင်းသည် သူ့တွင် သားရဲပျံတစ်ကောင် ရှိခြင်းပင် ဖြစ်သည်။ အကယ်၍ သူ အသုံးမပြုလျှင်ပင် ပြန်လည်ရောင်းချနိုင်၏။
ဤပင်လယ်ကျားသစ်ပျံဥ က ဝူခိုင်းကို များစွာ သွေးဆောင်ဖြာယောင်းနေလေ၏။
"ညီလေး မင်းကို ဘယ်လိုခေါ်ရမလဲ...." အခုချိန်မတိုင်ခင်အထိ ဝူခိုင်းက မိုဝူကျီ၏ အမည်ကိုပင် မမေးခဲ့ချေ။
"မိုဝူကျီပါ...." မိုဝူကျီက ဝူခိုင်းနှင့် စကားစမြည် မပြောလိုသောကြောင့် တိုတိုတုတ်တုတ်သာ ပြန်ပြောလိုက်၏။
သားရေအိတ်ကို ယူထားပြီး ဝူခိုင်းက ရယ်မောရင်း ပြောလိုက်လေ၏ "ဂျူနီယာချင် ထောက်ခံပေးထားတဲ့လူက ကျွန်တော်မိတ်ဆွေပဲပေါ့.... တကယ်တမ်း ဆေးဥယျာဉ်မှာ အလုပ်ရှိသေးတယ်.....ဒါပေမဲ့လဲ ညီလေးမိုကို အဲမှာမလုပ်စေချင်ဘူး.... အဲမှာဆိုရင် အားလပ်ချိန်ရမှာ မဟုတ်တော့ဘူး...."
"တာဝန်ခံဝူ.... ကျွန်တော်အဖော်က အရမ်းကို နေမကောင်းဖြစ်နေတယ်..... အဲကြောင့် ဆေးတွေနဲ့ ဆေးလုံးများအကြောင်း သင်ယူချင်လို့ပါ....." မိုဝူကျီက ပြောလိုက်၏။
ဝူခိုင်းက ပြုံးကာ တိုးတိုးလေး ပြောလိုက်သည် "ညီလေးမို.....တကယ်လို့ ဆေးအကြောင်း သင်ယူချင်ရင် ဘာလို့ ဆေးဖော်စပ်ခန်းမှာ အလုပ် မလုပ်တာလဲ....."
"ဆေးဖော်စပ်ခန်းလား...." မိုဝူကျီက တွေဝေစွာ မေးလိုက်၏။ သူသည် အမှန်တကယ် နားမလည်ပေ။
ဝူခိုင်းက လေးလေးနက်နက်ပုံစံဖြင့် ပြောလိုက်လေသည် "ဆေးဖော်စပ်ခန်းက ငါတို့ဂိုဏ်းရဲ့ ဆေးဆရာအလုပ်ပေါ့.... သူတို့ ဆေးပင်တွေ လိုအပ်တိုင်း သူတို့က ကိုယ်တိုင် သွားယူစရာ မလိုဘူး သူတို့ရဲ့ လူကို ခေါ်လိုက်ရုံပဲ.....အရေးကြီးဆုံးက သူတို့က ဆေးလုံးကို နေ့တိုင်း မဖော်စပ်ဘူး...... သူတို့က တစ်လတစ်ခါလောက်ပဲ လုပ်ကြတာ... အဲမှာ လုပ်ရင် မင်းမှာ အချိန်အများကြီး အားလိမ့်မယ်....ပြီးတော့ မင်းလဲ ဆေးအကြောင်း သင်ယူလို့ ရလိမ့်မယ်....."
မိုဝူကျီက အူမြူးနေကာ ပင်လယ်ကျားသစ်ပျံဥကို ပေးလိုက်ရခြင်းက အမှန်တကယ် ထိုက်တန်၏။ ထိုနေရာကား သူ့အတွက် ပြုလုပ်ထားသည့်နေရာ ဖြစ်ရမည်။
"တာဝန်ခံဝူ....ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်..... ကျွန်တော် ဆေးဖော်စပ်ခန်းကို သွားလိုက်ပါ့မယ် နောင်ကျရင်လဲ ကျွန်တော်ကို စောင့်ရှောက်ဖို့ တာဝန်ခံဝူကိုပဲ ဒုက္ခပေးရဦးမယ်......" မိုဝူကျီက ကျေးဇူးတင်စွာ ပြောလိုက်လေသည်။
ဝူခိုင်းက လက်ပြလိုက်ကာ "ဒါက ဘာမှ မဟုတ်ပါဘူး...... မင်းကို နေဖို့ရာ စီစဉ်ပေးမယ်....သေချာပေါက် မင်းနေချင်တဲ့ တိတ်တိတ်ဆိတ်ဆိတ် နေရာမျိုးပေါ့..... ပြီးတော့ မင်းကို ဆေးဖော်စပ်ခန်း ၁၉ ကို ပို့ပေးမယ် အဲဒါကို သုံးတဲ့သူ လူနည်းနည်းပဲ ရှိတာ....."